နယ်စပ်ဒေသ၊ သမ/ကျေးလက်နှင့် တိုင်းဧရာတို့သည်

Ministry of Cooperatives and Rural Development | Jun 22, 2022

မက်မန်းမြို့က ဖုန်းခေါ်သံ

 “ဟဲလို…..အဘရေ ကျွန်တော်ကိုဗလပါဗျ”

          ဇွန်လ ၁၇ ရက်နေ့ နံနက်ခင်းမှာ ကျွန်တော့်ထံသို့ အစောဆုံးဝင်ရောက်လာသော ဖုန်းခေါ်သံ ဖြစ်သည်။ ဖုန်းဆက်သူမှာ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့တွင် နေထိုင်သော ကိုဗလဖြစ်သည်။ သူ့နာမည်ရင်းက ကိုမိုးခိုင်၊ သို့သော် မည်သူကမျှ ကိုမိုးခိုင်ဟု မခေါ်၊ မက်မန်းနှင့် ကျိုင်းတုံဒေသတစ်ခုလုံး သူ့ကို သိသမျှလူတွေက ကိုဗလဟုပဲ ခေါ်ကြ သည်။ ခေါ်၍သာ ခေါ်နေကြသည် ဗလကောင်းကောင်း ထောင်ထောင်မောင်းမောင်းလည်း မဟုတ်ပြန်ပါချေ။ သေးသေးညှက်ညှက်လေးဖြစ်၏။ Nick Name ဟူ၍ပဲ ဆိုကြပါစို့ရဲ့။

          “မှတ်မိပါတယ် ကိုဗလရဲ့ ပြောပါဗျ”

          “မက်မန်းအထက်တန်းကျောင်းက အယောက် ၂၀ အောင်တယ် အဘရေ”

          “ဟာ ဟုတ်လား၊ ဝမ်းသာတယ်ဗျာ၊ ဂုဏ်ထူးတွေရော ထွက်ကြတယ်မို့လား”

          “၆ ယောက်က ဂုဏ်ထူးတစ်ဘာသာစီပါတယ်ဗျ”

      သူဖုန်းဆက်ပြီး မကြာမီမှာပင် မက်မန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ် ရေးမှူး ဦးထွန်းလင်းအောင်က ဆက်လာပြန်သည်။ ဦးထွန်းလင်းအောင်သည် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) အမှတ်စဉ် (၁) ကျောင်း ဆင်းဖြစ်သည်။ ထို့ပြင်တဝ သူသည် ပရဟိတ(ကျား)ကျောင်းထွက်၊ ‘ဝ’တိုင်းရင်းသားတစ်ဦး ဖြစ်နေ၍ လေးမျက်နှာပရဟိတကျောင်းထွက် ကျွန်တော်နှင့်လာ၍ ရေစက်ကဆုံနေပြန်ပါသည်။

“အေး - ကိုထွန်းလင်းအောင်ရေ၊ မက်မန်းအထက်တန်းကျောင်း အောင်ချက်ကို သိရပါပြီ၊ တစ်ခုပဲမှာချင်တယ်၊ မက်မန်းအထက်တန်းကျောင်းမှာ ကိုယ်လာပြီး ဟောပြောတုန်းက ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ဒီဂရီကောလိပ် ဝင်ခွင့်စာမေးပွဲအတွက် လေ့လာဖို့ မေးခွန်းဟောင်းတွေပေးခဲ့တယ်။ ကလေးတွေ လေ့လာနိုင်အောင် ဆောင်ရွက်ပေးပါကွာ”

          ၂၀၁၈ ခုနှစ်ထဲမှာ နတလဝန်ထမ်းဘဝနှင့် မက်မန်းမြို့လေးသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည်။ ယခုနှစ် မတ်လ ၄ ရက်နေ့မှာ ဒုတိယအကြိမ်မြောက် သွားရောက်ခဲ့သည့် ခရီးစဉ်ကမူ အငြိမ်းစားဝန်ထမ်းဘဝနှင့် ဖြစ်ပါသည်။ ထို့နေ့ မွန်းလွဲပိုင်းမှာ မက်မန်း အထကမှ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူလေးများနှင့် တွေ့ဆုံ၍ စာမေးပွဲအောင်မြင်အောင် ကြိုးစားလေ့ကျင့်ဖြေဆိုကြရန် အားပေးတိုက်တွန်းခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်လာသူများအနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များသို့ တက်ရောက်သင်ယူခွင့်ရရှိရေး ရှင်းလင်း ဟောပြော ဆွေးနွေးခဲ့သည်။ ကိုရင်လေးများအပါအဝင် ကျောင်းမှ ၄၆ ဦး၊ ပြင်ပဖြေ ၁၇ ဦး၊ စုစုပေါင်း ၆၃ ဦး တက်ရောက်နားထောင်ကြသည်။ သည်အထဲကမှ ၂၀ အောင်မြင်ခဲ့ကြပါပြီ။ ကြည်နူးဝမ်းသာရှိလိုက်ပါဘိ။

ဒုတိယမြောက် မင်္ဂလာသတင်း

          ထိုနေ့မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ပေးခဲ့သောကြောင့် တယ်လီဖုန်းလိုင်းဖွင့်လိုက်သည်နှင့် အောင်မြင်သည့် သားငယ် သမီးငယ်များကို ဝိုင်းဝန်း ချီးကျူးဂုဏ်ပြုကြတာတွေ ပလူပျံနေပါတော့သည်။ ကျွန်တော့်အသိမိတ်ဆွေများ၏ သားငယ် သမီးငယ်များကို ကျွန်တော်လည်း ဝင်ရောက်ဂုဏ်ပြုပေးခဲ့သည်။ ထိုအချိန်မှာပဲ နတလဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦး ပေးပို့လိုက်သော မင်္ဂလာသတင်းတစ်ခု ရောက်လာပါတော့သည်။ အထကခေါင်လန်ဖူး စာစစ်ဌာနမှ ၉ ယောက် အောင်မြင်သည်။ ဂုဏ်ထူးများလည်း ထွက်ကြသည်…တဲ့။ ရော်…ဝမ်းသာလိုက်သည်ဖြစ်ခြင်း။ သိပ်မကြာမီ မှာပင် ခေါင်လန်ဖူးမြို့နယ် ပညာရေးမှူး ဆရာမကြီး နန်းရီရီသန်းက Viber မှ အောင်စာရင်း ကို ထပ်မံပေးပို့လာပါသည်။ ၃၅ ယောက်ဖြေ၊ ၉ ယောက်အောင်၊ ၃ ဘာသာဂုဏ်ထူး ၃ ယောက်၊ ၁ ဘာသာဂုဏ်ထူး ၂ ယောက်ပါဝင်ပါသည်။ တော်လိုက်ကြတဲ့ ခေါင်လန်ဖူး၊ ဇန်ယော့၊ ရှိန်းခေါင်က သားသမီးတွေ၊ စာမေးပွဲအောင်ရုံမျှမက ဂုဏ်ထူးတွေတောင် ထွက် လိုက်ကြသေး။ အပင်ပန်းခံ စေတနာထား သင်ကြားပေးသည့် ဆရာ၊ ဆရာမများကိုလည်း အထူးပဲ လေးစားကျေးဇူးတင်မိသည်။

          ကျွန်တော်နှင့် ခေါင်လန်ဖူး၏ ရေစက်က အလွန်ပင် ကြီးမားနက်ရှိုင်းခဲ့သည်။ နယ်စပ် ရေးရာဝန်ကြီးဌာန၊ နတလမှာ တာဝန်ထမ်းဆောင်ခဲ့စဉ် မဂွေဇ-ခေါင်လန်ဖူးကားလမ်း ၆၅/၄ မိုင် ဖောက်လုပ်နေမှုကို ကြီးကြပ်ကွပ်ကဲရန် ၂၀၁၈ ခုနှစ်၊ မတ်လမှာ ပူတာအိုမှတစ်ဆင့် နောင်မွန်၊ ပန်နန်းဒင် ဒေသများသို့ စတင်ရောက်ဖူးခဲ့သည်။ ထိုစဉ်က မဂွေဇ-ခေါင်လန်ဖူး ကားလမ်းသည် မိုင်တိုင် ၃၀ သို့ပင် မရောက်သေးပါ။ ထိုမှ ၃၃/၆ မိုင်ရှိ အမြင့် ၇၇၀၀ ပေ ကျောက်တောင်ကြီးကို မိုင်းများခွဲ၍ ကျားကုတ်ကျားခဲ ဖောက်ခဲ့ကြရသည်။ ကားလမ်း ဖောက်နေရင်းက မရောက်ဖူးသေးသော ခေါင်လန်ဖူးဒေသ၏ ပညာရေးကို စေ့ငုကြည့်မိသည်။ သည်ဒေသမှ အထက ခေါင်လန်ဖူး၊ အထက ဇန်ယော့၊ အထက (ခွဲ) ရှိန်းခေါင် ကျောင်းများ ရှိကြသည်။ ကလေးတွေ ၁၀ တန်းမအောင်ကြတာ (၁၀) နှစ်ခန့်ရှိပြီဟု ကနဦးသတင်းစကား များကြားခဲ့ရသည်။ သေချာလေ့လာမေးမြန်းကြည့်သောအခါ ၂၀၁၃-၁၄ ပညာသင်နှစ်မှ ၂၀၁၇-၁၈ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ၁ ဦးသာရှိခဲ့ကြောင်း၊ ကလေးများ ကြုံတွေ့နေရသည့် အခက်အခဲများမှာ ကျောင်းသုံးပြဌာန်းစာအုပ်များ အချိန်မီ မရောက်ခြင်း၊ လျှပ်စစ်မီး လုံလောက်စွာမရခြင်း၊ ရာသီဥတုအေးလွန်း၍ အနွေးထည်နှင့် အဝတ်အထည်များ လိုအပ်ခြင်း၊ ရိက္ခာဆန်များကို ရွာမှပြန်သယ်နေရ၍ စာသင်ချိန် ပျက်ကွက်ခြင်း၊ သင်ကြားရေးအထောက်အကူပြု ဆရာ၊ ဆရာမများ လိုအပ်နေခြင်းတို့ ဖြစ်ကြောင်း သိရပါသည်။ ထိုလိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးရေးအတွက် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် “ခေါင်လန်ဖူးက မှာတမ်းစာ” အမည်ရှိ ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့သည်။ ရေးသားတင်ပြရကျိုးနပ်ခဲ့ပါသည်။ ပညာရေး ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့ အစီအစဉ်ဖြင့် ခေါင်လန်ဖူး၊ ဇန်ယော့၊ ရှိန်းခေါင်ဒေသမှ ကျောင်းသား၊ ကျောင်းသူ ၄၉ ဦးအား ပူတာအိုမြို့ အထကကျောင်းတွင် Camp သွင်း၍ (၃) လကျော်ခန့် ဆရာ၊ ဆရာမများက သင်ကြားလေးကျင့်ပေးခဲ့ရာ ၂၀၁၉-၂၀ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ၂ ဦး အောင်မြင်ခဲ့သည်။ ထိုကလေး ၂ ဦးအပါအဝင် ပူတာအို လူငယ်သင်တန်းကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့် ကလေးများ၊ သင်ကြား ပေးသည့် ဆရာ၊ ဆရာမများကို ဂုဏ်ပြုချီးမြှင့်ရန်အတွက် ကျွန်တော်နှင့် ကျွန်တော့်မိတ်ဆွေ များ ဖြစ်ကြသော ကိုငွေစိုး၊ ကိုလှထွန်းဖြူတို့က ၁၇ သိန်းကျပ် ပေးပို့ ဂုဏ်ပြုခဲ့ကြပါသည်။ ထိုကဲ့သို့ ပြန်လည်ကြိုးစားခဲ့ရသော ခေါင်လန်ဖူးဒေသ၊ ယခုနှစ်မှာတော့ ယင်းဒေသမှ ဆရာ၊ ဆရာမများက စေတနာထား၊ အပင်ပန်းခံ သင်ကြားပေးခဲ့ကြသောကြောင့် အောင်မြင်မှု သရဖူဆောင်းခဲ့ကြပါပြီ။ လှိုက်လှဲဝမ်းသာ ဖြစ်ခဲ့ရပါ၏။

လူငယ်သင်တန်းကျောင်းများ၏ အောင်မြင်မှု

          တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်သည့်အခါတိုင်း ကျွန်တော် သတိတရ မေးမြန်းလေ့ရှိသည်မှာ နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးကျောင်းများ၏ အောင်မြင်မှုများပဲ ဖြစ်ပါသည်။ ကျွန်တော် နတလဦးစီး ဌာနမှာ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလကတည်းက ရောက်သည့်နေရာမှာ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ယင်းကျောင်းများသို့ဝင်ရောက်ကြည့်ရှုရင်း၊ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် တိုင်းရင်းသား၊ တိုင်းရင်းသူလေးများနှင့် သီးခြားတွေ့ဆုံ၍ အားပေးစကားပြောကြားကာ အောင်မြင်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားခဲ့သည်။ ဂုဏ်ထူးထွက်လျှင် ဆုချမည်ဟု ကတိကဝတ်ပြု ခဲ့သည်။ ကတိပြုခဲ့သည့်အတိုင်း ဝန်ကြီးဌာန၏ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်လာသော သူတို့လေးတွေကို တစ်ဘာသာတစ်သိန်းနှုန်း ကျွန်တော်ဂုဏ်ပြုခဲ့ပါသည်။ သူတို့လည်းပျော် ကျွန်တော်လည်း ပျော်ခဲ့ရဖူးပါသည်။

          ယခုနှစ်အောင်မြင်မှုကတော့ ပိုမိုတိုးတက်လာကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးထံမှ သိရသည်။ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၈၇၄ ဦး၊ အောင်မြင်သူ ၅၃၇ ဦး၊ အောင်မြင်မှုရာခိုင်နှုန်း ၆၁ ဒဿမ ၄၄ ရာခိုင်နှုန်းဖြစ်ပြီး ၅ ဘာသာဂုဏ်ထူးရရှိသူ ၂ ဦး၊ ၃ ဘာသာ ၄၃ ဦး၊ ၂ ဘာသာ ၆၂ ဦး၊ ၁ ဘာသာ ၂၀၂ ဦး ရရှိခဲ့ကြောင်း သိရသည်။ ထိုအထဲကမှ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းများမှာ ကြာအင်းဆိပ်ကြီးလူငယ်ကျောင်းက ၁၀၀ ရာခိုင်နှုန်း၊ တီးတိန်လူငယ်ကျောင်းက ၉၉.၄၄ ရာခိုင်နှုန်း၊ ပင်းတယလူငယ်ကျောင်းက ၉၀.၂၀ ရာခိုင်နှုန်း၊ မအူပင်လူငယ်ကျောင်းက ၈၈.၀၀ ရာခိုင်နှုန်း၊ ဆိုက်ခေါင်လူငယ်ကျောင်းက ၈၂.၅၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အောင်မြင်မှု

          ကျွန်တော် ရောက်ရှိတာဝန်ထမ်းဆောင်နေသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်း သားသမီးများအနေဖြင့်လည်း အချို့က နယ်စပ်ဒေသ ရုံးအသီးသီးမှာ သွားရောက်နေထိုင် ဖြေဆိုခဲ့ကြသူများ ဖြစ်ကြသည်။ ရခိုင်ပြည်နယ်သမဝါယမဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဒေါ်ခင်ခင်လှိုင်၏ သမီး မသိင်္ဂီဖြိုးသည် ၆ ဘာသာဂုဏ်ထူးရရှိခဲ့သည်။ ထို့အတူ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူးများဖြစ်ကြသော ဦးလှခိုင်နှင့် ဇနီးဒေါ်မီမီထွေးတို့၏ သမီး မရွှန်းလဲ့မီမီခိုင်သည်လည်းပဲ ၆ ဘာသာဂုဏ်ထူး ဆွတ်ခူးနိုင်ခဲ့ သည်။ မိမိတို့ဝန်ကြီးဌာနမှ ဖြေဆိုသူ ၁၇၃ ဦး၊ အောင်မြင်သူ ၁၁၈ ဦး အောင်မြင်မှုရာခိုင်နှုန်း ၆၈.၂ ရာခိုင်နှုန်းရှိပြီး ၆ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၅ ဘာသာ ၄ ဦး၊ ၄ ဘာသာ ၇ ဦး၊ ၃ ဘာသာ ၆ ဦး၊ ၂ ဘာသာ ၁၃ ဦး၊ ၁ ဘာသာ ၃၁ ဦး ဂုဏ်ထူးထွက်ခဲ့ကြသည်။

ရင်ခုန်သံနည်းနည်းမြန်ခဲ့သည်

          တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်သည်နှင့် ကျွန်တော့်မွေးရပ်မြေ ဧရာဝတီ တိုင်းဒေသကြီးအတွင်းက ရိုးသားကြိုးစားဧရာဝတီသားများ၏ အောင်မြင်မှုများကိုလည်း ချက်ချင်းကြားခဲ့ရသည်။ လေးမျက်နှာအထကကျောင်းမှ ၆ ဘာသာဂုဏ်ထူးရှင် သမီးငယ် တစ်ဦး ထွက်ပေါ်လာသည်။ လှော်ကထားအထကမှလည်း ၄ ဘာသာဂုဏ်ထူးရှင်တွေ ပေါ်ထွက်လာသည်။ ကညင်တိုင်းအထက(ခွဲ)မှ ၃ ဘာသာဂုဏ်ထူးရှင် သမီးငယ်လေးက ဝိဇ္ဇာ ဘာသာတွဲမှာ ဧရာဝတီတိုင်းအတွင်း အဆင့် ၉ ဝင်ခဲ့ကြောင်းသိရသည်။ အောင်မြင်မှု ရာခိုင်နှုန်းအရ ယင်းဆယ်အထက(ခွဲ)က ပထမ၊ ရေဖြူ အထက(ခွဲ) ဒုတိယ၊ ပန်းတောကြီး အထက တတိယ၊ နင်းကြမ်းအထက စတုတ္ထ၊ မဲဇလီအထက ပဉ္စမ၊ လှော်ကထားအထက ဆဌမတို့ဖြစ်ကြောင်း ကြားသိခွင့်ရခဲ့သည်။ နိုင်ငံတော်အနေဖြင့် အနာဂတ်လူငယ်လူရွယ်များအတွက် ပညာရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများကို အလေးထားဆောင်ရွက်လျက်ရှိသည်။ နယ်စပ်ဒေသများအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း မိမိတို့၏ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ကျောင်းသား တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပေပြီ။ တစ်နိုင်ငံလုံးအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၄၈.၈၈ ရာခိုင်နှုန်းရှိခဲ့သည်။ နယ်စပ်ဒေသ၏ အောင်မြင်မှုများ၊ မွေးရပ်မြေ တိုင်းဧရာဝတီ၏ အောင်မြင်မှုများ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၏ အောင်မြင်မှုများကြောင့် ထိုနေ့က ကျွန်တော် ရင်ခုန်သံနည်းနည်းမြန်ခဲ့သည်။ လှိုက်လှဲဝမ်းသာ ပီတိဖြစ်ခဲ့ရ၏။

မြင့်စိုး (နတလ)