နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မဲခေါင်- ဂျပန်ချစ်ကြည်ရေးနှစ် ၂၀၁၉ အခမ်းအနားတက်ရောက် - နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မဲခေါင်- ဂျပန်ချစ်ကြည်ရေးနှစ် ၂၀၁၉ အခမ်းအနားတက်ရောက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မဲခေါင်- ဂျပန်ချစ်ကြည်ရေးနှစ် ၂၀၁၉ အခမ်းအနားတက်ရောက်

Ministry of Information/ ​နေပြည်တော် / August 14, 2019
image_latest


နေပြည်တော် ဩဂုတ် ၁၄

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည့် မဲခေါင်-ဂျပန် ချစ်ကြည်ရေးနှစ် ၂၀၁၉ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

 

ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက မြန်မာ့မင်္ဂလာတေးသီချင်း၊ မဲခေါင်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့၏ ရိုးရာယဉ်ကျေးမှု အကအလှ များ၊ မဲခေါင်- ဂျပန် ဂုဏ်ပြုစုပေါင်းအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အနုပညာရှင်များကို ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမှာစကားပြောကြားရာတွင် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် သာမက အခြားသော ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့် နိုင်ငံများကို ဂျပန်နိုင်ငံက အကူအညီ ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ ရည်မှန်းချက်မှာ မဲခေါင်ဒေသနိုင်ငံများ၏ လူမှုရေးနှင့် စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေးပင် ဖြစ်ပါကြောင်း။

 

၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ (၃) နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည့် တိုကျိုမဟာဗျူဟာ ၂၀၁၈ ကိုလည်း ချမှတ်ခဲ့ပါကြောင်း၊ ထိုသို့ ချမှတ်ဆောင်ရွက်ရာ တွင် ဒေသတွင်း ပေါင်းစည်းချိတ်ဆက်မှု မြှင့်တင်ရေးမဏ္ဍိုင်၊ ပြည်သူအခြေပြု အဖွဲ့အစည်း မဏ္ဍိုင်နှင့် စိမ်းလန်းသောမဲခေါင် ဟူသည့် မဏ္ဍိုင် (၃)ရပ်ကို ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

မိမိတို့ ပြည်သူပြည်သားများ ပိုမိုနားလည်မှု၊ ခင်မင်မှု၊ ပူးပေါင်းဆောင်ရွက်မှု ရှိရေးကို အဓိက ဦးတည်ခြင်းပင်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် မိမိတို့နိုင်ငံ၊ ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးအတွက် အကျိုးရှိစေမည့် စိမ်းလန်းစိုပြေရေးကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

ယခုနှစ် ၂၀၁၉ ခုနှစ်ကို မဲခေါင်-ဂျပန် ချစ်ကြည်ရေးနှစ်အဖြစ် သတ်မှတ်ထားပါကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် မဲခေါင်ဒေသကို အခြေခံသည့် ရုပ်ရှင်ရိုက်ကူးခြင်း၊ မဲခေါင်ဒေသ စီးပွားရေး၊ ဖွံ့ဖြိုးရေးနှင့် ပတ်သက်သော ထွန်းသစ်စလူငယ်လုပ်ငန်းရှင်များ၏ အောင်မြင်သည့် စီမံကိန်း များ တင်ပြခြင်းနှင့် မဲခေါင်အလှ ပန်းချီပြပွဲ/ပြိုင်ပွဲ ကျင်းပခြင်းဆိုသည့် အစီအစဉ်(၃)ခုကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

အထူးသဖြင့် မိမိတို့သည် လူငယ်လုပ်ငန်းရှင်များ၏ ကဏ္ဍကို အထူးအလေးထားပါကြောင်း၊ မိမိတို့နိုင်ငံသည် အာဆီယံဒေသတွင်း ဖွံ့ဖြိုးမှုနည်းသည့် နိုင်ငံတွင် ပါဝင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် လူငယ်လုပ်ငန်းရှင်များကို အားကိုးပါကြောင်း၊ စီးပွားရေးအတွက် သာမကဘဲ ဆန်းသစ်တီထွင်တတ်သည့် လူငယ်များ၏ ဉာဏ်ပညာ၊ အတွေးအခေါ်များကိုလည်း အားကိုးပါကြောင်း။

 

ထို့ကြောင့် ယနေ့ကဲ့သို့ နေ့မျိုးသည် လူငယ်လုပ်ငန်းရှင်များ၏ တီထွင်နိုင်သည့် အရည်အသွေး နှင့် ဉာဏ်ပညာကို အားပေးသည့် နေ့တစ်နေ့ဖြစ်သည်ဟု ယူဆပါကြောင်း၊ ယခုဆိုလျှင် စတုတ္ထမြောက် နည်းပညာတော်လှန်ရေး စတင်နေပြီဟု ကမ္ဘာက သတ်မှတ်ထားပါကြောင်း။

 

ထိုကဲ့သို့ စတုတ္ထမြောက် နည်းပညာတော်လှန်ရေး၏ ကောင်းကျိုးများကို တော်တော်များများ က မီးမောင်းထိုးကြည့်နေကြပါကြောင်း၊ သို့သော်ငြားလည်း နည်းပညာ တော်လှန်ရေး၏ ဆိုးကျိုးများရှိသည်ကိုလည်း မမေ့သင့်ပါကြောင်း၊ မည်သည့်ကိစ္စမဆို ကောင်းကျိုး၊ ဆိုးကျိုး ဖြစ်ပေါ်နိုင်သည့်အတွက် ကောင်းကျိုးများကို ဦးစားပေးဆောင်ရွက်ရင်း ဆိုးကျိုးများ ပျောက်ကွယ်စေရန် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

 

နည်းပညာတော်လှန်ရေးခေတ်တွင် လူသားများ၏ အရည်အသွေးနှင့် အရေးပါမှုကို အလေးထား ရမည်ဖြစ်ပါကြောင်း၊ အဓိကထားရမည့် အကြောင်းအရာများတွင် လူသားချင်းဆက်ဆံရေး လည်း ပါဝင်ပါကြောင်း၊ လူသားချင်းဆက်ဆံရေးကို အဓိကထား ဆောင်ရွက်သွားမှသာ မိမိတို့ ကမ္ဘာကြီးသည် အစဉ်အမြဲတိုးတက်မည်ဖြစ်ပါကြောင်း။

 

စီးပွားရေးအောင်မြင်အောင် ဆောင်ရွက်ရာတွင် ပထမဦးဆုံးအနေဖြင့် အခြားသူများ၏ လိုအပ်ချက်က မည်သည့်အရာ ဖြစ်သည်ကို သိရှိအောင် ဆောင်ရွက်ရပါကြောင်း၊ မည်သူကမျှ လိုအပ်ခြင်းမရှိသည့် အရာများကို ထုတ်လုပ်ခြင်း၊ လုပ်ဆောင်ခြင်းသည် စီးပွားရေးအောင်မြင်မှု မရရှိနိုင်ပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့နိုင်ငံသားများ၏ လိုအပ်ချက် ဖြည့်ဆည်းပေးခြင်းဖြင့် တိုးတက်နိုင်မည် ဖြစ်ပါကြောင်း။

 

ထို့အတူပင် ဒေသတွင်းတွင်လည်း လက်တွဲဖက်နိုင်ငံများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရင်းဖြင့် ရှင်သန်သွားမည်ဆိုလျှင် တစ်နေ့ထက်တစ်နေ့ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ လူငယ်များအတွက် မိမိတို့အစိုးရအနေဖြင့် အထူး အလေးထား ဆောင်ရွက်နေပါကြောင်း။

 

သို့သော်ငြားလည်း လိုအပ်ချက်များသည် အချိန်နှင့်အမျှ ပြောင်းလဲနေမည် ဖြစ်ပါကြောင်း၊ မဲခေါင်ဒေသတွင်းရှိ လူငယ်များ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်စေရန် အထူးအလေးထားပါ ကြောင်း၊ မိမိတို့နိုင်ငံများသည် ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ပါကြောင်း။

 

သို့သော် မိမိတို့ဒေသနိုင်ငံများ၏ ယဉ်ကျေးမှုတွင် တန်ဖိုးရှိသည့် အတွေးအခေါ်များ၊ တန်ဖိုး ရှိသည့် အရာများပါဝင်ပါကြောင်း၊ ထိုအရာများကို ထိန်းသိမ်းထားခြင်းဖြင့် မိမိတို့ နိုင်ငံများ၏ တိုးတက်မှု၊ ဖွံ့ဖြိုးမှုကို ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များ စီးပွားရေးအရ ပြိုင်ဆိုင် ရာတွင် ခင်ခင်မင်မင်ပြိုင်ဆိုင်မှုကို မိမိတို့ဆိုလိုခြင်းဖြစ်ပါကြောင်း၊ ရန်သူသဖွယ် ပြိုင်ဆိုင်ခြင်း မဟုတ်ဘဲ တစ်ယောက် အရည်အချင်းတက်အောင် ကျန်တစ်ယောက်က တွန်းအားပေးသည့် ပုံစံမျိုးဖြင့် ပြိုင်ဆိုင်မှုကို မိမိတို့ဆိုလိုခြင်း ဖြစ်ပါကြောင်း။

 

မိမိတို့ မဲခေါင်ဒေသနိုင်ငံများနှင့်အတူ ဂျပန်နိုင်ငံပါဝင်ခြင်းမှာ ဝမ်းသာစရာဖြစ်ပါကြောင်း၊ ဂျပန် နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ တစ်ခုနှင့် မိမိတို့ပြိုင်ဆိုင်ခြင်းဖြင့် မိမိတို့အတွက် အရည်အချင်းများ ပိုမိုတိုးတက်လာအောင် အားပေးနေခြင်းဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံသည် မိမိတို့ နိုင်ငံများအပေါ် ခင်မင်သည့်စိတ်ဓါတ်၊ ဖွံ့ဖြိုးတိုးတက်စေချင်သည့် စေတနာဖြင့် ဝိုင်းဝန်းလုပ်ဆောင်ပေးနေသည့်အတွက် ယခုလို ကြုံကြိုက်သည့်အချိန်တွင် ကျေးဇူးတင်စကား ပြောကြားလိုကြောင်း။

 

ယခုဆိုလျှင် မိမိတို့ မဲခေါင်ဒေသနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာကို မဲခေါင်ဒေသ အတွင်းမှ လူငယ်များ၏ နည်းပညာ၊ တီထွင်ဆန်းသစ်မှုများနှင့် ပေါင်းစပ်ပြီး ပိုမိုဆန်းသစ် အားကောင်းစေရန် အားလုံးကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း၊ ထိုသို့ မျှော်မှန်းချက်များ ထားရှိခဲ့သည့်အတွက် ယနေ့ကျင်းပသည့် မဲခေါင်-ဂျပန် (၁၀) နှစ် ပြည့် အခမ်းအနားတွင် “မဲခေါင်ဒေသစီးပွားရေး၊ ဖွံ့ဖြိုးရေးနှင့် ပတ်သက်သော ထွန်းသစ်စလူငယ် လုပ်ငန်းရှင်များ၏ စီမံကိန်းများ တင်ပြဆွေးနွေးခြင်း”အစီအစဉ်ကို ထည့်သွင်းခဲ့ခြင်းဖြစ်ပါကြောင်း။

 

မိမိတို့ နောင်အတွက် စဉ်းစားရန်ဆိုသည်မှာ ယနေ့အပေါ်တွင် အခြေခံပါကြောင်း၊ အနာဂတ် သည် ပစ္စုပ္ပန်အပေါ်တွင် အခြေခံခြင်းဖြစ်ပါကြောင်း၊ ယနေ့ခေတ် လူငယ်များသည် နောင် တစ်ခေတ်တွင် လူကြီးများဖြစ်ပါကြောင်း၊ မိမိတို့ ဖွံ့ဖြိုးစနိုင်ငံများကလည်း နောင်တစ်ခေတ်တွင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများဖြစ်ရန်မှာ မိမိတို့ မျှော်မှန်းချက်များ ဖြစ်ပါကြောင်း၊ အောင်မြင် မည်ဟုလည်း ယုံကြည်ပါကြောင်း။

 

ထို့ကြောင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်သော အခွင့်အရေးများရလာသည့် အချိန်အခါတွင် အားလုံးက အကျိုးရှိအောင် အသုံးချစေလိုပါကြောင်း၊ မိမိတို့အချင်းချင်းအကြားတွင် ပိုမို နားလည်မှုရှိပြီး လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ ထပ်မံသတ်မှတ်နိုင်ရန် လိုအပ်ပါကြောင်း၊ တိုးတက်ရန်ဆိုသည်မှာ မျှော်လင့်နေရုံ၊ အိမ်မက်မက်နေရုံဖြင့် မရနိုင်ဘဲ ဝါယမစိုက်ထုတ် အလုပ်လုပ်ယူမှ ရမည်ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံ၏ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုသည် ဂျပန်နိုင်ငံသူ၊ နိုင်ငံသားများ၏ လုံ့လ၊ ဝိရီယကြောင့် ဆိုသည် ကို အများက လက်ခံယုံကြည်ပါကြောင်း။

 

 

ထို့ကြောင့် မိမိတို့သည်ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ပြီး မဲခေါင်-ဂျပန် (၁၀) နှစ်ပြည့် အထိမ်းအမှတ် ကျင်းပသည့် အခမ်းအနားမှ တစ်ယောက်နှင့်တစ်ယောက် မိတ်ဆွေများသဖွယ်၊ တစ်ယောက်နှင့်တစ်ယောက် ဆရာတပည့်များသဖွယ်၊ တစ်ယောက်ဆီက တစ်ယောက် သင်ယူ လိုသည့် စိတ်၊ မျှဝေသင်ပေးလိုသည့် စိတ်များ တိုးပွားနိုင်ပါစေဟု ဆုမွန်ကောင်းတောင်း ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုရရှိခဲ့သော လူငယ်များအား ဂုဏ်ပြုဆုများ ချီးမြှင့်ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က မဲခေါင်အဆင့်တွင် ပထမဆုရရှိခဲ့ပြီး နိုင်ငံတကာအဆင့် ယှဉ်ပြိုင်မှုသို့ တက်ရောက်ကာ အမေရိကန်နိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာ စီးပွားရေးပုံစံငယ် ယှဉ်ပြိုင်ပွဲ ၂၀၁၉ တွင် တတိယဆုရရှိခဲ့သည့် MMtutors Group အား ဆုပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသည့် စက်ရုပ်ယှဉ်ပြိုင်ပွဲ ၂၀၁၉ တွင် ပထမဆုရ ရှိခဲ့သည့် ရန်ကုန်နည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများကိုလည်းကောင်း၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် ဆူရာနရီးနည်းပညာတက္ကသိုလ်၏ ပထမအကြိမ် ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင် ဆန်းသစ်မှု လူငယ်များ စီးပွားရေး အမြင်သစ် ပုံစံငယ်ယှဉ်ပြိုင်ပွဲ ၂၀၁၈ တွင် ဒုတိယဆုရရှိခဲ့ကြ သည့် မန္တလေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများကိုလည်းကောင်း၊ ဂျပန်သံအမတ်ကြီး Mr.Ichiro Maruyama က အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပသည့် အာဆီယံသတင်း အချက်အလက်ဆက်သွယ်ရေး နည်းပညာအတွက် စက်ရုံထိန်းချုပ်မှုလုံခြုံရေး Block Chain နည်းပညာ ယှဉ်ပြိုင်ပွဲ ၂၀၁၈ တွင် ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦးကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် ဆုရရှိသူများကိုယ်စား MMtutors Group မှ မဖူးပွင့်အိမ်က ကျေးဇူးတင်စကား ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများ၊ လွှတ်တော်ကော်မတီဥက္ကဋ္ဌများ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌတို့သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှု ဆောင်ရွက်နေကြသည့် ဂျပန်နိုင်ငံနှင့် မဲခေါင်နိုင်ငံများမှ လုပ်ငန်းရှင်များ၊ ဆုရရှိသူများ၊ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြသူများနှင့်လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် သည်။

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်းအနားတက်ရောက် လာကြသူများနှင့် အတူ မဲခေါင်-ဂျပန် ချစ်ကြည်ရေးနှစ် ၂၀၁၉ အခမ်းအနားတွင် ထွန်းသစ်စလူငယ်လုပ်ငန်းရှင် များ၏ ဆန်းသစ်တီထွင်ထားသော ကုန်စည်များ၊ နည်းပညာများ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုကြသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကော်မတီဥက္ကဋ္ဌ များနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံနှင့် မဲခေါင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နေကြသည့် ဂျပန်နိုင်ငံနှင့် မဲခေါင်နိုင်ငံများမှ လုပ်ငန်းရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အငယ်စား၊ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ယင်းနောက် မဲခေါင်-ဂျပန် ချစ်ကြည်ရေးနှစ်၂၀၁၉ ဆွေးနွေးပွဲအစီအစဉ်များကို ဆက်လက် ကျင်းပရာ မဲခေါင်ဒေသတွင်း လူငယ်စွန့်ဦးတီထွင်သူများက ၎င်းတို့၏ အောင်မြင်သော စီမံကိန်း အတွေ့အကြုံများကို တင်ပြဆွေးနွေးကြပြီး ပြည်တွင်းပြည်ပ စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် ပညာရှင်များက လုပ်ငန်းခွင်များ၏အနာဂတ် - စွန့်ဦး တီထွင်လုပ်ငန်းရှင်များ၏ အခွင့်အလမ်း များ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

 

(သတင်းစဉ်)

အထူးသတင်း
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •