ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန် အစည်းအဝေး (၁၆) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် နိဂုံးချုပ်အမှာစကား - ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန် အစည်းအဝေး (၁၆) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် နိဂုံးချုပ်အမှာစကား

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန် အစည်းအဝေး (၁၆) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် နိဂုံးချုပ်အမှာစကား

Pyithu Hluttaw/ နေပြည်တော် / June 13, 2019


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးဟာ ဒီနေ့ပြီးဆုံးမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးကာလအတွင်း အစည်းအဝေး ကျင်းပရက် (၁၆) ရက်ရှိခဲ့ပြီး ကြယ်ပွင့်ပြ မေးခွန်း (၁၃၁) ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြ မေးခွန်း (၂၅၈) ခု ဖြေကြားခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဆို (၁၄) ခု တင်သွင်းနိုင်ခဲ့ပြီး အတည်ပြုအဆို (၈) ခု၊ မှတ်တမ်းတင်အဆို (၃) ခုနဲ့ ဆက်လက်ဆွေးနွေးရန် ကျန် အဆို (၃) ခုတို့ ဖြစ်ကြပါတယ်။ ဆောင်ရွက်ခဲ့တဲ့ ဥပဒေကြမ်း (၂၀) ခု ရှိပြီး ဥပဒေကြမ်း (၇) ခု ကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဆက်လက်ဆောင်ရွက်ရန် ကျန် ဥပဒေကြမ်း (၁၃)ခု ကျန်ရှိပါတယ်။ ကော်မတီဆိုင်ရာ ဆောင်ရွက်ချက်များအနေနဲ့ အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကော်မတီတွင် ကော်မတီအဖွဲ့ဝင် (၁) ဦး အစားထိုးလဲလှယ် ဖွဲ့စည်းခြင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄) ဦးကို ကော်မတီများတွင် လေ့လာသူများအဖြစ် တာဝန်ပေးအပ်ခြင်း၊ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ၂၀၁၁ ခုနှစ်၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေကို ဥပဒေပြုပြီးနောက် စိစစ်ခြင်း အစီရင်ခံစာနှင့် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာများကို အတည်ပြုခြင်း၊ ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ သက်တမ်း (၁) နှစ် တိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။ (၇-၅-၂၀၁၉) ရက်နေ့မှာ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများနဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ပြီး ကော်မတီဆိုင်ရာ ဆောင်ရွက်ချက်များနဲ့ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

မိမိတို့ဟာ မဲဆန္ဒရှင်ပြည်သူကို ကိုယ်စားပြုပြီး လွှတ်တော်လုပ်ငန်း တာဝန်တွေကို ထမ်းဆောင် နေကြတာဖြစ်ပါတယ်။ ပြည်သူက အပ်နှင်းထားတဲ့ ဥပဒေပြုအာဏာကို အသုံးချပြီး နိုင်ငံသားများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်အောင် အမြဲကြိုးစားဆောင်ရွက် နေကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုး တိုးတက်ဖို့အတွက် မိမိတို့အားလုံး တာဝန်သိသိ၊ သစ္စာရှိရှိနဲ့ဘက်စုံကဏ္ဍစုံမှာ စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ နိုင်ငံတော်အချုပ်အခြာ အာဏာရဲ့ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲပြီး အချင်းချင်း အပြန်အလှန် ထိန်းညှိဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဥပဒေပြုရေး ကဏ္ဍမှာလည်း ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်မြှင့်တင်ပေးနိုင်တဲ့ ဥပဒေများ ရေးဆွဲပြဋ္ဌာန်းရမှာ ဖြစ်ပါတယ်။ ပြင်ဆင်သင့်ပြင်ဆင်ထိုက် တာတွေကိုလည်း ခေတ်နဲ့လျော်ညီအောင် ပြုပြင်ပြောင်းလဲ သွားကြရမှာဖြစ်ပါတယ်။ ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်ဖို့အတွက် မိမိတို့အားလုံး လက်တွဲညီညီနဲ့ ရှေ့ဆက်ကြရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား ပြည်သူအားလုံး အေးအတူပူအမျှနဲ့ ဥမကွဲ သိုက်မပျက်စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ဖို့ စိတ်ရင်းစေတနာမှန်နဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့ ပြည်သူကရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် များပီသစွာ ပြည်သူ့အကျိုးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးကြပါ။ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားကို စဉ်ဆက်မပြတ် ကာကွယ်မြှင့်တင် ဆောင်ရွက်ပေးကြပါ။ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်း သာယာရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြပါ။ မဲဆန္ဒရှင်ပြည်သူလူထုထံ ပြန်လည်ရောက်ရှိတဲ့အခါ ပြည်သူတို့ရဲ့ လိုလားချက်တွေ၊ အခက်အခဲတွေ၊ တင်ပြချက်တွေကို အလေးထားမှတ်သား နားထောင်ပါ။ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်းများ ကိုလည်း ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ကြပါလို့ တိုက်တွန်းမှာကြား လိုပါတယ်။ "ကိုယ်စားလှယ်များရဲ့ လိုရာခရီးများ သာယာ ဖြောင့်ဖြူးကြပါစေ။ ဘေးအန္တရာယ် ကင်းဝေးကြပါစေ။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး နိုင်ငံတော်နဲ့နိုင်ငံသားများရဲ့ တာဝန်တွေကို ကျေပွန်စွာထမ်းဆောင် နိုင်ကြပါစေ။ သွားလမ်းသာလို့ လာလမ်းဖြောင့်ကြပါစေ” လို့ ဆုမွန်ကောင်း တောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျား။

၂၀၁၉ ခုနှစ်၊ ဇွန်လ ၆ ရက်

အထူးသတင်း
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •