ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ် မဟာသင်္ကြန်ရေသဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ အကြိုနေ့ညနေ ပိုင်းမှစတင်ကာ ရေကစားသူများဖြင့် စည်ကား - ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ် မဟာသင်္ကြန်ရေသဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ အကြိုနေ့ညနေ ပိုင်းမှစတင်ကာ ရေကစားသူများဖြင့် စည်ကား

ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ် မဟာသင်္ကြန်ရေသဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ အကြိုနေ့ညနေ ပိုင်းမှစတင်ကာ ရေကစားသူများဖြင့် စည်ကား

Ministry of Information/ ​ရန်ကုန် / April 14, 2019
image_latest


ရန်ကုန် ဧပြီ ၁၃

၁၃၈၁ ခုနှစ် ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်မဟာသင်္ကြန်ရေသဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်၌ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ဖွင့်လှစ်သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နှစ်သစ်ကူးနှုတ်ခွန်း ဆက်စကား ပြောကြားပြီး အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဖျော်ဖြေတင်ဆက်

ယင်းနောက် အနုပညာရှင်များက တေးဂီတများဖြင့်ဖျော်ဖြေပြီး ယိမ်းအဖွဲ့များနှင့် တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ယနေ့ ရန်ကုန်မဟာသင်္ကြန်ရေသဘင်ပွဲတော်အကြိုနေ့၌ ညနေပိုင်းမှစတင်ကာ မြို့တော်ခန်းမအနီး မဟာဗန္ဓုလပန်းခြံရှေ့တွင် လမ်းလျှောက်အတာသင်္ကြန်ပွဲတော် ကျင်းပလျက်ရှိရာ လာရောက်ရေကစားသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် နိုင်ငံခြားသားများလည်း ပါဝင်ဆင်နွှဲလျက်ရှိသည်။

ထို့အတူလသာမြို့နယ် ၁၉ လမ်းရှိ SKY NET ရေကစားမဏ္ဍပ်၊ ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ သျှိုင်းမြန်မာ့ရိုးရာရေကစားမဏ္ဍပ်၊ ဗိုလ်တထောင်မြို့နယ် ဗန္ဓုလလမ်းပေါ်ရှိ ဗိုလ်တထောင်မိသားစုရေကစားမဏ္ဍပ်၊ မြကျွန်းသာသင်္ကြန်၊ ကန်တော်ကြီးလမ်းလျှောက်သင်္ကြန်ပွဲတော်၊ ရန်ကင်းဗဟိုရေကစားမဏ္ဍပ်၊ ကျိုက္ကဆံလမ်းတစ်လျှောက်ရှိ ရေကစားမဏ္ဍပ်များအပြင် အခြားမြို့နယ်များရှိ ရေကစားမဏ္ဍပ်များတွင်လည်း ရေကစားသူများ၊ ရေလောင်းရေပက်ခံသူများဖြင့် စည်ကားလျက်ရှိသည်။

နှစ်သုံးဆယ်ရှိ

ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ သျှိုင်း မြန်မာ့ရိုးရာရေကစား မဏ္ဍပ်မှ ဒေါ်တင်တင်နွှဲ က " ဝါဝါသန်းအလှပြုပြင်ရေးနဲ့ ပွင့်ဖူးအထည်အလိပ်မျိုးစုံ ရောင်းဝယ်ရေးတို့ ပူးပေါင်းပြီး ဒီနေရာမှာရေကစား မဏ္ဍပ်လုပ်လာတာ နှစ်သုံးဆယ်ရှိပါပြီ။ ဒီနှစ်မှာအကြိုနေ့ကစပြီး မနက်ပိုင်းရော ညနေပိုင်းရော လာသမျှရေပက်ခံ ကားတွေ ရေပက်ခံလျှောက်လည်တဲ့သူတွေကိုအကျွေးအမွေးတွေနဲ့ စတုဒီသာအလှူ လုပ်သွားမှာပါ’’ ဟုပြောသည်။

ဗိုလ်တထောင်မြို့နယ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုးက "ဗိုလ်တထောင်မိသားစု ရေကစားမဏ္ဍပ်ကို အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာနက ဦးစီးပြီးလုပ်တာပါ။ ဖျော်ဖြေရေးအစီစဉ်ကတော့ ယိမ်းအဖွဲ့တွေ၊ အကအဖွဲ့တွေ၊ သံချပ်အဖွဲ့တွေနဲ့ ဖျော်ဖြေရေးအစီစဉ်တွေထည့်ထားပါတယ်။ စတုဒီသာ လည်းကျွေးမွေး လှူဒါန်းသွားမှာပါ။ ဗိုလ်တထောင်မြို့နယ်မှာ ဒီမဏ္ဍပ်အပြင် အခြားမဏ္ဍပ်တွေလည်း ရှိပါတယ် ’’ ဟု ပြောသည်။

စည်ကားလျက်ရှိ

ယနေ့ သင်္ကြန်အကြိုနေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ်အသီးသီးရှိ ရပ်ကွက်များ တွင်လည်း စတုဒီသာ ကျွေးမွေးခြင်းများဖြင့် စည်ကားနေသည့်အပြင် မြို့နယ်၊ ရပ်ကွက် လမ်းအသီးသီးရှိ မိသားစုရေ ကစားမဏ္ဍပ်များတွင်လည်း ရေလောင်းရေပက်သူများ၊ ရေပက်ခံသူများဖြင့် ညနေပိုင်းအထိ် စည်ကားလျက်ရှိသည်။

ညပိုင်းတွင်လည်း အလှပြယာဉ်များ၊ သင်္ကြန်သံချပ်အဖွဲ့များက ရန်ကုန်မြို့တွင်းရှိ ဖျော်ဖြေရေးမဏ္ဍပ်များသို့ လှည့်လည်ဖျော်ဖြေတင်ဆက်ကြရာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

သတင်း-ရဲခေါင်၊မင်းသစ်/ဓာတ်ပုံ-ဇော်မင်းလတ်၊ရဲထွဋ်
 

အထူးသတင်း
  • ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများလှူဒါန်း
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ယှဉ်ပြိုင်ရန် အာဆီယံနိုင်ငံများမှ အားကစားသမားများ ရောက်ရှိ
  •           
  • ခင်ဦးမြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) ၊ ရှေ့နေ ဒေါ်ဇာခြည်ဝင်း၊ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
  •