၂၀၁၉ ခုနှစ် တောင်နှင့် အရှေ့တောင်အာရှ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်ကျင်းပ - ၂၀၁၉ ခုနှစ် တောင်နှင့် အရှေ့တောင်အာရှ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်ကျင်းပ

၂၀၁၉ ခုနှစ် တောင်နှင့် အရှေ့တောင်အာရှ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်ကျင်းပ

Ministry of Information/ ​နေပြည်တော် / June 13, 2019
image_latest


ကူမင်း ဇွန် ၁၂

၂၀၁၉ ခုနှစ် တောင်နှင့် အရှေ့တောင်အာရှကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်ကို ယနေ့ဒေသ စံတော်ချိန် နံနက် ၁ဝနာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ တျန်းချီ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည်။

အခမ်းအနားတွင် တရုတ်နိုင်ငံအပါအဝင် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများမှ နိုင်ငံအလိုက် ကိုယ်စားလှယ်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်တို့က မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတကာအဖွဲ့အစည်း တာဝန်ခံများ၊ စီးပွားရေး လုပ်ငန်း ရှင်ကြီးများ၊ ပညာရှင်များနှင့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ဒေသတွင်းမီဒီယာများ၊ တောင်အာရှနှင့် အရှေ့တောင်အာရှမှ သတင်းဌာန တာဝန်ရှိသူ များနှင့် သတင်းမီဒီယာသမားများ သတင်းရယူခဲ့ကြသည်။

ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ပြခန်း ၆၆ ခန်း ပါဝင်ပြသပြီး စိုက်ပျိုးရေး ထွက်ကုန်၊ သစ်သီးဝလံ၊ တိုင်းရင်းဆေး၊ ကော်ဖီ၊ ဘီယာ၊ စီးကရက်၊ ပရိဘောဂ၊ ကြိမ်ထည်၊ ကျောက်မျက်ရတနာများ ပါဝင် ပြသကာ ၀ဥလွှာခြောက်၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် ရေထွက် ပစ္စည်း စသည့် မြန်မာ့ထွက်ကုန်များကို တရုတ် ကုမ္ပဏီများက ဝယ်ယူရန် MoU လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအား တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည် -

ဦးလှဝေ
ဒုတိယညွှန်ကြားရေးမှူး၊
ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ကျွန်တော်တို့အနေနဲ့ ၁၉၉၈ ခုနှစ်ကနေ ယနေ့အထိ နှစ်စဉ်ပါဝင်ပြသပါတယ်။ မြန်မာ့ ထွက်ကုန်တွေကို ယူနန်ပြည်နယ်မှာ ဈေးကွက်ချဲ့ထွင်ဖို့ လာရောက်ပြသခြင်း ဖြစ်ပါတယ်။ နှစ်စဉ် လာရောက်ပြသမှုမှာ ကျောက်မျက်က အများဆုံးဖြစ်ပါတယ်။ အခုနှစ်မှာ ကျောက်မျက်အပြင် စိုက်ပျိုးရေးထွက်ကုန်ဖြစ်တဲ့ ဆန်စပါး၊ ပဲ၊ နှမ်း၊ ပြောင်း၊ သရက်သီး၊ ရေထွက်ပစ္စည်းတွေရယ်၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် လက်အောက်မှာရှိတဲ့ စက်ရုံတွေက ဘီယာနဲ့ စီးကရက် တွေရယ်ကို ပါဝင်ပြသပါတယ်။ နောက်ပြီး ပရိဘောဂပစ္စည်း၊ လက်မှုပစ္စည်းတွေ လာရောက်ပြသပါတယ်။ တိုင်းရင်းဆေးဝါးလည်း ပါပါတယ်။ နှစ်တိုင်း မှာယူမှုရှိပါတယ်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ဆိုရင် နှစ်တိုင်း တရုတ်ဘက်က ကုမ္ပဏီတွေနဲ့ MoU ထိုးတာရှိတယ်။ ပဲ၊ နှမ်းတွေပါ ရောင်းချခဲ့ပါတယ်။ ဒီနှစ်မှာလည်း သစ်သီးဝလံ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ရေထွက်ပစ္စည်း တွေကနေ MoU ထိုးသွား ဖို့ရှိပါတယ်။ လာရောက်ကြည့်ရှုတဲ့သူတွေက ကျောက်စိမ်း၊ စိုက်ပျိုးရေးထွက်ကုန်နဲ့ သရက်သီးတို့ကို စိတ်ဝင်စားတယ်။ ယခင်နှစ်က ပြခန်း ၄၄ ခန်းပဲရှိတယ်။ ဒီနှစ်မှာ ပြခန်း ၆၆ ခန်းဆိုတော့ ပိုများလာတယ်၊ မြန်မာကုန်သည်တွေ ၂၅၀ လောက် လာတက်တယ်။ ဒီကုန်စည်ပြပွဲကနေ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးတက်လာမယ်လို့ မျှော်မှန်းထားပါတယ်။ ဒီလိုမျိုး ပြည်ပပြပွဲတွေမှာ မြန်မာနိုင်ငံက စိုက်ပျိုးရေးထွက်ကုန်တွေအပြင် SME ထွက်ကုန်တွေ ပိုပြီး ပါဝင် ပြသချင်ပါတယ်။

ဦးစိုင်းနွံ
ဥက္ကဋ္ဌ၊
မူဆယ်-နန့်ခမ်း နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း

ကျွန်တော်တို့အသင်းရဲ့ ညီနောင်အသင်းဖြစ်တဲ့ ဆန်ကုန်စည်ဒိုင်၊ သစ်သီးကုန်စည်ဒိုင်၊ ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်ဒိုင်စတဲ့ ပြခန်း လေးခန်းနဲ့ မူဆယ်-နန့်ခမ်းက လာရောက်ပြသခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကထွက်ကုန်တွေကို ယူနန် ပြည်နယ်ကနေ ကုန်သည်တွေနဲ့ ချိတ်ဆက်ရဖို့၊ အချင်းအချင်း တွေ့ဖို့အတွက် လာရောက်အကျိုးဆောင်ပေးတာပါ။ သရက်သီးအနေနဲ့ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ ပါလာတယ်။ ဆန်ဆိုရင်လည်း အမျိုးပေါင်း ၂၀ ကျော်ရှိတယ်။ ပဲ၊ ပြောင်း၊ နှမ်း ဆိုရင်လည်း အမျိုး ၂၀ ကျော်ရှိတယ်။ ဒီလိုကုန်စည်ပြပွဲတွေ အမြဲတမ်းလာရောက် ပြသဖြစ်တယ်။ ယခင် ကုန်စည်ပြပွဲတွေတုန်းကလည်း မှာယူမှုတွေရှိတယ်။ အခု ကုန်စည်ပြပွဲမှာ MoU ထိုးဖို့ ရှိတယ်။ သစ်သီးနဲ့ပတ်သက်လို့ အမြဲတမ်းဝယ်ယူမှု တွေရှိတယ်။ အဓိကကတော့ ကျွန်တော်တို့ကုန်ပစ္စည်းတွေကို ဒီမှာ လွယ်လင့်တက ဝင်ထွက်ပြီးတော့ ဝယ်လို့ရအောင်၊ တောင်သူတွေအတွက်လည်း အကျိုးရှိအောင် လာရောက်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ မနှစ်ကထက် ဒီနှစ်က ပိုပြီးတော့ ဝယ်အား ပိုများလာတယ်။ ကျွန်တော်တို့လည်း အောက်ခြေမှာ တတ်နိုင်သလောက် ဈေးကွက်ရရှိရေးလုပ်နေသလို အထက်ကလည်း တောင်သူ တွေရဲ့အခက်အခဲ၊ ကုန်သည်တွေရဲ့ အခက်အခဲတွေကို အမြဲတမ်းဖြေရှင်းပေးနေပါတယ်။ ဒီထက်လည်း ပိုကောင်းအောင် လုပ်ပေးနိုင်တယ် ဆိုရင်တော့ ပြည်သူတွေအတွက်ရော၊ ကုန်သည်တွေ အတွက်ရော၊ တောင်သူတွေ အတွက်ရော အဆင်ပြေလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ဒေါ်နန်းမိုင်
လှပျိုဖြူ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းပိုင်ရှင်

နှစ်စဉ်နှစ်တိုင်း ဒီလိုကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံကလည်း ပါဝင်ပြသတဲ့အတွက် ကျွန်မတို့ လှပျိုဖြူ တိုင်းရင်းဆေးကနေ တိုင်းရင်းဆေးတွေကို ပြည်တွင်းအပြင် အိမ်နီးနားချင်းဖြစ်တဲ့ တရုတ်နိုင်ငံကို ထိုး ဖောက်ပြီးရောင်းချင်တဲ့အတွက် လာရောက် ပြသခြင်းဖြစ်ပါတယ်။ အဓိကကတော့ အရိုးကျီးပေါင်းနဲ့ ပတ်သက်တဲ့ဆေးကို ရောင်းချ ခြင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံက အေးတဲ့ဒေသဖြစ်တော့ အရိုးကျီး ပေါင်းလိမ်းဆေး ရယ်၊ ဂျင်းဒဏ်ကျေ လိမ်းဆေးရယ်၊ လိမ်းဆေးတွေနဲ့ပတ်သက်ပြီး အဓိကလာရောက် ပြသခြင်းဖြစ်ပါတယ်။ ထုတ်ကုန်သစ်အနေနဲ့ လှပျိုဖြူ သလိပ်ပျော်ချောင်းဆိုး ပျောက်ဆေး၊ ဆေးပြား နဲ့ အရေပြား အမာရွတ်ပျောက်ဆေးတွေ လာရောက်ပြသ ရောင်းချပါတယ်။ အခုအကြိမ်နဲ့ဆို ငါးကြိမ် မြောက်ရှိပါပြီ။ ယခင်အကြိမ်တွေတုန်းကလည်း ဒီကုန်ပစ္စည်းတွေပဲ လာရောက်ပြသခဲ့ပြီး မှာယူမှု တွေရှိပါတယ်။ လာရောက်ကြည့်ရှုတဲ့သူတွေက အဓိက အရိုးကျီးပေါင်း လိမ်းဆေးကို စိတ်ဝင်စား ကြတယ်။ ဒူဝါ အရိုးကျီးပေါင်းလိမ်းဆေးက အရောင်းရဆုံးပဲ။ ဒီလို လာရောက်ပြသတဲ့အတွက် အများကြီးအကျိုးရှိပါတယ်။ ပြည်တွင်းကနေ ပြည်ပကို ထုတ်ဖို့အတွက် အလားအလာတွေ အများကြီး ရှိပါတယ်။ နိုင်ငံတော်ကနေ အခုလို တိုင်းရင်းဆေး တွေကိုလည်း ဖိတ်ခေါ်တယ်။ ဒီလိုမျိုး အိမ်နီးချင်း နိုင်ငံတွေနဲ့ ကုန်စည်ပြပွဲတွေမှာ ဒီလိုလာရောက် ပြသခွင့်ရတဲ့အတွက်လည်း သက်ဆိုင်ရာဝန်ကြီး ဌာနကိုလည်း ကျေးဇူးတင်ပါတယ်။

ဇော်မင်းအောင်၊ စန္ဒာထွန်း(ခေတ္တကူမင်း)

အထူးသတင်း
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •