ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းထားမှု ကမ္ဘာ့ အမွေအနှစ် ကော်မတီဝင်နိုင်ငံများမှ တာဝန်ရှိသူများအား ရှင်းလင်းတင်ပြ - ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းထားမှု ကမ္ဘာ့ အမွေအနှစ် ကော်မတီဝင်နိုင်ငံများမှ တာဝန်ရှိသူများအား ရှင်းလင်းတင်ပြ

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းထားမှု ကမ္ဘာ့ အမွေအနှစ် ကော်မတီဝင်နိုင်ငံများမှ တာဝန်ရှိသူများအား ရှင်းလင်းတင်ပြ

Ministry of Information/ ရန်ကုန် / April 13, 2019
image_latest


ရန်ကုန် ဧပြီ ၁၂

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်း ထားမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတွင်ရှိသည့် ကမ္ဘာ့အမွေအနှစ်ကော်မတီဝင် ၂၁ နိုင်ငံဆိုင်ရာ မြန်မာသံရုံးများမှ သံအမတ်များနှင့် တာဝန်ရှိသူများ၊ အလှူရှင်နိုင်ငံများမှ တာဝန်ရှိသူများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ အမျိုးသားပြတိုက်၌ ကျင်းပသည်။

▲တက်ရောက်▲

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ကမ္ဘာ့အမွေအနှစ် ကော်မတီဝင် ၂၁ နိုင်ငံဆိုင်ရာ မြန်မာသံရုံးများမှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ၊ အလှူရှင်နိုင်ငံများဖြစ်သည့် ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယ၊ ဂျာမနီ၊ အီတလီ၊ ကိုလံဘီယာ၊ ဆွစ်ဇာလန်၊ ကနေဒါ၊ ပြင်သစ်၊ အမေရိကန်နိုင်ငံတို့မှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ၊ ယူနက်စကို၊ JICA နှင့် ကမ္ဘာ့ဘဏ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နှလုံးသားထဲက ပုဂံဓာတ်ပုံပြပွဲ ဖြစ်မြောက်ရေးအဖွဲ့ တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးကြည်မင်းက မိမိတို့တိုင်းပြည်၏ တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာနေရာများထဲတွင် တစ်ခုအပါ အဝင်ဖြစ်သည့် ပုဂံဒေသ ရှေးဟောင်းအဆောက်အအုံများသည် နိုင်ငံတော်အဆင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုဒေသ ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသ၏ အဆိုပြုလွှာစာတွဲကိုကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်သွင်းခဲ့ပြီး နိုင်ငံတကာပညာရှင်များလည်း လာရောက်ကွင်းဆင်းစစ်ဆေး ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်မှစ၍ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ထိန်းသိမ်းစောင့် ရှောက်ရန်နှင့် နိုင်ငံ၏ဂုဏ်သိက္ခာ မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဒေသခံများနှင့် ဒေသတွင်းအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ယူနက်စကိုတို့နှင့်အတူ ပူးပေါင်းဆောင်ရွက် ခဲ့ပါကြောင်း။

▲များစွာမျှော်လင့်ထား▲

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင် ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ကျင်းပမည့် (၄၃) ကြိမ်မြောက်ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်း အဝေးတွင် ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဆုံးဖြတ် မည့်ကိစ္စကိုလည်း မိမိတို့အနေဖြင့် များစွာ မျှော်လင့်ထားပါကြောင်း၊ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွက် ပြီးပြည့်စုံသော အဆိုပြု စာတမ်းကို အောင်မြင်စွာ တင်သွင်းနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သည့် ယူနက်စကို၊ အီတလီနိုင်ငံအစိုးရ၊ ကမ္ဘာ့ဘဏ်နှင့် ပြည်တွင်း ပြည်ပ ပညာရှင်များကိုလည်း အထူးကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းမှု လုပ်ငန်းစဉ်များ၊ ကမ္ဘာ့အမွေအနှစ် ဒေသများဌာနခွဲမှ ညွှန်ကြားရေးမှူးက ပုဂံဒေသ၏ ဂုဏ်ရည်တန်ဖိုး၊ ကမ္ဘာ့ အမွေအနှစ် စာရင်းတင်သွင်းရန် ဆက်လက်ဆောင်ရွက် မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် နှလုံးသားထဲကပုဂံ ဓာတ်ပုံပြပွဲ ဖြစ်မြောက်ရေးအဖွဲ့ ဒီဇိုင်းပညာရှင် ဦးမျိုးဆွေသန်း ကနှလုံးသားထဲကပုဂံ ဓာတ်ပုံပြပွဲခင်းကျင်းပြသမှုနှင့် ပုဂံဒေသအတွက် ဆောင်ရွက်ခဲ့သည်များကို ရှင်းလင်းတင်ပြခဲ့သည်။

သတင်း - မြတ်စန္ဒီ၊ ဓာတ်ပုံ - လှမိုး

အထူးသတင်း
  • ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများလှူဒါန်း
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ယှဉ်ပြိုင်ရန် အာဆီယံနိုင်ငံများမှ အားကစားသမားများ ရောက်ရှိ
  •           
  • ခင်ဦးမြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) ၊ ရှေ့နေ ဒေါ်ဇာခြည်ဝင်း၊ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
  •