မောရှမ်းမြေဖွံ့ဖြိုးရေးအတွက် သမ/ကျေးလက်လုပ်ငန်းများ

Ministry of Cooperatives and Rural Development | Aug 30, 2022

ကျိုင်းတုံမှ မိုင်းယောင်းသို့

          ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့၊ ကျိုင်းတုံနံနက်ခင်းရာသီဥတုက သာသာယာယာ လေး ရှိနေပါသည်။ နံနက် ၇ နာရီခွဲမှာ ယာဉ်တန်း စတင်ထွက်ခွာသည်။ ဦးတည်ရာကတော့ ကျိုင်းတုံမှ မိုင်းဖြတ်၊ ထိုမှတစ်ဆင့် မိုင်းယောင်းသို့ ခရီးစဉ်ပဲ ဖြစ်၏။ ကျိုင်းတုံနှင့် မိုင်းဖြတ် အကြား မိုင် ၅၀ ခန့် ကွာဝေးသည်။ ကာလမ်းညာဘက်ခြမ်းမှာ နမ့်လုံချောင်းက ရေးစီး သန်သန်နှင့် အပြိုင်လိုက်နေသည်။ မိုးတွင်းကာလမို့ ထုံးစံအတိုင်း ချောင်းရေက ခပ်နောက် နောက်ပင်။ တစ်ခုသတိထားမိသည်က ချောင်းတစ်ဖက်ကမ်းမှာ လှမ်းမြင်နေရသော တောင်စောင်းစပါးစိုက်ခင်းများ ဖြစ်ပါသည်။ ရှိသည့်မြေနေရာမှာ အဆင်ပြေသလို စိုက်ပျိုးထား သော စိမ်းစိမ်းစိုစို စပါးခင်းလေးများက တစ်မျိုးလှနေကြသည်။ သို့ဂလို မြင်ကွင်းကို ရှမ်းပြည်နယ်မှာပဲ အများဆုံးတွေ့ရသည်ဟုပြောလျှင် ကျွန်တော်လွန်မည်လား မပြောတတ်ပါ။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခု အချိန်ကာလက ကျွန်တော် နတလဦးစီးဌာနမှာ တာဝန်ထမ်းဆောင်ဆဲဖြစ်သည်။ ဦးစီးဌာန၏ ပြက္ခဒိန်အတွက် ဓာတ်ပုံများ ဝယ်ယူအသုံးပြုရာတွင် ဆရာပြည်စိုးထွန်း၏ လက်ရာဓာတ်ပုံတစ်ပုံကို ကောင်းစွာမှတ်မိနေသည်။ ကျိုင်းတုံ-မိုင်းလား ကားလမ်းဘေးက ယခုလို တောင်စောင်းစပါးစိုက်ခင်းထဲမှာ အာခါတိုင်းရင်းသူလေး ၃ ဦး ထိုင်လျက် ရီမောပျော်ရွှင်နေကြသော ပုံဖြစ်ပါသည်။ ထိုဓာတ်ပုံလေးကို သဘောကျသောကြောင့် ကျွန်တော်ရေးသားထုတ်ဝေခဲ့သော “တစ်ခါတုန်းက နယ်စပ်ဒေသမှာနှင့် အခြားဆောင်းပါးများ” စာအုပ်တွင် မျက်နှာဖုံးအဖြစ် အသုံးပြုခဲ့သေး၏။ ရှမ်း(အရှေ့)ဒေသ အမှတ်တရများစွာထဲက တစ်ခုဟူ၍သာ။

          မိုင်းဖြတ်နှင့် မိုင်းယောင်းခရီး အကွာအဝေးက ၄၇ မိုင်ခန့်ဖြစ်သည်။ အကွေ့အကောက် များလာသည်။ မြေအနေအထားက အရမ်းကြီးမြင့်မားလှသည်တော့ မဟုတ်။ သို့တစေ ကားလမ်းဝဲယာတစ်လျှောက်မှာ စပါးစိုက်ခင်းများကို မတွေ့ရတော့ပေ။ စိုက်ပျိုး မြေ နည်းသွားသည့်သဘော၊ မိုင်းယောင်းမြို့နယ်ထဲကို ဝင်လာတော့မှ မြေပြန့်လွင်ပြင်တွေ များလာသည်။ စပါးစိုက်ခင်းတွေကို ပြန်တွေ့ရသည်။ ယခုယာဉ်တန်းတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လိုက်ပါလာကြသည်။ ဝန်ကြီးချုပ်နှင့် ကျွန်တော်တို့အဖွဲ့ ကျိုင်းတုံမှ မိုင်းယောင်းသို့ ထွက်ခွာလာရသည့် ရည်ရွယ်ချက်မှာ မိုင်းယောင်းမြို့အနီးက နမ့်ယွန်းကျေးရွာ၌ တော်ဝင်မိုင်းယောင်းအထွေထွေ ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်က တည်ဆောက်ပြီးစီးခဲ့သော တန် ၃၀ ကျ ဆန်စက်အား ဖွင့်လှစ်ပေးရန် ဖြစ်သည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၇ ရက်ထိ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ခရီးစဉ်အတွင်း “ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်း Agricultural Base Industry သို့ သွားရောက်နိုင်ရေးအတွက် ဟာလာစက်များအစား (အသေးစား/ အလတ်စား) တန် (၅၀/ ၆၀)ကျ ခေတ်မီသည့်ဆန်စက်များ တည်ဆောက်နိုင်ရေးနှင့် ဆန်ကိုအခြေခံသည့် အဆင့်မြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်စေရေး ကူညီဆောင်ရွက်ပေးရန်” လမ်းညွှန်မှာကြားခဲ့ပါသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ကူညီဆောင်ရွက်

          အထက်ပါလမ်းညွှန်ချက်အရ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် မိုင်းယောင်းမြို့နယ်တွင် တော်ဝင်မိုင်းယောင်းအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း လီမိတက်ကို ဦးစွာဖွဲ့စည်းပေးပြီး ယင်းအသင်းက ဦးဆောင်၍ တန် ၃၀ ကျ ဆန်စက်အား ၂၀၂၂ ခုနှစ်၊ မေလ၌ စတင်တည်ဆောက်ခဲ့သည်။ ဇူလိုင်လကုန်တွင် တည်ဆောက်ပြီးစီးပြီး စမ်းသပ်လည်ပတ်ခဲ့ပါသည်။ အဆိုပါဆန်စက်ဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၂၁ ရက်၊ နံနက်ပိုင်း၌ မိုင်းယောင်းမြို့အနီး နန့်ယွန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမြင့်စိုး၊ ပြည်နယ်ဝန်ကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တော်ဝင်မိုင်းယောင်းအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်ဥက္ကဋ္ဌနှင့် အသင်းသားအသင်းသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က အမှာစကား ပြောကြားပြီး ဆန်စက်တည်ဆောက်ပုံ လုပ်ငန်းအဆင့်ဆင့်အား တော်ဝင်မိုင်းယောင်း အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌက ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ဒေသခံတိုင်းရင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တော်ဝင်မိုင်းယောင်း အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့သည်။ ထို့နောက် စက်ရုံအတွင်း ဆန်စက်လည်ပတ်မှုကို လိုက်လံကြည့်ရှုခဲ့ကြပါသည်။ ဆန်စက်မှ ကြိတ်ခွဲရရှိသော ဆန်အရည်အသွေး ပြည့်စုံကောင်းမွန်ပါသည်။ ဒေသခံ တိုင်းရင်းသားများအနေဖြင့် အရည်အသွေးမြင့်ဆန်များ ကြိတ်ခွဲရောင်းချ၍ တစ်ဦးချင်းဝင်ငွေမှအစ လူမှုစီးပွားဘဝ အခြေအနေများ ပြောင်းလဲတိုးတက်သွားမည်မှာ အလွန်သေချာသည်။ ဒေသအကျိုးကို သယ်ပိုးရင်း ဖွဲ့စည်းပေးထားသော သမဝါယမအသင်း၏ လုပ်ငန်းစဉ်များ ရှင်သန်ဖွံ့ဖြိုး တိုးတက်လာအောင် ကြံဆောင်ကြိုးစားကြဖို့လည်း မှာကြားဖြစ်ခဲ့သည်။ အခါအခွင့်သင့်၍ အခမ်းအနားသို့ တက်ရောက်လာသော ဒေသခံတိုင်းရင်းသားများအား မိမိတို့ စိုက်ခင်းများတွင် ဓာတ်မြေဩဇာများ အလွန်အကျွံ သုံးစွဲခြင်းမပြုဘဲ သဘာဝ မြေဩဇာများကိုပါ ထုတ်လုပ်သုံးစွဲကြရေး တိုက်တွန်းပြောကြားဖြစ်ခဲ့သည်။ အခမ်းအနား အပြီးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ကျိုင်းတုံသို့ ပြန်လည်ထွက်ခွာခဲ့ကြပါသည်။

ယန်းလော (SMART Village) စံပြကျေးရွာ

          ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် SMART Village စံပြကျေးရွာများကို ကျိုင်းတုံမြို့နယ် ထဲက ယန်းလောကျေးရွာ၊ မိုင်းဆတ်မြို့နယ်ထဲက ကာနကျေးရွာ၊ တာချီလိတ်မြို့နယ်ထဲက တာကြန့်ကျေးရွာများကို ရွေးချယ်ဆောင်ရွက်ပေးခဲ့သည်။ ယန်းလောသည် ကျိုင်းတုံမြို့နှင့် သိပ်မဝေးလှ။ ၆ မိုင်လောက်ပဲ ဝေး၍ ၁၅ မိနစ်ခရီးမျှသာ၊ အိမ်ခြေ (၁၂၉) အိမ်၊ အိမ်ထောင်စု (၁၂၄) စု၊ လူဦးရေ (၇၃၄) ဦးရှိပြီး ရှမ်းတိုင်းရင်းသားများ နေထိုင်ကြပါသည်။ ဘဏ္ဍာနှစ် အလိုက် ရွာတွင်းလမ်းများ ကွန်ကရစ်ခင်းရေး၊ သန့်ရှင်းသောသောက်သုံးရေ ရရှိရေး၊ အိမ်တိုင်းမှာ ရေသွယ်တိုင် ရောက်ရှိလာစေရေး၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို မေးမြန်းဆွေးနွေးခဲ့သည်။ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ Cash For Work နှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ RBF အစီအစဉ်များ ထည့်သွင်းဆောင်ရွက် ပေးမှာကိုလည်း ရှင်းလင်းပြောကြားခဲ့ကြသည်။ ယန်းလောရွာမှာ လျှစ်စစ်မီးလည်း ရရှိ ထားပြီးဖြစ်ရာ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထူထောင်နိုင်အောင် သင်တန်းများ ပို့ချ ပေးရေးကိုပါ ညှိနှိုင်းမှာကြားခဲ့ပါသည်။

          ကျိုင်းတုံဒေသသို့ ရောက်ရှိစဉ် မိမိတို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသော နောင်ငင်း-ဝမ်ဆိုင်း(လွယ်)လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၇/၆) မိုင်အား သွားရောက် ကြည့်ရှုဖြစ်ခဲ့သေးသည်။ ၎င်းလမ်းပြီးစီးသွားပါက ကျေးရွာအုပ်စု (၂) အုပ်စု၊ ကျေးရွာ (၁၇) ရွာ၊ အိမ်ခြေ (၉၂၇) အိမ်၊ လူဦးရေ (၅၀၅၇) ဦးကို အကျိုးပြုမည်ဖြစ်ပါသည်။ ဝမ်ဆိုင်း(လွယ်) ရွာ၏ ထူးခြားချက်မှာ နှစ်ပေါင်းရာချီနေသော လက်ဖက်ပင်များ ရှိပြီး လက်ဖက်ခြောက် ကောင်းကောင်းလည်း ထွက်သည့်ကျေးရွာဖြစ်ကြောင်း သိခွင့်ရခဲ့ပါသည်။ လမ်းများကို ကြည့်ရှုစစ်ဆေးခဲ့သည့် နည်းတူ မိုင်းယောင်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ ကျိုင်းတုံပြည်နယ်ခွဲရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံးများတွင် တာဝန်ထမ်းဆောင်နေကြ သော ဝန်ထမ်းများအား တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ အခက်အခဲ ရှိ/ မရှိ မေးမြန်း၍ လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ တစ်ခေါက်တစ်ခေါက် ရောက်ဖို့ရာ မလွယ်သော ဒေသမျိုးဆိုလျင် ဧည့်သည်မျှော်ကြသည်။ ဧည့်သည်လာလျင် သူတို့ ပျော်ကြသည်လေ။ ဥပမာအားဖြင့် ကချင်ပြည်နယ်ထဲက ပန်နန်းဒင်လိုနေရာမျိုး၊ နာဂဒေသက နန်းယွန်း၊ ပန်ဆောင်လို နေရာမျိုး၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက မက်မန်းလို နေရာဒေသမျိုးများ ဖြစ်ကြသည်။

ရှမ်း (တောင်) ကို ပြန်ခဲ့သည်

          ဩဂုတ်လ ၂၂ ရက်၊ နံနက်ပိုင်းမှာ ကျိုင်းတုံမြို့မှ လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ ကြသည်။ ဟဲဟိုးလေဆိပ်မှာ ဆင်းသည်။ ကျိုင်းတုံ-ဟဲဟိုးခရီးစဉ်ကို လေယာဉ်စီးနေစဉ် ၁၉၈၄ ခုနှစ်၊ အတိတ်ကာလကို ဖျတ်ခနဲ ပြန်လည်သတိရ၍ ပြုံးမိသည်။ တပ်မတော်သား ဘဝ ကျိုင်းတုံ၊ လွယ်မွေ၊ ဝမ်တဲ၏ အရှေ့ဘက်ပွိုင့် ၅၉၉၃ မှာ တာဝန်ထမ်းဆောင်ပြီး သင်တန်းတက်ရန် နောက်တန်းသို့အပြန် ဤကဲ့သို့ ကျိုင်းတုံ-ဟဲဟိုးလေယာဉ်စီးရခြင်း ဖြစ်သည်။ ပထမဆုံးအကြိမ် လေယာဉ်စီးဖူးခြင်းလည်း ဖြစ်၏။ ကျွန်တော် တောသား ငယ်စဉ်ကတည်းက လှေစီးလည်း တောက်သည်။ ကားစီးလည်း မူး၊ ရထားစီးလည်း အန်တတ်သည်ဆိုတော့ကာ ပထမဆုံးအကြိမ် စီးဖူးသော လေယာဉ်ပျံပေါ်မှာ ဒုက္ခနှင့်လှလှ တွေ့လိုက်ပုံများ၊ ဆွဲမိဆွဲရာ စက္ကူအိတ်ထဲအန်ချ၊ ပြီးလျှင် ဘယ်သူ့ကိုပေးရမှန်း၊ ဘယ်အနား သွားထားရမှန်းမသိ၍ တောဆောင်းဦးထုပ်ထဲသို့ ထည့်ကိုင်ကာ ဟဲဟိုးလေဆိပ်အဆင်း လေယာဉ်ကွင်းအစပ်မှာ သွန်ခဲ့ရသည့်ဘဝ၊ တောဆောင်းဦးထုပ်ထဲမှာ စားထားသည့် ထမင်းလုံးတွေက ဗရပွနှင့်၊ ဪ……….၁၉၈၄ ခုနှစ်က အမှတ်တရအဖြစ်တွေ။

          အခုတော့ ကျင့်သားရသွား၍ အိန္ဒြေမပျက် လေယာဉ်နှင့် ခရီးဆက်ခဲ့တာတွေ များလှ ပါပြီ။ ကျိုင်းတုံ - ဟဲဟိုး လေယာဉ်စီးချိန် မိနစ် ၅၀ ခန့်မျှသာ၊ နေပြည်တော်သို့ အပြန် လမ်းမှာ ဝင်စရာတစ်နေရာ ရှိနေပါသေးသည်။ ကလောမြို့နယ်၊ မြင်းမထိကျေးရွာအုပ်စု ထဲက နန်းအွန်ကျေးရွာ၊ အောင်ပန်း၊ ကလော၊ ပင်လောင်း လမ်းသုံးခွဆုံနေရာ မာတင် ချော်လဲ လမ်းခွဲမှ ပင်လောင်းဘက်သို့ သွားသောလမ်းအတိုင်း ကားမောင်းသွားလျင် သိပ်မဝေးလှပါ။ ၁၉၈၀ ပြည့်လွန်နှစ်များက ပင်လောင်းဒေသမှာ စစ်ဆင်ရေးဝင်ဖူးသဖြင့် ဒီနေရာတွေနှင့်သိပ်ပြီး မစိမ်းလှ။ သို့သော် နန်းအွန်ကျေးရွာကိုတော့ မရောက်ဖူးခဲ့ပေ။ ရွာ၏ ပတ်ဝန်းကျင် အရပ်ရှစ်မျက်နှာမှာ မြစိမ်းရောင်ကဗ္ဗလာကြီး ခင်းထားသည့်နှယ် သီးနှံ စိုက်ခင်းတွေက ပေါများလှသည်။ နန်းအွန်ရွာသွားတွေကို သေချာမေးကြည့်တော့မှ စိုက်ဧက ၄၀၀ နီးပါးရှိသည်ဆို၏။

ကုန်ထုတ်လမ်းနှင့် ရေပန်းနှင့် နန်းအွန်ကျေးရွာ

          နိုင်ငံတော်အကြီးအကဲ၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၃ ရက်နေ့ထိ ရှမ်းပြည်နယ်(တောင်ပိုင်း)ခရီးစဉ်အတွင်း “အောင်ပန်းမှ ပင်လောင်းသို့သွားသည့် လမ်းမမှ နန်းအွန်ရေထွက်သို့သွားသည့် အဝင်လမ်း ၇ ဖာလုံအား မူလလမ်းအကျယ်အတိုင်း ဖြစ်စေရေး ပြန်လည်ဆောင်ရွက်ရန်” လမ်းညွှန်ခဲ့ပါသည်။ ယင်းလမ်းညွှန်ချက်အရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လဘတ်ဂျက် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ၇၃.၀၈ သန်းဖြင့် ဆောင်ရွက်ပေး ခဲ့ရာ ရေထွက်သို့အဝင်လမ်း အဆင်ပြေသွားသည့်အပြင် စိုက်ဧက ၃၉၅ ဧကကို အကျိုးပြု မည့် ကုန်ထုတ်လမ်းတစ်ခု ပေါ်ပေါက်လာခဲ့ပါသည်။ တစ်ဖန် ပြည်နယ်ရန်ပုံငွေမှ ၁၁၆.၃၀ သန်း သုံးစွဲ၍ ဆိုလာပန့်စနစ်ဖြင့် ရေတင်ခြင်း၊ ဂါလံ ၃၀၀၀၀ ဆံ့ရေစုကန်တည်ဆောက်ခြင်း၊ စိုက်ခင်းများသို့ ရေပိုက်လိုင်းများ သွယ်ယူခြင်း ဆောင်ရွက်ပေးခဲ့ရာ နန်းအွန်သည် ကုန်ထုတ် လမ်းနှင့် ရေပန်းနှင့် ရေကန်အသင့် ကြာအတင့် ဖြစ်လာခဲ့သည်။ နန်းအွန်ကို ပို၍ ပြီးပြည့်စုံ သွားသည်ကတော့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၏ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ ရှမ်းပြည်နယ်(တောင်ပိုင်း)ခရီးစဉ်၌ နန်းအွန် ကျေးရွာသို့ ရေမီတာစနစ်ဖြင့် အိမ်တိုင်ရာရောက် ရေပေးရေးလုပ်ငန်း ဆောင်ရွက်ပေးခဲ့သော ကြောင့်ဖြစ်သည်။ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ၃၈.၅၀ သန်းဖြင့် ဂါလံ ၅၀၀၀ ဆံ့ ရေစုကန် တည်ဆောက်ခြင်း၊ အရှည် ၉၂၀၀ ပေ ပိုက်လိုင်းများ သွယ်တန်း၍ ရေဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အမှုန်အမွှားလေးများနှင့် ကိုလှဘော်

          အဆိုပါစိုက်ခင်းများအလယ်မှာ နန်းအွန်ကျေးရွာက တောင်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးရေးကိစ္စ၊ ရေဖြန့်ဝေရေးကိစ္စတွေ အဆင်ပြေမှုရှိမရှိ မေးမြန်းလေ့လာမှု ပြုခဲ့သည်။ ကုန်ထုတ်လမ်းဆောင်ရွက်ပေးသဖြင့် သီးနှံစိုက်ခင်းများအတွက် အထူးပင် အကျိုးကျေးဇူး များခဲ့ပါကြောင်း၊ အိမ်အရောက် ရေသွယ်ပေး၍လည်း ကျေးဇူးတင်ရပါကြောင်း ပြန်လည် ပြောကြားခဲ့သည်။ ထိုအထဲကမှ ကိုလှဘော်ဆိုသည့် ရွာသားတစ်ဦး၏ အပြောကတော့ -

“ဆရာရေ…ကျွန်တော့်ကို အမှုန်အမွှားလေးတစ်ခုလောက်တောင်းခွင့်ပြုပါ”

“ဗျာ……..ဘယ်လို အမှုန်အမွှားလဲဗျာ”

“ ရွာအတွက် ဆရာတို့ ဆောင်ရွက်ပေးခဲ့တာတွေအားလုံးအဆင်ပြေပါတယ်၊

ကျေးဇူးလည်းတင်ပါတယ်။ တစ်ခုတင်ပြချင်တာက ရွာကမူလတန်းလွန်

ကျောင်းမှာ ကျောင်းသား ၂၀၀ လောက်ရှိတယ်၊ သောက်ရေသန့်စက်လေး

လိုချင်လို့ပါခင်ဗျား”

“ နိုင်ငံတော်က ကိုလှဘော်တို့ ရွာနဲ့ တောင်သူတွေအတွက် ၂၂၇.၈၈ သန်း၊

ကျပ်သိန်းပေါင်း နှစ်ထောင့်နှစ်ရာကျော် သုံးပြီးလုပ်ပေးထားတာတွေ

ကတော့ အမှုန်အမွှားမဟုတ်ဘူးနော်”

          ကျွန်တော်က ရီမောရင်း သူ့စကားအတိုင်း ပြန်ပြောဖြစ်ခဲ့သည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းလည်း အတူပါလာသဖြင့် ရေသန့်စက် (အသေး) ၂ လုံး ပေးအပ်လှူဒါန်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သည်တစ်ခေါက်ခရီးစဉ်မှာ ဆောင်ရွက်ခွင့်ရခဲ့သည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများက တွေ့မြင်ရသူ အားလုံးကို ကြည်နူးဝမ်းသာ ဖြစ်စေခဲ့တာ အမှန်ပင်။

မြင့်စိုး(နတလ)


S

suc khoe

6 Months Ago
0 0
Reply
S

suc khoe

6 Months Ago
0 0
Reply
S

suc khoe

6 Months Ago
0 0
Reply