လုပ်ကွက်ငယ်တောင်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးလာစေရေးအတွက် အကျိုးတူကန်ထရိုက်လယ်ယာစနစ် (Contract Firming)

Ministry of Cooperatives and Rural Development | Aug 23, 2022

မြန်မာနိုင်ငံတွင် အကျိုးတူလယ်ယာစနစ်ကို ယခင်ကတည်းက ဆောင်ရွက်ခဲ့သည်များ ရှိသလို လက်ရှိတွင်လည်း ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ သို့ရာတွင် အစိုးရ-ပုဂ္ဂလိက-တောင်သူများ အကြား အချင်းချင်းထိန်းကျောင်း လိုက်နာရမည့်လုပ်ငန်းစဉ်(Standard Operating Procedure- SOP)များ စနစ်တကျ ချမှတ်ကျင့်သုံးမှုမရှိသဖြင့် အကျိုးတူကန်ထရိုက်လယ်ယာစနစ် (Contract Firming-CF)မှာ ပြောပလောက်အောင် အားကောင်းလာသည်ကို မတွေ့ရပေ။ တစ်နိုင်ငံလုံး အတိုင်း အတာအနေနဲ့လည်း အားပေးမှု နည်းသေးတာ တွေ့ရပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အချို့သော သမဝါယမအသင်းများက ၎င်းတို့ရဲ့အစီအစဉ်နဲ့ နှစ်စဉ် CF စနစ်ကို ဆောင်ရွက်နေကြပြီး စပါးဧက (၁)သိန်းခန့်သာ ဆောင်ရွက်နိုင်ကြောင်း လေ့လာသိရှိရပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနမှ CF ဆောင်ရွက် မယ့်လုပ်ငန်းစဉ်၊ Procedure သာ ရေးဆွဲပေးထားပြီး Contractorနဲ့ တောင်သူများဆောင်ရွက်တဲ့ Agreement သဘောတူညီချက်စာချုပ် ချုပ်ဆိုရာတွင်လည်းကောင်း၊ ငွေကြေးထောက်ပံ့မှုအနေဖြင့် လည်းကောင်း ယခင်ကာလမှာ များစွာဆောင်ရွက်ပေးနိုင်မှုမရှိသေးတာကို တွေ့ရပါတယ်။

          အကျိုးတူကန်ထရိုက်လယ်ယာစနစ်(Contract Firming-CF)ဆိုတာ မျိုးစေ့မှအစ နည်းပညာ အပါအဝင် သွင်းအားစုများ ပံ့ပိုးပေး၍စိုက်ပျိုးထုတ်လုပ်စေပြီး ဈေးကွက်ရောက်သည်အထိ ပုဂ္ဂလိက နဲ့တောင်သူများ သဘောတူညီချက်ရယူအကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အစိုးရမှ လိုအပ်သော သွင်းအားစုအတွက် သက်သာသောနှုန်းဖြင့် ချေးငွေ ထုတ်ချေးခြင်းဖြင့် အစိုးရ-ပုဂ္ဂလိက-တောင်သူ အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။

          ယခု နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးမယ့် Contract Firming (CF)ကတော့ နွေစပါး (၈.၅)သိန်းဧက၊ ပဲတီစိမ်း ဧက (၅)သိန်း ဆောင်ရွက်ရန်ဖြစ်ပါတယ်။ အဓိကကတော့ တောင်သူများ လိုအပ်နေတဲ့ မျိုး၊ သွင်းအားစု၊ ဓာတ်မြေဩဇာအတွက် နိုင်ငံတော်မှ နွေစပါး (၁)ဧကလျှင် ကျပ် (၂)သိန်း နှုန်းဖြင့် ဘီလီယံ (၁၇၀)၊ ပဲတီစိမ်း (၁)ဧကလျှင် ကျပ် (၁.၂)သိန်းနှုန်းဖြင့် (၆၀)ဘီလီယံ၊ စုစု‌ပေါင်း ငွေကျပ် (၂၃၀)ဘီလီယံကို အတိုးနှုန်း (၁%)ဖြင့် ထုတ်ချေးမတည်ပေးခြင်းဖြစ်ပါတယ်။ ဘယ်တုန်းကမှ ယခုလို သက်သာသော အတိုးနှုန်းဖြင့် ဆောင်ရွက်ပေးမှုမျိုး မရှိခဲ့ပါဘူး။

          ယခုဆောင်ရွက်မယ့် Contract Firming (CF) Model ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အဓိကတာဝန်ယူဆောင်ရွက်မှာဖြစ်ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက လိုအပ်သည်များကို ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်။ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရ အဖွဲ့များက အနီးကပ်ကြီးကြပ် ပံ့ပိုးပေးရမှာဖြစ်ပါတယ်။ ဒေသအလိုက်ရေရရှိရေး၊ မြေအခြေအနေနှင့် ယခင်ဆောင်ရွက်နိုင်မှုအခြေအနေအချက် အလက်များကို အခြေခံပြီး နွေစပါးနှင့် ဆောင်းပဲတီစိမ်း ဆောင်ရွက်နိုင်မဲ့ဒေသတွေမှာ တစ်ဆက်တစ်စပ်တည်း (သို့မဟုတ်) သင့်သလို ဆောင်ရွက်လိုသော တောင်သူများကို စည်းရုံးပြီး သမဝါယမ အသင်းများ ဖွဲ့စည်းခြင်း၊ ဆောင်ရွက်လိုသည့် Contractor များကို ဖိတ်ခေါ်ခြင်း၊ ဆောင်ရွက်မည့် နည်းလမ်း၊ Designပုံစံ အတည်ပြုရေးဆွဲခြင်းတို့ကို ဆောင်ရွက် ရမှာဖြစ်ပြီး ဆောင်ရွက်မယ့် Contractor များမှ ၎င်းတို့ဆောင်ရွက်လိုတဲ့ဒေသများနဲ့ ဆောင်ရွက်မယ့် ဧက၊ ဆောင်ရွက်မယ့်ပုံစံများကို ရေးဆွဲ အဆိုပြုတင်ပြရမှာဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဦးဆောင်ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအပါအဝင် ဌာနဆိုင်ရာများမှ စိစစ်ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

         Contractorနဲ့တောင်သူများနဲ့လည်း သွင်းအားစုအတွက်မျိုးစေ့၊ ဓာတ်မြေဩဇာပေးအပ်မယ့် ပုံစံ၊ နည်းပညာပေးမယ့်ပုံစံ၊ စပါး/ ပဲ ထွက်ရှိလာပါက ပြန်ရောင်းပေးရမဲ့ပုံစံ စတာတွေကို ကြိုတင် ဆွေးနွေးသဘောတူညီချက်ရယူပြီး Contractor များ၊ တောင်သူ၊ သက်ဆိုင်ရာဌာန (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)(၃)ဦး ပါဝင်လက်မှတ်ရေးထိုးသင့်ပါတယ်။ ရန်ပုံငွေအနေနဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန(စီမံ/ဘဏ္ဍာ)မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာနသို့ ပေးအပ်မှာဖြစ်ပြီး  စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် Contractor (Contract Farming ဆောင်ရွက်မည့် အစုအဖွဲ့များ၊ ဆန်စက်/ ဆီစက်လုပ်ငန်းရှင်များ)များနှင့် စာချုပ် ချုပ်ဆို ဆောင်ရွက်သင့်ပါတယ်။ အဲ့ဒီနောက်မှာ Contractorများအနေနဲ့ Supplier (သွင်းအားစုအရောင်း ဆိုင်များ)တစ်ဆင့်ခံ၍ဖြစ်စေ၊ တောင်သူအစုအဖွဲ့/ သမဝါယမကုန်ထုတ်အသင်းများနှင့် တိုက်ရိုက် ဖြစ်စေ သဘောတူစာချုပ် ချုပ်ဆိုပြီး မျိုး၊ သွင်းအားစုနဲ့ ဓာတ်မြေဩဇာ ထောက်ပံ့ပေးရမှာဖြစ်ကာ တောင်သူများမှ စပါး/ ပဲကို စာချုပ်ပါစည်းကမ်းသတ်မှတ် ဈေးနှုန်းနဲ့ Contractorများကို ပြန်ရောင်း ရမှာဖြစ်ပါတယ်။ ကြိတ်ခွဲထုတ်လုပ်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်သို့ ရောင်းချရမှာဖြစ်ပြီး Contractor များမှ  စိုက်မွေးဆည်၊ စိုက်မွေးဆည်မှ စီမံ/ဘဏ္ဍာသို့ ပြန် ဆပ်ရမှာဖြစ်ပါတယ်။

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နည်းပညာနှင့် လိုအပ်သောစီမံခန့်ခွဲမှု များကို Focal အနေဖြင့် တာဝန်ယူဆောင်ရွက်ရမှာဖြစ်ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနက သွင်းအားစုများ ထောက်ပံ့နိုင်ရေး ကူညီပေးခြင်း၊ တောင်သူများအား သမဝါယမအသင်း အစုအဖွဲ့များဖွဲ့စည်းပေးခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် သမဝါယမအသင်းများ စာချုပ် ချုပ်ဆိုဆောင်ရွက် ရာတွင် စာချုပ်ပါကိစ္စရပ်များအား ကူညီ ကြီးကြပ်ပေးခြင်း၊ သမဝါယမဦးစီးဌာနနှင့် တိုက်ရိုက် စာချုပ် ချုပ်ဆိုထားသော သမဝါယမအသင်းများ၏ လုပ်ငန်းဆောင်ရွက်မှုကို ကြီးကြပ်ခြင်း၊ စပါး/ ပဲ ရောင်းဝယ်ရာတွင် ကြီးကြပ်ပေါင်းစပ်ပေးခြင်း စသည်တို့ကို ကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

          ဒီလိုလုပ်တော့ ဘယ်လိုအကျိုး ကျေးဇူးတွေရမှာလဲဆိုရင် ….

  • တောင်သူများက သက်သာသော အတိုးနှုန်း(၁%)ဖြင့် လိုအပ်သောမျိုးစေ့၊ သွင်းအားစု၊ မြေဩဇာရမှာဖြစ်ပြီး နည်းပညာကို Contractorများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ရရှိမှာ ဖြစ်သလို ခိုင်မာတဲ့ ဈေးကွက်လည်း ရရှိမှာဖြစ်ပါတယ်၊
  • Contractorများအနေဖြင့် CFဆောင်ရွက်ရန်သွင်းအားစုအတွက် နိုင်ငံတော်မှထောက်ပံ့သောငွေကို သီးနှံပေါ်ချိန် စပါး/ ပဲဝယ်ရန် မတည်ငွေအဖြစ် ရရှိမှာဖြစ်ပါတယ်။ ၎င်းမတည်ငွေဖြင့် စပါး/ ပဲ ကြိတ်ခွဲရောင်းချပြီး အကျိုးအမြတ် ပြန်လည်ရရှိမှာဖြစ်ပါတယ်၊
  • နည်းပညာနဲ့ သွင်းအားစုအသုံးပြုနိုင်ခြင်းကြောင့် သီးနှံအထွက်တိုးခြင်းမှ ဝင်ငွေတိုးပွား လာစေဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်၊
  • Contract Firming ဧက ပိုမိုဆောင်ရွက်နိုင်သဖြင့် နွေစပါးနဲ့ ပဲတီစိမ်း အထွက်နှုန်းတိုးပြီး ဝင်ငွေ ပိုမို ရရှိနိုင်မှာဖြစ်ပါတယ်။

          ဒီလိုဆောင်ရွက်ရာမှာ ဖြစ်လာနိုင်ခြေရှိတဲ့ Risk တွေကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက် ရမှာဖြစ်ပါတယ်။ သဘာဝဂေဟရာသီဥတုဖောက်ပြန်လို့ ဆုံးရှုံးနိုင်ခြေ၊ အကြောင်းအမျိုးမျိုးကြောင့် ပြန်မဆပ်တာတွေ..စတဲ့Riskတွေကို ကြိုတင်စဉ်းစားဆောင်ရွက်ရမှာဖြစ်ပါတယ်။ အစိုးရနဲ့ Contractor များအကြား ချေးငွေ ပြန်ဆပ်ရာတွင် သေချာမှုအတွက် လိုအပ်သောအာမခံများ ထားရှိရန် လိုအပ် ပါတယ်။ Contractorနဲ့ တောင်သူကြားမှာလည်း နှစ်ဘက်သဘောတူ၊ နှစ်ဘက်အကျိုးရှိမယ့် Win-Winဖြစ်မယ့် သဘောတူညီချက်တွေကို တိုင်ပင်ဆွေးနွေးဖော်ထုတ်ဖို့ လိုပါတယ်။

          စပါး/ ပဲပေါ်ချိန် ဖြစ်ပေါ်လာမယ့် ဈေးကွက်ကလည်း အရေးကြီးပါတယ်။ လိုအပ်ရင် Government to Government (G-G) ချိတ်ဆက်မှုနဲ့ ပြည်ပသို့တင်ပို့ရောင်းချပေးရမယ့်(Export)ပမာဏကို ညှိနှိုင်း ရယူထားတာမျိုးတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဈေးတက်ရင် ဘယ်လိုလုပ်မလဲ၊ ဈေးကျရင် ဘယ်လိုလုပ်မလဲ ဆိုတာတွေ ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ နှစ်ဘက်အကျိုးရှိမယ့် Contract Firmingစာချုပ်တွေ ချုပ်သင့်ပါတယ်။ စာချုပ်ပါအတိုင်း ဆောင်ရွက်အောင်တော့ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်(MRF)တို့က ကြီးကြပ်ညှိနှိုင်း ဖြေရှင်းပေးရမှာဖြစ်ပါတယ်။ စပါး/ ပဲ ပေါ်တဲ့ ချိန်ဟာ မိုးဦးကျကာလနဲ့ ကြုံရမှာမို့ သီးနှံ မပျက်စီးရေးအတွက် Warehouse၊ အခြောက်ခံစက်စတဲ့ ရိတ်သိမ်းချိန်လွန်ကာလ(Post Harvest) လိုအပ်ချက်တွေကိုလည်း ကြိုတင်စဉ်းစား ပြင်ဆင်ထားသင့် ပါတယ်။ ရာသီဥတုကြောင့် ဆုံးရှုံးမှုအတွက် သီးနှံ အာမခံထားမယ့် အစီအစဉ်ကိုလည်း တောင်သူများ နားလည်အောင်ရှင်းပြရပါမယ်။ ဘာ့ကြောင့်လိုအပ်တယ်၊ ဘယ်လိုလုပ်မယ်၊ ဘယ်လို အကျိုးရှိမယ် စသဖြင့် ပွင့်ပွင့်လင်းလင်း သဘောတူညီမှု ယူထားသင့်ပါတယ်။

          မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF)တို့မှလည်း ပုဂ္ဂလိကကဏ္ဍမှဆောင်ရွက်မယ့် ဆန်စက်/ ဆီစက်လုပ်ငန်းရှင် များ၊ ဆန်/ ပဲ Exporterများကို စုစည်းပြီး ဒီအချိန်မှာ တတ်နိုင်သမျှစုစည်းဆောင်ရွက်ကြဖို့ ပြင်ဆင်ရ ပါမယ်။ ‌ဆောင်ရွက်စဉ်လည်း ကြီးကြပ်ပေးရပါမယ်။ တာဝန်ယူ၊ တာဝန်ခံနိုင်အောင်လည်း ကြိုတင် ပြင်ဆင်စီမံရပါမယ်။ ယခု ဆောင်ရွက်မယ့် Model ကနေ သင်ခန်းစာယူပြီး ပိုကောင်းတဲ့လုပ်ငန်းပုံစံ Model၊ Designတွေ ရေးဆွဲပြီး နောင်ကာလများမှာ အစိုးရ- ပုဂ္ဂလိက- တောင်သူ ပူးပေါင်းဆောင်ရွက်

နိုင်တဲ့နည်းလမ်းတွေကို ရှာဖွေဖော်ထုတ် အစဉ် ဆောင်ရွက်နေရမှာ ဖြစ်ပါတယ်။

          ဒီလိုဆောင်ရွက်ရာမှာ အောင်မြင်ဖို့အတွက် မျိုးကောင်းမျိုးသန့် အပြည့်အဝ ရရှိရေးဟာလည်း လွန်စွာအရေးကြီးပါတယ်။ အထွက်နှုန်းကောင်းပြီး၊ ဈေးကွက်ဝင်မျိုးဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် မျိုး ရရှိရေးဟာ ပထမအရေးကြီးပါတယ်။ နွေစပါး၊ ဆောင်းပဲဖြစ်လို့ ရေရှိရေးဟာလည်း အလွန်အရေးကြီး ပါတယ်။ ဆည်ရေရသောဧရိယာများ၊ အခြားနည်းဖြင့် ရေရရှိနိုင်သောဒေသများ၊ ဖြစ်နိုင်ခြေရှိသော ဧရိယာများကို ရွေးချယ်ဆောင်ရွက်ဖို့လည်း အရေးကြီးပါတယ်။ သွင်းအားစုအတွက်တော့ နိုင်ငံတော် ချေးငွေက ရမှာဖြစ်လို့ ထိုက်သင့်သလောက်အဆင်ပြေနိုင်ပါတယ်။ သွင်းအားစု အမှန်သုံးစွဲရေးအတွက် တော့ Supplierများနဲ့ချိတ်ဆက်၍ တောင်သူစိတ်ကြိုက်ဖြစ်ပြီး အရည်အသွေးပြည့်မီတဲ့မြေဩဇာများ ရရှိရေး ဆောင်ရွက်ရမှာဖြစ်ပြီး အမှန်သုံးစွဲရေးကိုလည်း ဌာနဆိုင်ရာများနဲ့ Contractorများက ကြီးကြပ် ပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။

          Contractorများနဲ့ တောင်သူများကြား သဘောတူစာချုပ်ချုပ်ဆိုရာမှာ စာချုပ်ပါအချက်အလက် သဘောတူညီမှု၊ Contractor ဘက်က ဆောင်ရွက်ရမယ့်တာဝန်၊ တောင်သူဘက်က ဆောင်ရွက်ရမယ့် တာဝန်စသဖြင့် ရှင်းရှင်းလင်းလင်း တောင်သူများ သိဖို့ လိုပါတယ်။ ဖြစ်နိုင်ချေ Risk က သီးနှံပေါ်ချိန်မှာ ဈေးတက်ဈေးကောင်းလျှင် တောင်သူမှ စာချုပ်ပါစည်းကမ်းအရ သတ်မှတ်နှုန်းနဲ့ Contractorများကို ရောင်းရမှာ မရောင်းချင်ဘဲ၊ မရောင်းဘဲ ပြင်ပတစ်ခြားပွဲစားကို ရောင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဈေးနှုန်း ကျပါကလည်း တောင်သူရော၊ ကုန်သည်ပါ ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် ဈေးကျချိန်မှာ သိုလှောင် ထားခြင်း၊ ဈေးကွက် ဖော်ဆောင်ခြင်းများ ဆောင်ရွက်ထားသင့်ပါတယ်။ အဲ့ဒီလိုပြဿနာဖြစ်လာရင် ဖြေရှင်းပေးဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနတို့က ပါဝင်ကြီးကြပ်ပေးဖို့ လိုအပ်ပါတယ်။  ဖြေရှင်းမယ့်လုပ်ငန်းစဉ်၊ နည်းလမ်းများ ကြိုတင်စီမံ ချမှတ်ထားရှိသင့်ပါတယ်။

          တောင်သူ တစ်ဦးချင်းနဲ့ ဆက်ဆံတာထက် တောင်သူအစုအဖွဲ့များ၊ သမဝါယမအသင်းများ ဖွဲ့ပြီး အမှုဆောင်ကော်မတီဝင် တောင်သူခေါင်းဆောင်များမှတစ်ဆင့် ချိတ်ဆက်ခြင်းများ ဆောင်ရွက် သင့်ပါတယ်။ ဒါ့ကြောင့် အကျိုးတူကန်ထရိုက်လယ်ယာစနစ်(CF)ဆောင်ရွက်လိုတဲ့ တောင်သူများကို အစုအဖွဲ့ (သို့မဟုတ်) တောင်သူသမဝါယမအသင်းများ စုဖွဲ့ခြင်း၊ စည်းရုံး ပညာပေးခြင်းများ ပြုလုပ် ပေးရမယ့်အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ ဥပမာ-ဆည်ရေလွှတ်ချိန်လောက်မှာ တောင်သူ တစ်ဦးချင်းကို မပြောနိုင်ပါက ကျေးရွာအလိုက် ကော်မတီတွေ၊ တာဝန်ရှိသူတွေကိုသာ အကြောင်း ကြားနိုင်မှာဖြစ်ပါတယ်။

          စက်မှုလယ်ယာများမှာ စုပေါင်းထွန်ယက်ခြင်း၊ တစ်ဆက်တစ်စပ်တည်း ထွန်ယက်ရန် စီမံခြင်း၊ ရိတ်သိမ်းချိန်မှာလည်း တစ်ဆက်တစ်စပ်တည်းရိတ်သိမ်းရန်စီမံခြင်းဟာ ကုန်ကျစရိတ်သက်သာပြီး စီမံခန့်ခွဲမှု လွယ်ကူစေပါတယ်။ ဒီလိုစီမံဖို့ အစုအဖွဲ့၊ အသင်းအဖွဲ့စနစ်ပုံစံ ဆောင်ရွက်မှသာ အောင်မြင် မှာဖြစ်လို့ အောက်ခြေအနိမ့်ဆုံးအဆင့် တောင်သူအစုအဖွဲ့၊ သမဝါယမအသင်းများ ဖွဲ့စည်း ပညာပေး ဆောင်ရွက်ခြင်းဟာ အကျိုးတူကန်ထရိုက်လယ်ယာစနစ် (CF) အောင်မြင်ခြင်းအတွက် အဓိက အရေး ကြီးကြောင်း သုံးသပ်ရပါတယ်။

          စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးအတွက် ဆောင်ရွက်ရာမှာ လုပ်ကွက်ငယ်တောင်သူများ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို သေချာစွာသိရှိနားလည်ပြီး ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့ လိုအပ် ပါတယ်။ လုပ်ကွက်ငယ်တောင်သူအများစုအနေနဲ့က ငွေကြေးအရင်းအနှီး၊ ထုတ်လုပ်မှုနည်းပညာ၊ သတင်းအချက်အလက်လက်လှမ်းမီမှု အကန့်အသတ်၊ ထွက်ကုန်အရည်အသွေးပိုင်းဆိုင်ရာ လိုအပ် ချက်၊ ဈေးကွက်အခွင့်အလမ်းရရှိနိုင်မှု၊ ဈေးကွက် မတည်ငြိမ်မှုစတဲ့ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေကြ ရတာဖြစ်ပါတယ်။ Contract Firming ဆောင်ရွက်တဲ့ခါ ငွေကြေးစီးဆင်းမှုက တောင်သူတွေဆီ တိုက်ရိုက်ရောက်ရှိတာမျိုးမဟုတ်ပေမဲ့ လုပ်ငန်းရှင်(Contractor)တွေ၊ သွင်းအားစုအရောင်းဆိုင်တွေ နဲ့ သမဝါယမအသင်းအဖွဲ့တွေဆီ ငွေကြေးစီးဆင်းပြီး တောင်သူတွေက လိုအပ်တဲ့သွင်းအားစုတွေ ရရှိမှာဖြစ်တဲ့အတွက် လုပ်ကွက်ငယ်တောင်သူအများစုရဲ့ လိုအပ်ချက်ဖြစ်တဲ့ သွင်းအားစုများကို တိုက်ရိုက်ဖြေရှင်းပေးနိုင်ဖို့၊ တည်ငြိမ်တဲ့ဈေးကွက်ဖော်ဆောင်နိုင်ဖို့အတွက် အကျိုးတူကန်ထရိုက် လယ်ယာစနစ်လို့ခေါ်တဲ့ ဒီ Contract Firming စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်အောင်မြင် အောင် ဆောင်ရွက်နိုင်ဖို့ ကြိုးစားသင့်ပါကြောင်း တိုက်တွန်းအပ်ပါတယ်။

          ယခုကဲ့သို့ နိုင်ငံ့စီးပွား မြင့်မားရေးနှင့် လုပ်ကွက်ငယ်တောင်သူများ၏လူမှုစီးပွားဘဝ မြင့်မား ရေးအတွက် ပြည်ပဈေးကွက်အလားအလာရှိသော ဆန်စပါးအတွက် ငွေကျပ် (၁၇၀) ဘီလီယံနှင့် ပဲတီစိမ်းအတွက် ငွေကျပ် (၆၀) ဘီလီယံ၊ စုစုပေါင်း (၂၃၀) ဘီလီယံကျပ်ကို အတိုးနှုန်း (၁%)ဖြင့် Contract Firming စနစ်မှာ သွင်းအားစုအတွက် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ပံ့ပိုးခြင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ပါ။ “လသာတုန်း ဗိုင်းငင်”ဆိုသလို အခွင့်သာတုန်းမှာ အစိုးရ-ပုဂ္ဂလိက-တောင်သူလယ်သမား ပြည်သူများ စေတနာဖြင့် ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ သတိဉာဏ်ပညာဖြင့် စီမံဆောင်ရွက်သင့်သည်များကို စနစ်တကျ စီမံဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။

ခန့်ဇော် (ကျေးလက်)


Khun Hlaing Win Htut

1 Month Ago

Thank you 

00
Reply