သန့်စင်သောသွေး လူသားအားလုံးရရှိရေး - သန့်စင်သောသွေး လူသားအားလုံးရရှိရေး

သန့်စင်သောသွေး လူသားအားလုံးရရှိရေး

Ministry of Information/ ​နေပြည်တော် / June 13, 2019
image_latest


ဒေါက်တာသီတာအောင် (အမျိုးသားသွေးဌာန -ရန်ကုန်)

ယခုနှစ် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် အခမ်းအနား ကို ဇွန် ၁၄ ရက်နေ့တွင် ရဝမ်ဒါနိုင်ငံ Kigali မြို့၌ကျင်းပမည် ဖြစ်သည်။

ကမ္ဘာတစ်ဝန်းလုံးရှိ သွေးလိုအပ်သော လူနာများအတွက် ထောက်ပံ့လှူဒါန်းပေးကြသော စေတနာသွေး လှူရှင်များကို အလေးအနက်ဂုဏ်ပြုလိုသကဲ့သို့ သွေးလှူဒါန်းမှုပြုကြသည့် စေတနာရှင်များ ပိုမိုတိုးပွား ပြန့်ပွားလာရေးကို ရည်ရွယ်၍ ၎င်းအခမ်းအနားကို ကမ္ဘာတစ်ဝန်းလုံးရှိ ကျန်းမာရေး စောင့်ရှောက်မှု တာဝန်ယူထားသည့် တာဝန်ရှိသူများကကျင်းပ ခြင်းဖြစ်သည်။

ယခုနှစ်အခမ်းအနား၏ ဦးတည်ချက်အဖြစ် ''Safe Blood for All'' ဟူ၍ သတ်မှတ်ထားပြီး ကမ္ဘာ တစ်ဝန်း၊ ဒေသအားလုံး၊ နိုင်ငံအားလုံးရှိ သွေးလိုအပ်သောလူနာများ အရည်အသွေးပြည့် မီသော သွေးနှင့်သွေးပစ္စည်းများကို လိုအပ်ချိန်တွင် အချိန်မီ သင့်တင့်သော အဖိုးအခဖြင့် ရရှိနိုင်စေရေး ဝိုင်းဝန်း ကြိုးပမ်းကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

သွေးနှင့်သွေးပစ္စည်များ လုံလောက်မျှတစွာ ထောက်ပံ့မှုကို နိုင်ငံအားလုံးရှိ ပြည်သူအားလုံး လက်လှမ်း မီသည့် ကျန်းမာရေးစောင့်ရှောက်မှု၏ အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ဆောင်ရွက်သင့်ကြောင်းလည်း တိုက်တွန်းနှိုးဆော်ထား သည်။

သွေးလှူဒါန်းမှုတိုးပွားလာစေရန် တိုက်တွန်းနှိုးဆော်

ထိုကဲ့သို့ လုံလောက်သောအရေအတွက်ရရှိရန် စေတနာ သွေးလှူရှင်များ၏ ထောက်ပံ့မှု သည် မရှိ မဖြစ်လိုအပ်သော အခန်းကဏ္ဍဖြစ်သောကြောင့် ပြည်သူများဘက်မှ သွေးလှူဒါန်းမှု တိုးပွား လာစေရန် တိုက်တွန်းနှိုးဆော်သကဲ့သို့ သွေးလှူဒါန်းမှုများကို လက်ခံသော သွေးဘဏ်များကလည်း သွေးလှူရှင် ကြီးများ၏ ကျန်းမာရေး၊ စိတ်ချမ်းမြေ့စွာ ပြန်လည် လှူဒါန်းနိုင်ရေးအတွက် ဝန်ဆောင်မှုကောင်းမွန် အောင် ကြိုးစားပေးကြရန် သတိပေးထားသည်။

သွေးသွင်းကုသမှုဟူသည်မှာလူတစ်ဦး၏ကိုယ်တွင်းမှ ဇီဝပစ္စည်းကို တခြားသူတစ်ဦး၏ ကိုယ်တွင်းသို့ ထည့်သွင်းခြင်း ဖြစ်၍ သွေးသွင်းကုသမှုခံယူရသော လူနာများအတွက် လုံခြုံစိတ်ချရမှုဟူသည်မှာ သွေးမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါပိုးများ ကင်းစင်ခြင်း တစ်ခုတည်းသာမဟုတ်ဘဲ သွေးအုပ်စု၊ ပဋိပစ္စည်းများ၊ ခန္ဓာကိုယ်၏ ခုခံအားနှင့်ဆိုင်သော ဇီဝပစ္စည်းများ၊ ရောဂါအမျိုးမျိုးအတွက် လိုအပ်သော မတူညီသည့် သွေးပစ္စည်းများနှင့် သက်ဆိုင်သော လုံခြုံစိတ်ချရမှုမှာလည်း အရေးကြီးသောထည့်သွင်း တိုင်းတာရမည့် အခြေအနေများဖြစ်သည်။

လုံလောက်မှုအတွက် ပြည်သူများ၏နားလည်ထောက်ပံ့မှုမှာ အရေးပါသကဲ့ သို့ထောက်ပံ့မှုများ စဉ်ဆက်မပြတ် လုံလောက်စွာရရှိနိုင်မှုအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စနစ်ကျစွာ တွက်ချက်၊ စိစစ်၊ စုဆောင်း၊ သိမ်းဆည်း၊ ဖြန့်ဖြူး ခြင်းတို့မှာလည်း အလွန်အရေးကြီးသောဝန်ဆောင်မှု ဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၁၈ ခုနှစ်အတွင်း သွေးယူနစ်ပေါင်း ၄၃၈၃၄၆ ကို လူနာများ အတွက် ထောက်ပံ့ခဲ့ကြပြီး ၇၂ ဒသမ ၀၄ ရာခိုင်နှုန်းမှာ စေတနာသွေးလှူရှင်ကြီးများ၏ ထောက်ပံ့မှု ဖြစ်ပေသည်။ ၎င်းတို့အနက် ၃၂ ရာခိုင်နှုန်းမှာ ရန်ကုန်မြို့ပေါ်ရှိ လူနာများ အတွက် ထောက်ပံ့ပေးကြသော သွေးလှူရှင်ကြီးများဖြစ်ပြီး ၎င်းတို့အနက်မှ ၆၉ ရာခိုင်နှုန်းသော သွေးလှူရှင်များသည် အမျိုးသားသွေး ဌာနတွင် လာရောက် လှူဒါန်းခဲ့ကြ သည်။ အမျိုးသားသွေးဌာနတွင် လာရောက် လှူဒါန်းသော သွေးလှူရှင်စုစုပေါင်း ၉၆၉၃၉ သည် ၎င်းတို့နှင့် သွေးသားတော်စပ်မှုရှိသော လူနာများအတွက်သာ ရည်ရွယ် ခြင်းမရှိဘဲ မည်သူမဆိုသွေးလိုအပ်ပါက လိုအပ်ချိန်တွင် ရရှိကြစေရန် မိမိတို့၏အားလပ်ချိန်တွင် လာ ရောက်လှူဒါန်း ပေးကြသော စေတနာသွေးလှူရှင်များဖြစ်ကြပါသည်။ နှလုံး ခွဲစိတ်သော လူနာများအတွက် ၉၂၁ ဦးသော သွေးလှူရှင်များက လိုအပ်ချိန်တွင်အသုံးပြုရန် စောင့်ဆိုင်းလှူဒါန်းပေးခဲ့ကြပါသည်။ ၎င်းတို့၏ လှူဒါန်းမှုကြောင့် လူနာများအတွက် သွေးယူနစ်ပေါင်း ၁၇၆၅၀၀ ကို အမျိုးသားသွေး ဌာန မှ ဆေးရုံ များသို့ ပြန်လည်ဖြန့်ဝေပေးနိုင်ခဲ့သည်။

အနှစ် ၄၀ ခန့် ကြောင့်ကြမှုကင်းစွာ ကုသမှုခံယူနိုင်

သွေးလှူဒါန်းမှုပြုခဲ့သော စေတနာသွေးလှူရှင်များတွင် အသက် ၂၀ မှ ၂၉ နှစ်ကြားရှိ လူငယ်များ၏ လှူဒါန်းမှုမှာ အမျိုးသားနှင့် အမျိုးသမီးနှစ်ဖက်လုံးတွင် ၅၁ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကြောင်း တွေ့ရှိ ရ၍ ၎င်းလူငယ်များ ဆက်လက်၍ စဉ်ဆက်မပြတ် လှူဒါန်းပါက နောင်အနှစ် ၄၀ ခန့်အထိ လူနာသွေး လိုအပ်မှုအတွက် ကြောင့်ကြမှုကင်းစွာ ကုသမှုခံယူ နိုင်မည်ဖြစ်ပေသည်။ ထို့အပြင် အသက် ၅၅ နှစ်အထက် သွေးလှူရှင် အမျိုးသား ၆၄၅ ဦးနှင့် အမျိုးသမီး ၂၄၈ ဦးတို့ ပါဝင်လှူဒါန်းခဲ့ကြကြောင်း တွေ့ရှိခဲ့သည်။

၂၀၁၈ ခုနှစ်၏ သွေးလှူဒါန်းမှုပိုမိုလိုအပ်လာခြင်းမှာ နှစ်စဉ်ထောက်ပံ့နေသော ပြည်သူ့ဆေးရုံ ၁၂ ရုံအပြင် အခြားပြည်သူ့ဆေးရုံ နှစ်ရုံ၏ လူနာများကို ထပ်မံတိုးချဲ့ ထောက်ပံ့ပေးသောကြောင့် ဖြစ်ပါ သည်။ ထောက်ပံ့မှုများ၏ ၉၉ ရာခိုင်နှုန်းမှာ စေတနာသွေးလှူရှင်များ၏ ထောက်ပံ့မှုဖြစ် သောကြောင့် လူနာများအတွက် လုံခြုံစိတ်ချရသော ကုသမှု ဖြစ်စေရန် စမ်းသပ်၊ ပြင်ဆင်၊ သိုလှောင်မှုများကို အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ သွေးမှတစ်ဆင့် ကူးစက်နိုင် သောရောဂါပိုးများ စစ်ဆေးခြင်းကို ၂၀၁၆ ခုနှစ်အထိ Rapid Diagnostic Test များဖြင့်သာ စစ်ဆေးပေးနိုင်သော်လည်း ၂၀၁၆ ခုနှစ် ဩဂုတ်လမှစ၍ ပိုးဝင်ရောက်ပြီး အချိန်တိုအတွင်း ၎င်းရောဂါပိုးကို စမ်းသပ်နိုင်သည့် Nucleic Acid Testing နည်းပညာဖြင့် မြှင့်တင်ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။

၂၀၁၉ ခုနှစ် မေလမှစ၍ Individual Nucleic Acid Testing နည်းပညာကို ထပ်မံတိုးမြှင့်ဆောင် ရွက်နိုင်ခဲ့သဖြင့် သွေးမှတစ်ဆင့်ကူးစက်နိုင်သော ရောဂါပိုးများ၏ အန္တရာယ်မှာ စိတ်ချရသော အခြေအနေသို့ ရောက်ရှိပြီး ဖြစ်ပါသည်။ ထိုကဲ့သို့ စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော် ဘဏ္ဍာမှ စေတနာသွေး လှူရှင်တစ်ဦး၏ လှူဒါန်းမှု တစ်ခုအတွက်ငွေကျပ် ၂၅၀၀၀ ခန့် ကျခံအသုံးပြု ပေးနေပါ သည်။ ထိုကြောင့် လူနာများကြောင့်ကြမှုကင်းစွာ ကုသမှုခံယူနိုင်ရန် စေတနာသွေး လှူရှင်များနှင့် နိုင်ငံတော်၏ ငွေကြေးကျခံနိုင်မှု တို့သည် အဓိကဖြစ်သောကြောင့် စေတနာသွေးလှူရှင်များ စဉ်ဆက်မပြတ်ရရှိရေးနှင့် ဘဏ္ဍာငွေစဉ်ဆက်မပြတ် ထောက်ပံ့နိုင်ရေးတို့မှာ လုံလောက်၍ စိတ်ချရ သော သွေးသွင်းကုသမှုအတွက် အလွန်အရေးကြီးသော စဉ်ဆက်မပြတ်ရရှိမည့် ထောက်ပံ့မှုများ ဖြစ်ကြောင်း ကိုလည်း ယခုနှစ်ကမ္ဘာ့သွေးလှူရှင်များနေ့တွင် ထည့်သွင်းနှိုးဆော်ပေးထားသည်။

ပြည်သူများ၏ အားပေးကူညီမှု

ယခုလက်ရှိ မြန်မာနိုင်ငံတွင် သွေးသွင်းကုသမှုများအတွက် လိုအပ်သောသွေးနှင့်သွေး ပစ္စည်းများကို အမျိုးသားသွေးဌာန မှအပ အခြားဆေးရုံများတွင် သီးခြားဝန်ထမ်းဖွဲ့စည်းမှု မရှိဘဲ ဓာတ်ခွဲခန်းများမှ အလှည့်ကျဝန်ထမ်းများကသာ တာဝန်ယူ နေရသော အခြေအနေဖြစ်၍ ယခုကဲ့သို့ ၇၅ ရာခိုင်နှုန်းသော စေတနာသွေးလှူရှင်များ၏ ထောက်ပံ့မှုမှာ သွေးလှူဘဏ်များ၏ တာဝန်ရှိဝန်ထမ်းများမှ အားစိုက်မှု ထက်ပြည်သူများ၏ အားပေးကူညီမှုက ပိုမိုအရေးပါနေကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် သင့်တော် သော ဝန်ထမ်းဖွဲ့စည်းမှုများရရှိအောင် ယခုနှစ်အတွင်း ကြိုးစားသွားမှသာ ၂၀၂၀ တွင် တစ်ကမ္ဘာ လုံး၌ သွေးသွင်းကုသမှုကို စေတနာသွေးလှူရှင်များဖြစ်သာ ထောက်ပံ့ကြပါစို့ဟု ဆုံးဖြတ်နှိုးဆော် ခဲ့သော ၂၀၁၉ ခုနှစ် Melbourne Declaration သည် အကောင် အထည်ပီပြင်မည်ဖြစ်သည်။

ထိရောက်သည့်ကုသမှု အကျိုးကျေးဇူးရရှိနိုင်ရန်လိုအပ်သည့် သွေးနှင့်သွေးပစ္စည်းများကို ၎င်းတို့ ဆက်လက်ရှင်သန်နိုင်မည့် အပူချိန်၊ ပတ်ဝန်းကျင်များတွင် ခွဲထုတ်သိုလှောင်ထားပြီး မှန်ကန်စွာ ပြန်လည်ပြုပြင်ပြီးမှ ပေးသွင်းနိုင်ရန်လိုအပ်သည်။ ထိုကဲ့သို့ သွေးပစ္စည်း များပြင်ဆင်၊ ခွဲထုတ်၊ သိုလှောင်ရာတွင် နည်းပညာအပူချိန်ထိန်းသိမ်းမှုတို့မှာ လွန်စွာ အရေးပါသော အကြောင်းတရားများ ဖြစ်ပေသည်။ အရေးပါသော အပူချိန် သတ်မှတ် ထိန်းသိမ်းမှုများကို တိုင်းတာရန်မှာလည်း မှန်ကန်မှု ရှိရန်လိုအပ်ပေသည်။ ထို့အပြင် ညွှန်ပြနေသောကိရိယာများ၏ အပူချိန်ညွှန်ပြသည့်အတိုင်း မှန်ကန်မှု ရှိ/မရှိတို့ကို တိကျစွာ သိရှိရန်လည်း လိုအပ်ပေသည်။ ထိုကဲ့သို့ လူသားများမှ ထုတ်ပေးထားသော ကုသပစ္စည်း များအဖြစ်ပြင်ဆင်ရာတွင် အဆင့်တိုင်း၌ အရည်အသွေးထိန်းချုပ်နိုင်ရန်မှာလည်း စေတနာ သွေးလှူရှင်များ ကြိုတင်လှူဒါန်းပေးမှသာနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများက လိုအပ်သည့် အရည်အသွေးရရှိမှုကို ထောက်ပံ့နိုင်မည်ဖြစ်သည်။

တူညီသောစံနှုန်းများအတိုင်း ဆောင်ရွက်ပေးမှု အရေးပါ

ထိုကဲ့သို့ စေတနာသွေးလှူရှင်များ လှူဒါန်းထားသော သွေးဖြင့် စနစ်တကျစမ်းသပ်ပြင်ဆင် ထိန်းသိမ်း ဖြန့်ဖြူးပေး ထားသော ထိရောက်စွာ ကုသမှုပေးနိုင်မည့်သွေးနှင့် သွေးပစ္စည်း များကို နိုင်ငံတစ်ဝန်း ဒေသတိုင်းရှိ သွေးလိုအပ်သော လူနာများခံစားနိုင်ရန်မှာ နည်းပညာ ဆိုင်ရာ တာဝန်ရှိသူများ၏ တူညီ သောစံနှုန်းများအတိုင်း ဆောင်ရွက်ပေးမှုသည် အရေးပါ သောအချက်ဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက် နိုင်ရန် ပြည်သူများ၏ နားလည်ထောက်ပံ့မှု၊ စနစ်ကျသောစီမံခန့်ခွဲမှု၊ ဘဏ္ဍာငွေ စဉ်ဆက်မပြတ်ရရှိမှု တို့မရှိပါက မည်သို့မျှ အကောင် အထည် ဖော်နိုင်မည်မဟုတ်ပါ။

ထို့ကြောင့် နိုင်ငံတစ်ဝန်းတူညီသော အရည်အသွေးရှိသည့် လုံခြုံစိတ်ချရသော သွေးနှင့်သွေး ပစ္စည်းများ လူနာများလိုအပ်ပါက လိုအပ်ချိန်တွင်အချိန်မီလက်လှမ်းမီစွာ ရရှိနိုင်ရေးအတွက် စေတနာရှင် ပြည်သူများ၊ စီမံခန့်ခွဲပေးသူများနှင့် နည်းပညာဆိုင်ရာ တာဝန်ရှိသူများ ဟန်ချက်ညီညီ ဆက်လက် ထောက်ပံ့နိုင်ပါစေကြောင်း တိုက်တွန်း အပ်ပါသည်။ ။

အထူးသတင်း
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •