ချင်းတောင်ပေါ်က ကျေးလက်လမ်း

Ministry of Cooperatives and Rural Development | Feb 07, 2023

 ချင်းပြည်နယ်သည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်မှစ၍ “ချင်းဝိသေသတိုင်း” အဖြစ် တည်ရှိခဲ့ပြီး အများပြည်သူတို့၏ဆန္ဒနှင့်အညီ ၁၉၇၄ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှစ၍ “ချင်းပြည်နယ်” အဖြစ် ရပ်တည်လျက်ရှိသည်‌။ ၂၀၁၅ခုနှစ်အထိ နေထိုင်ကြသော ချင်းတိုင်းရင်းသားမျိုးနွယ်စု ၅၆ စု ရှိသည်ဟု သိရပြီး ပြည်နယ်အကျယ်အဝန်းမှာ ၈၉၀၀၄၅၉ ဧက ကျယ်ဝန်းသည်။

          စိမ်းညို့မှိုင်းမှိုင်းတောင်တန်းကြီးများပေါ်ရှိ အဆိုပါချင်းပြည်နယ်သို့သွားရန် ကျွန်တော်သည် မြန်မာ့လေကြောင်းလိုင်းဖြင့် ရန်ကုန်မှ လိုက်ပါခဲ့ရာ ကလေးလေဆိပ်သို့ နံနက် ၁၁နာရီခွဲတွင်ရောက် ရှိသည်။ ကလေးလေဆိပ်မှ ကားဖြင့် ထွက်ခဲ့ရာ ချင်းပြည်နယ်၏ ခရိုင်မြို့တစ်မြို့ဖြစ်သော ဖလမ်းမြို့သို့ ညနေပိုင်းတွင်ရောက်ရှိခဲ့ပြီး ချင်းပြည်နယ်ခရီးအစ ပထမအဖြစ် အိပ်ခဲ့သည်။ နောက်တစ်နေ့တွင် ချင်းပြည်နယ်၏ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကားနှစ်စီးဖြင့် ကျေးလက်လမ်းများရှိရာသို့ ထွက်ခဲ့ကြသည်။ ပထမဆုံးရောက်ခဲ့သည်က ချင်းပြည်နယ် ဖလမ်းမြို့နယ် တလပ်လွန်-ခဲင်ကန်-ခေါရွာ-ကျဲရ်မွှန်လမ်းပိုင်းဖြစ်သည်။

အိမ်ခြေ ၁၈၄အိမ်၊ လူဦးရေ ၈၆၉ ဦး

            တလပ်လွန်-ခဲင်ကန်-ခေါရွာ-ကျဲရ်မွှန်လမ်းသည် ဖလမ်း-ရိဒ်-ရေကံလမ်း မိုင်တိုင် ၆ မိုင် ၃ ဖာလုံ (တလပ်လွန်ဒေသ)မှ ခဲင်ကန်-ခေါရွာ-ကျဲရ်မွန်ကျေးရွာများကိုဖြတ်ကာ ဖလမ်း-ရိဒ်-ရေကံလမ်းမိုင်တိုင် ၉မိုင် ၆ဖာလုံ နှင့် ၉ မိုင် ၇ဖာလုံ ကြားသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းဖြစ်သည်။ ဖလမ်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ လမ်းအဆင့်သတ်မှတ်ချက် ‌A စာရင်း၌ ပါဝင်ပြီး ကျေးရွာ ငါးရွာ၊ အိမ်ခြေ ၁၈၄ အိမ်၊ လူဦးရေ ၈၆၉ ဦးတို့အားအကျိုးပြုသော ရွာချင်းဆက်လမ်းမကြီး ဖြစ်သည်။

          အဆိုပါလမ်းသည် ယခင်က လမ်းအရှည်(၆/၄)မိုင်ရှိသော ကျေးရွာချင်းဆက် ဆိုင်ကယ်လမ်းဖြစ်ရာ ကားလမ်းအဖြစ် ဖောက်လုပ်ရာတွင် လမ်းအူကြောင်း ပြောင်းလဲဖောက်လုပ်သည့်အပိုင်းများရှိခြင်းကြောင့် လက်ရှိတွင် လမ်းအရှည် (၇/၄)မိုင် ရှိပါသည်။

          ကျွန်တော်တို့သည် အဆိုပါ ကျေးလက်လမ်းအတိုင်း ခရီးဆက်ခဲ့ရာ မွန်လှရွာကိုအရောက်တွင် မျှော်လင့်မထားသော ကျေးရွာလူထု၏ကြိုဆိုမှုကိုတွေ့လိုက်ရသည်။ တစ်ရွာလုံးတန်းစီ၍ နှုတ်ဆက်သည်။ ကျေးလက် သားပျိူသမီးပျိုလေးများက တူညီဝတ်စုံဝတ်၍ ဇော်(လ်) ခေါစီရယ်အကဖြင့် ကပြဖျော်ဖြေ ကြသည်။ ထိုရွာလေးသည် ဖလမ်းမြို့မှ ၅၇မိုင် ၄ ဖာလုံဝေးသည့် အိမ်ခြေ ၃၉ရှိပြီး ချင်းလူမျိုး ၁၇၅ဦး နေထိုင် ၍ နွားနောက်မွေးခြင်း၊ စပါးစိုက်ခြင်း၊ ဆေးရွက်ကြီးများစိုက်ပျိုးခြင်းကို လုပ်ကိုင်စားသောက်ပြီး အေးချမ်း သာယာသော ချင်းတောင်တန်းများပေါ်မှ ရွာတစ်ရွာဖြစ်သည်။         

ရိဒ်ရေကန်ကြီးသည် ပေ ၆၀ လောက်နက်

          ကျွန်တော်တို့သည် ထိုရွာမှ ခရီးဆက်ခဲ့ရာ ညနေပိုင်းတွင် ကမ္ဘာကျော် ချင်းပြည်နယ်မှ ရိဒ်ရေကန်ကြီး ရှိရာ ရိဒ်ခေါဒါရ်မြို့သို့ ရောက်ရှိခဲ့သည်။ ချင်းတောင်တန်းကြီးပတ်ခွေဝန်းရံထားသော ကြားတွင် အသည်းပုံ ရေကန် ကြီးသည် ကျွန်တော့်အဖို့ အမြင်ဆန်းလွန်းလှသည်။ ကန်၏အပေါ် ပေ ၂၀ လောက်မှ ကန်ကိုကြည့်ရ သော်လည်း ကန်တွင်းရှိ ရေများကြည်လင်စိမ်းလဲ့နေသည်ကို အတိုင်းသားတွေ့နေရသည်။ ရိဒ်ရေကန်ကြီး သည် ပေ ၆၀လောက်နက်သည်။ ကန်ရေသည် တစ်နှစ်တစ်ကြိမ်၊ ဒီဇင်ဘာလတွင် နောက်သည်။ အင်္ဂလိပ် အစိုးရလက်ထက်က ကန်မှ ရေများကို သံပိုက်များဖြင့် ရေမြောင်းသွယ်၍ ဖောက်ထုတ်ခဲ့ကြသောသူများ ကန်ရေများမခန်းခင် ကန်တွင်းမှ နဂါးနှစ်ကောင်ရေပေါ်ထောင်ပေါ်လာပြီး လှုပ်ယမ်းခဲ့သဖြင့် ရေများ  ဖောက်ထုတ်နေသော သံပိုက်လုံးများပြိုကျကာ ကန်ရေဖောက်ထုတ်သူအားလုံးသေဆုံးသွားခဲ့ဖူးသည် ဟု ဆိုကြသည်။ ထိုအချိန်ကတည်းက ကန်မှ ရေဖောက်ထုတ်ရန် မည်သူမျှမလုပ်ရဲတော့ဟု ဆိုသည်။ ရိဒ်ရေကန် မှရေများနွေရောမိုးပါ ရေလျှံခြင်း၊ ရေခန်းခြင်းမရှိဟုဆိုသည်။ ထိုနေ့ညနေက ရိဒ်ရေကန်အနီးရှိ ပြည်ထောင်စု ရိပ်သာ၌ ညအိပ်ကြသည်။

          ကျွန်တော်သည် ညကအိပ်ခဲ့သော ရိဒ်ပြည်ထောင်စုရိပ်သာမှ စောစောထွက်ပြီး ရိဒ်ရေကန်ဘေးရှိ စားသောက်ဆိုင်၌ အဆာပြေစားရင်း ရေကန်ကြီးကို အနီးကပ်ကြည့်ရှုနေမိသည်။ မကြာခင် ကျွန်တော် ရိဒ်ရေကန်မှခွာ၍ ရိဒ်ခေါဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနယ်စပ် တံတားလေးပေါ်ဖြတ်ကူးကြည့်သည်။ တံတားလေး သည် ပေ ၁၀၀ လောက်သာရှိသော သံပြင်ခင်းဘေလီတံတားဖြစ်သည်။ တံတားပေါ်မှ ဖြတ်ကူး၍ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ တောင်ကုန်းတစ်ခုပေါ်တက်ပြီး ချင်းပြည်နယ်ကို လှမ်းမျှော်ကြည့်လိုက်သည်။ စိမ်းညို့ညို့အရောင်နှင့် မြင့်မားသည့်တောင်တန်းကြီးများ၊ ကျေးငှက်သံများ၊ ချင်းတိုင်းရင်းသားတို့၏ ဗုံမောင်းသံများ၊ နွားနောက်ချိုးမှုတ်သံများ၊ ရိုးရာအက၊ ရိုးရာအလှနှင့် တောင်တန်းကြီးများ၏ ‌အောက်ခြေတွင် ကွေ့ပတ်စီးဆင်းနေသည့် စမ်းချောင်းကလေးများ စသည်တို့ကို ကျွန်တော့်စိတ်ထဲမှ မြင်နေရသည်၊၊ အဆိုပါအလှတရားများသည် ချင်းတောင်တန်းပေါ်တွင် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ရှိသည်များဖြစ်သည်။

အမြင့်ဆုံးတောင်မှာ ဝိတိုရိယ၊

အရှည်ဆုံးမြစ်မှာ ကုလားတန်မြစ်

          ချင်းပြည်နယ်သည် မြေမျက်နှာသွင်ပြင် အနေအထားအရ မြောက်ဘက်တွင် ပေ ၈၀၀၀ကျော်၊ တောင်ဘက်တွင် ပေ ၁၀၀၀၀ ကျော်မြင့်သော တောင်ကြောများရှိသည်၊၊ ချင်းပြည်နယ်၏အလယ်ဗဟိုမှ ရေဝေကုန်းတန်းများအဖြစ် မြောက်မှတောင်သို့သွယ်တန်းလျက်ရှိပြီး ပြည်နယ်၏ အလယ်သို့ရောက် သောအခါ အနောက်ဘက်သို့ ယိမ်းသွားသည်။ ပြည်နယ်အတွင်း အမြင့်ဆုံးတောင်မှာ ဝိတိုရိယ (ခ) ခေါ်နူးစုမ် (ခ) နတ်မတောင် ဖြစ်ပြီး အမြင့်ပေ ၁၀၅၀၀ နှင့် အရှည်ဆုံးမြစ်မှာ ကုလားတန်မြစ်ဖြစ်သည်။

          ဘွေနူးမြစ်သည် ဖလမ်းမြို့နယ်တွင် မြစ်ဖျားခံ၍ ဟားခါးမြို့နယ်နှင့်ထန်တလန်မြို့နယ်အကြား ‌ တောင်ဘက်သို့ စီးဆင်းပြီး ထန်တလန်မြို့နယ် အိန္ဒိယနိုင်ငံအတွင်း ၎င်းမှတစ်ဆင့် ရခိုင်ပြည်နယ် ပလက်ဝမြို့နယ်မှ ကုလားတန်မြစ်အတွင်းစီးဝင်သွားသည်။ မန်ပူရ်မြစ်သည် အိန္ဒိယနိုင်ငံတွင် မြစ်ဖျားခံ ပြီး ကလေးမြို့နယ် မြစ်သာမြစ်အတွင်းသို့ စီးဝင်သွားသည်။

          ကျွန်တော်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ပြန်လာပြီးနောက် ကားပေါ်တက်၍ ကမ္ဘာကျော် ရိဒ်ရေကန်သွား ကျေးလက်လမ်းအတိုင်း ကျဲရ်မွှန်-ခေါရွာ-ခဲင်ကန်-တလပ်လွန် ကျေးရွာတို့ကိုဖြတ်၍ ဖလမ်းသို့ပြန်ခဲ့သည်။ မွန်လွှရွာတွင် မွန်လွှ-ဘွမ်နဲလ်လမ်းရှိသည်။ ထိုလမ်းကို ဖလမ်းမြို့နယ် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ  Pilot Project ဖြင့် ဖောက်လုပ်ထားသော ဆဒက်-သီးကျိရ်-မွန်လွှ-ကော့သဲ-လျှန်နှာ (ဟ) လျှန်နှာ (သ) - တီအိုချောင်းလမ်း လမ်းအရှည်မိုင် ၂၁ဒဿမ ၆မိုင် ပေါ်ရှိ မိုင်တိုင်အမှတ် ၉ ဒဿမ ၄ ၌ တည်ရှိသော မွန်လွှကျေးရွာမှ ဘွမ်နဲလ်ရှုခင်းသို့သွားသောလမ်းဖြစ်သည်။

မွန်လွှရွာ တောင်ကမူပေါင်း ၄၇ ခုကျော်ဖြင့် ဖွဲ့စည်းထား

          မွန်လွှရွာအနီးရှိ ဘွမ်နဲလ်ရှုခင်းသည် အလွန်သာယာသောရှုခင်းဖြစ်ပြီး ၃ ဒဿမ ၆ မိုင်ပတ်လည် ခန့် ကျယ်ပြန့်ကာ တောင်ကမူပေါင်း ၄၇ ခုကျော်ဖြင့် ဖွဲ့စည်းထားသည်။ ရှုခင်း၏အလယ်၌ ကွေ့ကောက် စီးဆင်းသော ချောင်းငယ်ရှိပြီး အလွန်သာယာအေးမြသော ရာသီဥတုရှိသည့် ဒေသဖြစ်သည်။ ၎င်းဘွမ်နဲလ် ရှုခင်းသို့ ယခင်က ဒေသခံပြည်သူများသာမက အိန္ဒိယနိုင်ငံ မီဇိုးတိုင်းရင်းသားများပါ လာရောက်လည်ပတ် အပန်းဖြေလျက်ရှိသည်။ ယခုအခါ ကမ္ဘာလှည့်ခရီးသည်များလည်း လာရောက်လည်ပတ် အပန်းဖြေလျက် ရှိကြသည်။

          မွန်လွှ-ဘွမ်နဲလ်လမ်းသည် ယခင်က ဒေသခံကျေးရွာများမှ ကိုယ်ထူကိုယ်ထဖောက်လုပ်ခဲ့သော လူသွားလမ်းသာဖြစ်ပြီး ခြေကျင်ခရီးဖြင့်သာ သွားလာရသည်။ တစ်နေ့တစ်ခြားများပြားလာသည့် ရှုခင်း ကြည့်ရှုအပန်းဖြေသူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်‌ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ၄-၃-၂၀၁၉ ရက်နေ့ ဖလမ်းမြို့နယ် ဆဒက်-သီးကျိရ်-မွန်လွှ-ကော့သဲ-လျှန်နှာ (ဟ) လျှန်နှာ (သ) - တီအိုချောင်းလမ်း ကွင်းဆင်းစစ်ဆေးသည့် ခရီးစဉ်တွင် မွန်လွှကျေးရွာသို့ ရောက်ရှိပြီး မွန်လွှ-ဘွမ်နဲလ်လမ်းကို ကားလမ်းဖောက်လုပ်ရန် ဖလမ်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကွင်းဆင်းတိုင်းတာခဲ့ကာ ရန်ပုံငွေရရှိရေး တင်ပြတောင်းခံခဲ့ရာ ပြည်နယ်ရန်ပုံငွေ ကျပ် ၂၆၃ သန်း ရရှိသဖြင့် မွန်လွှ-ဘွမ်နဲလ်လမ်း ၄/၀ မိုင်အား ၁၈ ပေအကျယ် လမ်းသစ်ဖောက်လုပ်ခြင်းနှင့် လူသွားလမ်း အဖြစ် ၁/၀ မိုင်အတွင်း လိုအပ်သောနေရာတွင် ကွန်ကရစ်လှေကားထစ်နှင့် Steel လက်ရန်းပြုလုပ်ခြင်း၊ မြေကာနံရံနှင့် ကွန်ကရစ်ရေထုတ်ပြွန်များ တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများအား ၂၀၁၉ ခုနှစ် အောက်တိုဘာလမှစ၍ လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယခုအခါ လမ်းဖောက်လုပ်ခြင်း ၁/၄ မိုင်ခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး လုပ်ငန်းအမြန်ပြီးစီး‌ရေးအတွက် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

              ကျွန်တော်တို့ မွန်လွှမှပြန်တော့ ညနေစောင်းနေပြီဖြစ်သဖြင့် ဖလမ်းသို့ တောက်လျှောက်ပြန်ခဲ့ ကြသည်။ ဖလမ်းဆောင်းအကြို ညအေးအေးလေးက ကျွန်တော်တို့အား ဆီးကြိုနေသည်။

          နံနက်တွင် ကျေးလက်လမ်းဦးစီးဌာနက ဖလမ်းမှ အိန္ဒိယနယ်စပ် ရိဒ်ခေါဒါရ်ကျေးလက်လမ်း၊ မွန်လွှ-ဘွမ်နဲလ်ရှုခင်းသာလမ်းအကြောင်းနှင့် ဖလမ်းခရိုင်မှ ပြုစုထားသော လုပ်ငန်းဆောင်ရွက်မှု တင်ပြ ချက်များစာအုပ်များကို ယူ၍ ဟားခါးသို့ ထွက်ခဲ့ကြသည်။ ဖလမ်း-ဟားခါးလမ်းသည် ကလေး-ဖလမ်း လမ်းကဲ့သို့ မဆိုးသော နှစ်လမ်းသွား ကတ္တရာလမ်းဖြစ်သည်။ အကွေ့နေရာများ၌ ကားသုံးစီးမျှ ရှောင်ရ အောင် တောင်များဖွဲ့၍ ချဲ့ထားသည်။ ချင်းပြည်နယ်သည် မြန်မာပြည်အစွန်အဖျားဒေသမှ ပြည်နယ် တစ်ခုဖြစ်သည့်အပြင် ၂၀၁၅ ခုနှစ်က သဘာဝဘေးဒဏ်ခံခဲ့ရပြီး တောင်ပြိုမြေပြိုဖြစ်ခဲ့သဖြင့် တောင်ပေါ် ကားလမ်းများ အများအပြားပျက်စီးခဲ့ရသည်။  တောင်ပြိုကျရာမှ ကားလမ်းပေါ်ကျနေသည့် မြေများကြောင့် ကားလမ်းဆက်သွယ်မှု မပြတ်တောက်ရအောင် လမ်းပိတ်မြေများ ဖယ်ရှားခြင်း၊ လမ်းချဲ့ခြင်းတို့ကိုသာ ဦးစားပေးပြုလုပ်ခဲ့ရပြီး ကတ္တရာအသစ်ခင်းခြင်းကို ဘဏ္ဍာငွေအခြေအနေအရ မဆောင်ရွက်နိုင်ခဲ့သော ကြောင့် မြေသားလမ်းဖြစ်သွားသော အပိုင်းများက များသွားပြီး ချိုင့်ခွက်ပေါသောလမ်းများ ဖြစ်သွားရသည် ဟု ဆိုသည်။ ရေလမ်းမရှိ၊ လေကြောင်းလမ်းကလည်းမပြီးသေးသော ချင်းပြည်နယ်သည် ကားလမ်းကိုသာ အားကိုးနေရသော ပြည်နယ်တစ်ခုဖြစ်သည်။ ထို့ကြောင့် ကလေး-ဖလမ်းသွား အဓိကကားလမ်းများ ကောင်းကောင်းမွန်မွန်ရှိပါစေဟု ကျွန်တော်ဆုတောင်းနေမိပါသည်။

ခရမ်းစိုးမြင့်