မြန်မာအကအခြေခံကဗျာလွတ်အက (ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ - မြန်မာအကအခြေခံကဗျာလွတ်အက (ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မြန်မာအကအခြေခံကဗျာလွတ်အက (ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန/ နေပြည်တော်၊ မေ ၁၅ / May 16, 2019


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဖွင့်လှစ်ခဲ့သည့် မြန်မာအကအခြေခံကဗျာ လွတ်အက (ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၁၉) သင်တန်းဆင်းပွဲအခမ်း အနားကို ၁၅.၅.၂၀၁၉ ရက်နေ့၊ နံနက် ၀၉၃၀ နာရီအချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် ၃၅ ရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးနှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် အခြေခံပညာကျောင်းများမှ သင်တန်းသား/သူ ဆရာ/မများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန(သာသနာရေး)မှ သင်တန်းသူ(ဝန်ထမ်း)များ တက်ရောက်ခဲ့ကြပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် သင်တန်း ၁၀ ရက်တာ ကာလအတွင်းမှ အားကြိုးမာန်တက် သင်ကြားသင်ယူခဲ့သည့်အတွက် ပညာရပ်တစ်ခု၏ အခြေခံ သဘောသဘာဝကို အတိုင်းအတာတစ်ခုအထိ ခြုံငုံသင်ယူနိုင်ခဲ့သည်ဟု ယုံကြည်မိပါကြောင်း၊ ယခု သင်ကြားပေးခဲ့သည့် မြန်မာအက အခြေခံကဗျာလွတ်အကသည် သက်တမ်းအားဖြင့် ၆၆ နှစ်ရှိပြီ ဖြစ်ပါကြောင်း၊ ၁၉၅၃ ခုနှစ်တွင် မန္တလေးမြို့၊ ပန်တျာကျောင်းကို အခြေပြုပြီး အကနည်းပြဆရာ မင်းသားကြီး ဦးရွှေဒေါင်းညို၊ အကနည်းပြဆရာမ မင်းသမီးကြီး ဒေါ်သြဘာသောင်းတို့၏ ကြိုးပမ်းအားထုတ်မှုမှ စတင်ပြီး အဆင့်ဆင့် ပေါက်ဖွားလာခြင်း ဖြစ်ပါကြောင်း၊ စတင်သင်ကြား ကပြစဉ်ကတည်းက တေးသွား၊ တေးစာသားကို အားပြုခြင်းမဟုတ်ဘဲ စည်း ဝါးနဲ့ ဗုံတီးချက်ကိုသာ အဓိကထား သင်ကြားပေးခဲ့သည့်အတွက် တေးကဗျာ၊ တေးစာသား မပါသည့်အတွက် “ကဗျာလွတ်” ဟု အမည်တွင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ရာစုနှစ်ဝက်ကျော်မက အမြစ်တွယ်ခိုင်မာခဲ့သည့် မြန်မာအက အခြေခံကဗျာလွတ်အကကို အချိန်တိုအတွင်း အခြေခံသဘော သိရှိတတ်မြောက်အောင် စေတနာ ရှေ့ထား သင်ကြားပေးခဲ့သည့် အနုပညာဦးစီးဌာနမှ အကနည်းပြ ဆရာ၊ ဆရာမများ၏ အားထုတ် ကြိုးပမ်းမှုအပြင် အခြေခံပညာဦးစီးဌာနမှ သင်တန်းသား/သူ ဆရာ၊ ဆရာမများနှင့် သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး)မှ သင်တန်းသူ(ဝန်ထမ်း)များအနေဖြင့် ပင်ပန်းမှုအပါအဝင် ရာသီဥတုကို ဂရုမထားဘဲ အားကြိုးမာန်တက် သင်ယူခဲ့သည့်အတွက် အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့၏ လက်တစ်ကမ်းတွင်ရှိသည့် လူငယ်လူရွယ်များအတွက် မိမိတို့ ၏ ရိုးရာယဉ်ကျေးမှု ရေခံမြေခံကောင်းရန် ကိုယ့်ရိုးရာ ယဉ်ကျေးမှု အခြေခံအင်အား တောင့်တင်း ခိုင်မာရန် ရည်ရွယ်ချက်များဖြင့် ဤသင်တန်းကို အလေးအနက်ထား ဖွင့်လှစ်ရနေခြင်းဖြစ်ပါ ကြောင်း၊ ပညာရပ်တစ်ခု၏ ကျွမ်းကျင်ပိုင်နိုင်မှုဆိုသည်မှာ လေ့ကျင့်ရည် ပြည့်ဝခြင်းပဲဖြစ်ပါကြောင်း၊ ယခုသင်တန်းကို သင်ကြားတတ်မြောက်ခဲ့တဲ့ အခြေခံကဗျာလွတ်အက သင်ခန်းစာတွေကို မိမိတို့၏ နေရပ်ဒေသ ပြန်ရောက်သည့်အခါ စဉ်ဆက်မပြတ် လေ့ကျင့်ကြစေလိုပါကြောင်း၊ ထို့အပြင် တစ်ဆင့်ပြန်လည် မျှဝေသင်ကြား ပေးစေလိုပါကြောင်း၊ အမျိုးသားယဉ်ကျေးမှု တစ်ရပ်အတွက် တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပံ့ပိုး ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ခံယူနိုင်ကြစေလိုပါ ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က အမျိုးသမီးကဗျာလွတ်အကတွင် ပထမဆုရရှိသော မကွေးတိုင်းဒေသကြီး၊ ဒုတိယဆုပူးတွဲရရှိ သော ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်၊ တတိယဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးနှင့် နှစ်သိမ့်ဆုများရရှိသော ကချင်ပြည်နယ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး)၊ ကရင်ပြည်နယ်နှင့် အမျိုးသားကဗျာလွတ်အကတွင် ပထမဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးမှ ဦးဝေယံထွန်း၊ ဒုတိယဆုရရှိသော ကရင်ပြည်နယ်မှ ဦးစောကံထူးနှင့် တတိယဆုရရှိသော ဦးသက်ဝေထူးတို့အား အသီးသီး ဆုများချီးမြှင့်ခဲ့ပြီး သင်ကြားပြသပေးသည့် နည်းပြဆရာ/မများ အား ဂုဏ်ပြုဆုပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကြည်မင်းက သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ပြီး သင်တန်းသား/သူများ ကိုယ်စား သင်တန်းသား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အခြေခံကဗျာလွတ်အက (ပထမအဆင့်)ပြိုင်ပွဲတွင် ပထမဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးမှ သင်တန်းသားနှင့် မကွေးတိုင်းဒေသကြီးမှ သင်တန်းသူတို့က ကဗျာလွတ် အကများဖြင့် စွမ်းရည်ပြတင်ဆက်၍ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး)တို့မှ သင်တန်းသား/ သင်တန်းသူများက စုပေါင်းယိမ်းအက၊ အဆိုတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

အထူးသတင်း
  • ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများလှူဒါန်း
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ယှဉ်ပြိုင်ရန် အာဆီယံနိုင်ငံများမှ အားကစားသမားများ ရောက်ရှိ
  •           
  • ခင်ဦးမြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) ၊ ရှေ့နေ ဒေါ်ဇာခြည်ဝင်း၊ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
  •