မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ကြီးမှူးပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်မည် - မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ကြီးမှူးပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်မည်

မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ကြီးမှူးပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်မည်

ပြန်ကြားရေးဝန်ကြီးဌာန/ ရန်ကုန် / January 11, 2019
image_latest


ရန်ကုန် ဇန်နဝါရီ ၁၀

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA)က ကြီးမှူးပြီး ပထမအကြိမ်ကျင်းပသည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု Star Awards ချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Even Park ၌ ဧပြီ ၅ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်ရှိ The Yangon Gallery ၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
▲▲အသိအမှတ်ပြု▲▲
မြန်မာ့ရုပ်ရှင် Star Awards ဆုရွေးချယ်ရေးကော်မတီမှ ပြန်ကြားရေးမှူး ကိုသာဇော်က “ဒီ Star Awards ပွဲကို လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက ဦးဝင်းငြိမ်းတို့၊ ဦးမြတ်ခိုင်တို့၊ ဦးဟိန်းလတ်တို့ ဂျာနယ်ခေတ်စတင်ချိန် ကတည်းကစပြီး အကောင်အထည်ဖော်ချင်ခဲ့တာပါ။ အခုလုပ်ခွင့်ရလာတဲ့ အခါကျတော့ အကောင်အထည်ဖော်တဲ့ သဘောပဲ၊ နိုင်ငံတကာ မှာလည်း နိုင်ငံအသီးသီး မှာရှိတဲ့ သတင်း စာဆရာတွေအနေနဲ့ အလားတူဆုတွေ ရွေးချယ်ပြီး ချီးမြှင့်တဲ့နည်းတူ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းကလည်း မြန်မာ့ရုပ်ရှင်လောက တိုးတက်ရေး၊ ရုပ်ရှင်လောကသားတွေရဲ့ထူးချွန် ပြောင်မြောက်တဲ့ စွမ်းဆောင်မှုတွေကို အသိအမှတ်ပြုအားပေးတဲ့အနေနဲ့ဒီဆုကိုပေးဖို့စီစဉ်ခဲ့တာ ဖြစ်ပါတယ်”ဟု ပြောသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုStar Awards ဆုကို မြန်မာနိုင်ငံသတင်း စာဆရာအသင်းက ကြီးမှူးပြီး Organizer အနေဖြင့် Stellar Seven Entertainment က ပူးပေါင်းဆောင် ရွက်ခြင်းဖြစ်ေ ကြာင်း သိရသည်။
▲▲စီစဉ်ပံ့ပိုးပေး▲▲
Stellar Seven Entertainment မှ Lynn Whut Hmone က “သတင်းစာဆရာအသင်းက ကြီးမှူးပြီး ဆုရွေးချယ်တဲ့အပိုင်းတာဝန်ယူတယ်၊ ကျွန်မတို့ Stellar Seven ကတော့ ဒီပွဲကိုစီစဉ်ပေးတဲ့ အပိုင်းပေါ့၊ လိုအပ်တဲ့ အပိုင်းကနေ စီစဉ်ပံ့ပိုးပေးမယ်၊ နေရာထိုင်ခင်းကအစ၊ ဖိတ်စာဖိတ်တာ၊ လက်မှတ်ရောင်းတာကအစ စီစဉ်ပေးမှာပါ”ဟု ပြောသည်။
အဆိုပါ ဆုချီးမြှင့်ပွဲတွင် ၂၀၁၈ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကား ၈၃ ကားအနက်မှ ဆန်ခါတင်ဇာတ်ကား ၂၀ ကို ဆု ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များ၏ မဲစနစ်ဖြင့် ရွေးချယ်ကာ ဇာတ်လမ်းဆု၊ အကောင်းဆုံးဓာတ်ပုံဆု၊ ဒါရိုက် တာဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ပို့ဆု၊ အမျိုးသားဇာတ်ပို့ဆုများ အပါအဝင် ဆုအမျိုးအစား ၁၅ ဆုကို ပေးအပ်သွားမည်ဖြစ်ပြီး ဆုတစ်ဆုလျှင် ကျပ်သိန်း ၅၀ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
▲▲ရွေးချယ်ချီးမြှင့်သွားမည်▲▲
ထိုသို့ ဆုများရွေးချယ်ရန် သတ်မှတ်ရာတွင်လည်း ဆန်ခါတင်ရုပ်ရှင်ဇာတ်ကားများကို အဖွဲ့ဖြင့် တစ်ကားချင်းကြည့်ရှုကာ ရုပ်ရှင်ပညာရှင်များ၊ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်းမှ ဆုရွေးချယ်ရေး ကော်မတီများ၏ အကဲဖြတ်အမှတ်များဖြင့် ရွေးချယ်ချီးမြှင့်သွားမည် ဖြစ်သည့်အပြင် ရုပ်ရှင်ဝါသနာရှင်များ၊ ရုပ်ရှင်ကြည့် ပရိသတ်များက ပေးသောမဲများဖြင့် ရွေးချယ်ချီးမြှင့်မည့်ဆုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
သရုပ်ဆောင် ကိုလွင်မိုးက “ဒီသတင်းကြားကတည်းက တော်တော်လေးကို ပီတိဖြစ်မိပါတယ်။ ကျွန်တော်တို့ ရုပ်ရှင်လောကအတွက် ပံ့ပိုးမှုတစ်ခုပါ။ ဒီဆုကိုပေးတဲ့သူတွေက ဟိုးအရင်ကတည်းက ကျွန်တော်တို့ ရှေ့မှာရှိခဲ့တဲ့ ရုပ်ရှင်လောကသားတွေနဲ့အတူ လက်တွဲလာခဲ့တဲ့ စာနယ်ဇင်းဆရာကြီးတွေပဲဖြစ်ပါတယ်။ သူတို့က ရုပ်ရှင်နဲ့ပတ်သက်ရင် ပံ့ပိုးပေးခဲ့သူ တွေပဲဖြစ်ပါတယ်။ ဒီဆုကို စာနယ်ဇင်းဆရာတွေက ရွေးချယ်ပေးမယ်ဆိုတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
▲▲အလှူငွေပေးအပ်▲▲
အခမ်းအနားတွင် မြန်မာ့ရုပ်ရှင် Star Awards ဆုရွေးချယ်ရေး ကော်မတီမှမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ အလှူငွေကျပ်သိန်း ၁၅၀၊ ကိုလူချောများအဖွဲ့သို့ အလှူငွေကျပ်သိန်း ၁၀၀၊ ကွယ်လွန်သွားပြီဖြစ်သည့် သရုပ်ဆောင် ကိုမင်းစိန်၏ ကျန်ရစ်သူမိသားစုအတွက် အလှူငွေကျပ် ၁၀ သိန်း၊ ဆေးရုံတက်ရောက်ကုသနေသည့် သရုပ်ဆောင် ကစ်ကစ်အတွက် အလှူငွေကျပ် ၁၀ သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
သီသီမင်း
 

အထူးသတင်း
  • ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဒီဇင်ဘာလထိ) (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၈၁၄၃ သန်း ဆောင်ရွက်နိုင်၊ ယခင်ဘဏ္ဍာနှစ်ကာလ တူထက် အမေရိကန်ဒေါ်လာ ၁၂၆ သန်း ပိုမို ဆောင်ရွက်နိုင်ခဲ့
  •           
  • နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၏ ရေပေးဝေရေးလုပ်ငန်းမှ စီးပွားရေးလုပ်ငန်းသုံးရေမီတာများအား ရေဖိုးရေခပြောင်းလဲကောက်ခံမည်
  •           
  • ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက်အထိ မူးယစ်ဆေးဝါးအမှု ၂၁၉ မှု ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။
  •           
  • လေရှီးမြို့၌ ၂ဝ၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
  •