ခေတ်မီအိုင်စီတီနည်းပညာသုံး အွန်လိုင်းရက်ချိန်းကြိုတင်လျှောက်ထားမှုစနစ်နှင့် ထောက်ခံ ချက် လက်မှတ်စီမံခန့်ခွဲမှု စနစ်အား စတင်အသုံးပြုခြင်းဆိုင်ရာ မိတ်ဆက်ပွဲအခမ်းအနား ကျင်းပ - ခေတ်မီအိုင်စီတီနည်းပညာသုံး အွန်လိုင်းရက်ချိန်းကြိုတင်လျှောက်ထားမှုစနစ်နှင့် ထောက်ခံ ချက် လက်မှတ်စီမံခန့်ခွဲမှု စနစ်အား စတင်အသုံးပြုခြင်းဆိုင်ရာ မိတ်ဆက်ပွဲအခမ်းအနား ကျင်းပ

ခေတ်မီအိုင်စီတီနည်းပညာသုံး အွန်လိုင်းရက်ချိန်းကြိုတင်လျှောက်ထားမှုစနစ်နှင့် ထောက်ခံ ချက် လက်မှတ်စီမံခန့်ခွဲမှု စနစ်အား စတင်အသုံးပြုခြင်းဆိုင်ရာ မိတ်ဆက်ပွဲအခမ်းအနား ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 11, 2019
image_latest


နေပြည်တော် ဇန်နဝါရီ ၁၁

နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သော ခေတ်မီအိုင်စီတီနည်းပညာသုံး အွန်လိုင်းရက်ချိန်း ကြိုတင်လျှောက်ထားမှုစနစ် (Online Booking System) နှင့် ထောက်ခံချက် လက်မှတ် စီမံခန့်ခွဲမှု စနစ်အား (Certificate Information Management System) စတင် အသုံးပြုခြင်းဆိုင်ရာ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူများ နေ့စဉ် စားသောက်သုံးစွဲနေရသော အစားအသောက်နှင့် အလှကုန်ပစ္စည်းများ၊ နေထိုင်မကောင်းသည့် အခါသောက်သုံးရသည့် ဆေးဝါးများနှင့် ဆေးဘက် ဆိုင်ရာ ကိရိယာပစ္စည်းများ အရည်အသွေး ပြည့်မီစစ်မှန်၍ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဆောင်ရွက်လျက် ရှိသော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ လုပ်ငန်းများသည် ပြည်သူများ၏ ကျန်းမာရေးအတွက် လွန်စွာအရေးကြီးပါကြောင်း၊ စားသောက်ကုန်များနှင့် ဆေးဝါးများတွင် ဘေးအန္တရာယ်ဖြစ်နိုင်သည့်အရာများ အနည်းငယ် မျှပါဝင်လျှင် စားသုံးသူတို့၌ ရေရှည်တွင် မကူးစက်တတ်သော ရောဂါများ အပါအဝင် ရောဂါဘယများ ဖြစ်ပွားမည်ဖြစ်ပါ ကြောင်း။

ယခုအခါ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခေတ်မီအိုင်စီတီနည်းပညာသုံး အွန်လိုင်းရက်ချိန်း ကြိုတင် လျှောက်ထားမှုစနစ်နှင့် ထောက်ခံချက်လက်မှတ် စီမံခန့်ခွဲမှုစနစ် တို့အား စတင်အသုံးပြုမည်ဖြစ်သဖြင့် လုပ်ငန်းဆောင်ရွက် မှုများမှာ ပိုမိုလွယ်ကူမြန်ဆန်တိကျ လာမည်ဖြစ်ပါကြောင်း၊ ထို့အတွက် အလှကုန်ပစ္စည်းများနှင့် ဆေးပစ္စည်းများ ထုတ်လုပ် တင်သွင်းရောင်းချသူများ အနေဖြင့်လည်း လုပ်ငန်းများ ပိုမိုမြန်ဆန်လာမည်ဖြစ်သဖြင့် အဆိုပါ လုပ်ငန်းများတွင် လုပ်ကိုင်သူများ၏ အကျိုးစီးပွားပါ ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ အဆိုပါ စနစ်များ လက်တွေ့အသုံးပြုပြီးနောက် အားနည်းချက်နှင့် လိုအပ်ချက်များရှိပါက အသုံးပြုသူများ၏ အကြံပြုချက်များနှင့်အညီ အသုံးပြုရအလွယ်ကူ အရိုးရှင်းဆုံး ဖြစ်စေရန် မွမ်းမံပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်က ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းများအတွက် ထောက်ခံချက်ရယူရန် ခေတ်မီအိုင်စီတီနည်းပညာသုံး အွန်လိုင်းရက်ချိန်း ကြိုတင်လျှောက်ထားမှုစနစ် (Online Booking System) ကို ဇန်နဝါရီလတွင်လည်းကောင်း၊ ထောက်ခံချက် လက်မှတ် စီမံခန့်ခွဲမှု စနစ်အား (Certificate Information Management System) အား ဖေဖော်ဝါရီလတွင် လည်းကောင်း စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ဦးစီးဌာနအနေဖြင့် လစဉ်စားသောက်ကုန် အမျိုးအစား ၁၆၀၀ ခန့်၊ အလှကုန် အမျိုးအစား ၇၅၀ မှ ၁၀၀၀ ခန့်၊ ဆေးဝါး ၅၀၀ မှ ၇၅၀ ခန့်နှင့် ဆေးပစ္စည်းကိရိယာ ၁၅၀ဝမှ ၂၀၀၀ ခန့်တို့ကို စစ်ဆေးပေး လျက်ရှိပြီး စည်းမျဉ်း စည်းကမ်းများနှင့်အညီ အတတ်နိုင်ဆုံး မြန်ဆန်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ခေတ်မီအိုင်စီတီနည်းပညာသုံး အွန်လိုင်းရက်ချိန်း ကြိုတင်လျှောက်ထားမှု စနစ်နှင့် ထောက်ခံချက် လက်မှတ်စီမံခန့်ခွဲမှုစနစ် တို့နှင့်ပတ်သက်၍ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနွယ်ဦးနှင့် တာဝန်ရှိသူ များက ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းကြ ရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။

ခေတ်မီအိုင်စီတီနည်းပညာသုံး အွန်လိုင်းရက်ချိန်း ကြိုတင်လျှောက်ထားမှုစနစ်နှင့် ထောက်ခံ ချက် လက်မှတ်စီမံခန့်ခွဲမှု စနစ်တို့အား Solution Hub ကုမ္ပဏီမှ နည်းပညာကူညီပံ့ပိုးမှုဖြင့် ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းများအတွက် ထောက်ခံချက်ရယူရန် အွန်လိုင်းရက်ချိန်း ကြိုတင်လျှောက်ထားမှု ပြုလုပ်လိုသူများ အနေဖြင့် www.fdamyanmar.gov.mm (သို့မဟုတ်) www.onlineservices.fda.gov.mm တွင် ဝင်ရောက် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)

အထူးသတင်း
  • အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ရန်ကုန်ရုံးခွဲ ဖွင့်လှစ်
  •           
  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပူတာအိုမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ
  •           
  • စတုတ္ထအကြိမ် Animation Workshop သို့ လူငယ် ၅၀ ကျော် စိတ်ဝင်စားစွာတက်ရောက်ခဲ့
  •           
  • အရပ်ဘက်ပစ်မှတ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့် အကြမ်းဖက်လုပ်ရပ်များ AA အဖွဲ့ လုပ်ဆောင်လာ
  •