ကိုယ်စိတ်ကျန်းမာ လူငယ်ဘဝ၊ အနာဂတ်တောက်ပနိုင်ငံ့အလှ” ခေါင်းစဉ်ဖြင့် ကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ ကျင်းပ - ကိုယ်စိတ်ကျန်းမာ လူငယ်ဘဝ၊ အနာဂတ်တောက်ပနိုင်ငံ့အလှ” ခေါင်းစဉ်ဖြင့် ကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ ကျင်းပ

ကိုယ်စိတ်ကျန်းမာ လူငယ်ဘဝ၊ အနာဂတ်တောက်ပနိုင်ငံ့အလှ” ခေါင်းစဉ်ဖြင့် ကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ ကျင်းပ

Ministry of Information/ ​နေပြည်တော် / June 13, 2019
image_latest


နေပြည်တော် ဇွန် ၁၂

“ကိုယ်စိတ်ကျန်းမာ လူငယ်ဘဝ၊ အနာဂတ်တောက်ပနိုင်ငံ့အလှ” ခေါင်းစဉ်ဖြင့် ကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပသည်။

နှီးနှောဖလှယ်ပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး နှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးတို့က အမှာစကား ပြောကြားကြသည်။

အထောက်အကူပြုမည်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျောင်းကျန်းမာရေး အဆင့်မြှင့်တင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး လုပ်ငန်းစဉ်များသည် ကျန်းမာရေး ကဏ္ဍလုပ်ငန်းစဉ် များအတွက် လမ်းပြ မြေပုံကြီးဖြစ်သော အမျိုးသားကျန်းမာရေး စီမံကိန်း ၂၀၁၇-၂၀၂၁ နှင့် တန်းတူညီစွာပင် အရေးကြီးပါ ကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်ရှိသော နိုင်ငံ၏ အနာဂတ် ကျောင်းနေအရွယ်လူငယ်များ ကျန်းမာမှုအဆင့် မြင့်မားခြင်းအားဖြင့် နိုင်ငံတော်ကြီးတစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် လွန်စွာ အထောက် အကူပြုမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ကြားခဲ့သော မိန့်ခွန်းတွင် ပါဝင်သည့် အချက်များသည် လုပ်ငန်းများ ချမှတ်ဆောင်ရွက်ရန်အတွက် အခြေခံသဘောတရားနှင့် လမ်းညွှန်များ သဖွယ် ပင်ဖြစ်ပါကြောင်း၊ အဆိုပါအချက်များကို ကိုးကား၍ ယခုနှီးနှော ဆွေးနွေးဖလှယ်ပွဲတွင် ပညာရေး၊ ကျန်းမာရေးနှင့် အားကစားအပါအဝင် ကဏ္ဍစုံမှ ပညာရှင်များ၏ ဆွေးနွေး အကြံပြုချက်များ ရယူ၍ နိုင်ငံ၏ အခြေအနေနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းဆိုင်ရာ နောက်ခံအချက်အလက်များနှင့် ကိုက်ညီပြီး လက်တွေ့ အကောင် အထည်ဖော်ဆောင်ရွက်နိုင်မည့် မဟာဗျူဟာများနှင့် ရှေ့လုပ်ငန်းစဉ်များ စနစ်တကျ ချမှတ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

အဆိုပါ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကိုလည်း အချိန်ကာလအလိုက် ပြောင်းလဲလာသော အခြေအနေအကြောင်းအရာများနှင့် မွမ်းမံပြင်ဆင်၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကျောင်းကျန်းမာရေးအဆင့်မြှင့်တင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး လုပ်ငန်း အကြောင်းအရာ (၇) ရပ်ကို လက်တွေ့ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တစ်ခုတည်းမှ ဆောင်ရွက်၍ မရဘဲ ပညာရေး ဝန်ကြီးဌာန၏ ဦးဆောင်မှု၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ ပြည်တွင်းနှင့် နိုင်ငံတကာအစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ အားလုံးပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါကြောင်း။

သုတေသနဆန်းစစ်မှုများဆောင်ရွက်

လုပ်ငန်းဆောင်ရွက်မှုကို စောင့်ကြည့်ခြင်းနှင့် လေ့လာသုံးသပ်ခြင်းစနစ်ကို တစ်ပါတည်း ထည့်သွင်း၍ checklist များအသုံးပြုပြီး ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အဆင့်အလိုက် ပုံမှန်ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်ကာလိုအပ်ချက်နှင့် အားနည်းချက် ရှိသည်များကို အားဖြည့်မွမ်းမံ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် လုပ်ငန်းဆောင်ရွက်မှုများ၏ အောင်မြင်မှုနှင့်ရေတို၊ ရေရှည်အကျိုးသက်ရောက်မှုများကို အသုံးချ သုတေသနဆန်းစစ်မှုများ ပြုလုပ် ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း။

အကောင်အထည်ဖော်မှုအရေးကြီး

“ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး”လုပ်ငန်းစဉ်များ ဆောင်ရွက်သကဲ့သို့ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် လူမှုရေးဝန်ကြီးများ ဦးဆောင်မှုဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍတို့မှ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အလိုက် အကြီးအကဲများနှင့် တာဝန်ရှိသူများ၏ တက်ကြွစွာဖြင့် လုပ်ငန်း လက်တွေ့ အကောင်အထည်ဖော်မှုသည်အရေးကြီးပါကြောင်း။

ယခုဆောင်ရွက်သည့် လုပ်ငန်းစဉ်အကြောင်းအရာ ၇ ရပ်နှင့် ကျောင်း ကျန်းမာရေး လုပ်ငန်းစဉ် ၉ ချက်တို့ ပေါင်းစပ်၍ လုပ်ငန်းဆောင်ရွက်မှုများ ရေရှည် တည်တံ့စေရေး အတွက် ဝန်ကြီးဌာနအသီးသီးရှိ ကျောင်းအားလုံးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာများ သာမက ကျောင်းသားမိဘများ၊ မိဘ-ဆရာအသင်း၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသား သမဂ္ဂကိုယ်စားလှယ်များလည်း ပါဝင်နိုင် ရေးဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။

အခြေခံပညာကျောင်းများအလိုက် လုပ်ငန်းများဆောင်ရွက်အောင်မြင်မှုနှင့် စွမ်းဆောင်မှုများကို စံသတ်မှတ်ချက်များနှင့်အညီ ဆန်းစစ်၍ စွမ်းဆောင်ရည် မြင့်မားသည့် ကျောင်းများကို အသိအမှတ်ပြု ဆုများချီးမြှင့်ရမည်ဖြစ်ပါကြောင်း၊ ကိုယ်ခန္ဓာနှင့် စိတ်ကျန်းမာသော လူငယ်ဘဝများ ပိုင်ဆိုင်ကာ နိုင်ငံတော်ကြီးအတွက် တောက်ပကောင်းမွန်သော အနာဂတ်ရရှိစေရေးအတွက် မိမိဒေသနှင့် ကိုက်ညီသော လုပ်ငန်းစဉ်များကို ချမှတ်ကာ အားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်း လိုပါ ကြောင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀)နှင့် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁)တို့ကို အောင်မြင်စွာရောက်ရှိရန်အတွက် ပညာရေးဝန်ကြီးဌာန အနေဖြင့် မည်သည့် ခွဲခြားမှုမျှမရှိဘဲ၊ တရားမျှတစွာ မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရစ်စေဘဲ ကျောင်းနေအရွယ် ကလေးအားလုံး အရည်အသွေးရှိ သော ပညာသင်ယူခွင့် ရရှိရေးနှင့် ကျောင်းထွက်နှုန်း ပပျောက် ရေးကို မူဝါဒချမှတ်၍ တာဝန်ယူတာဝန်ခံ၍ ပူးပေါင်းတီထွင်ဖန်တီးနိုင်စွမ်းရှိသော လူသားကောင်းများ ဖြစ်လာ စေရန် ကြိုးပမ်း အကောင်အထည်ဖော်လျက်ရှိပါကြောင်း။

ပညာရေးဝန်ကြီးဌာနသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ကျောင်းကျန်းမာရေး အဆင့်မြှင့်တင်ရေး၊ ကျန်းမာရေး အသိပညာပေးရေး၊ ပတ်ဝန်း ကျင်ဆိုင်ရာ ကျန်းမာရေး၊ သန့်ရှင်းသော ရေသုံးစွဲရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် စနစ်တကျ စွန့်ပစ်ရေး၊ ကူးစက်တတ် သော မကူးစက်တတ်သော ရောဂါများ ကာကွယ် ရေး၊ စိတ်ပိုင်း၊ ဦးနှောက်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးတို့ကို အလေးပေးလျက် ကျောင်းကျန်းမာရေး ဆိုင်ရာ အစီအစဉ်များကို ကြိုးပမ်းအကောင်အထည် ဖော်လျက်ရှိပါကြောင်း။

အခမဲ့ဖြန့်ဝေ

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင်လည်း ပထမတန်း(Grade-1)၊ ဒုတိယတန်း (Grade-2)၊ တတိယတန်း(Grade-3)၊ ဆဋ္ဌမတန်း(Grade-6) ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာလမ်းညွှန် စာအုပ်များတွင် စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင် စရာတို့ကိုလည်း အခမဲ့ဖြန့်ဝေပြီး သင်ကြားသင်ယူ လေ့ကျင့်ပေးလျက်ရှိပါကြောင်း။

ယခုဆွေးနွေးပွဲတွင် နိုင်ငံတော်အဆင့် ကျောင်းကျန်းမာရေး လှုပ်ရှားမှုအသွင်ဖြင့် "ကိုယ်စိတ်၊ ကျန်းမာ လူငယ်ဘဝ၊ အနာဂတ်တောက်ပ နိုင်ငံအလှ" အတွက် တက်ကြွစွာ ဆွေးနွေးပြီး ပညာရေးဝန်ကြီး ဌာနမှ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမ များ၊ ကျောင်းအုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ၊ လုပ်အားပေး လူငယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနများနှင့် အကောင်း ဆုံး ပူးပေါင်း ၍ နိုင်ငံ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်ရှိသော ကျောင်းသား ကျောင်းသူများ၊ သင်ယူ သူများ၊ လူငယ်များ အားလုံးအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ စိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခံရင်ဆိုင်ပြီး မူးယစ်ဆေးဝါးကင်းစင်ရေး၊ အရက် ဘီယာ ကင်းစင်ရေး၊ ဆေးလိပ် ကင်းစင်ရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လိုက်နာရေး၊ ကျန်းမာသော နေထိုင်မှု ပုံစံ အသိပညာပေးရေး၊ မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးရေးနှင့် ဂိမ်းစွဲလန်းမှု လျော့ချရေးတို့ကို ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

အလှည့်ကျတင်ပြဆွေးနွေး

ထို့နောက် ကဏ္ဍအလိုက် ဆွေးနွေးကြရာတွင် ဆေးလိပ်၊ ဆေးရွက်ကြီး ကင်းစင် ပပျောက်ရေး၊ ဆေးလိပ်၊ ဆေးရွက်ကြီး တိုက်ဖျက်ရေး၊ အရက်အလွန်အကျွံ သောက်သုံးခြင်းနှင့် နောက်ဆက်တွဲ အန္တရာယ်များ လျော့ချရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာဝင်းထွန်းတို့က သဘာပတိအဖြစ် ဆောင်ရွက်ကြပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ပညာရှင်များက ကဏ္ဍအလိုက် အလှည့်ကျ တင်ပြဆွေးနွေးကြသည်။

ထို့နောက် နှီးနှောဖလှယ်ပွဲ တက်ရောက်လာကြသူများက တင်ပြဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးကြသည်။

ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုး သားအဆင့် နှီးနှော ဖလှယ်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ဇွန် ၁၂ရက်နှင့် ၁၃ ရက် နှစ်ရက်တာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

အထူးသတင်း
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •