“Cooperatives Build a Better World” “ကမ္ဘာ့လောက ပိုမို ကောင်းမွန်ရေး သမဝါယမများက တည်ဆောက်ပေး”

Ministry of Cooperatives and Rural Development | Jun 27, 2022

၁။           ၁၉၀၄ ခုနှစ်တွင် သမဝါယမအသင်းအက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၀၅ ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်တွင် စစ်ကိုင်းခရိုင် မြင်းမူငွေစုငွေချေး သမဝါယမအသင်း စတင်ဖွဲ့စည်းခဲ့သည်မှစ၍ သမဝါယမလုပ်ငန်းများ သန္ဓေတည်လာခဲ့ပါသည်။ ခေတ်အဆက်ဆက် သမဝါယမအသင်းများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဦးစီးဌာန၊ ဝန်ကြီးဌာန ဖွဲ့စည်းထူထောင်ပြီး လမ်းညွှန် ကြီးကြပ်မှုများဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် သမဝါယမဝန်ကြီးဌာနမှာ သီးခြား ရပ်တည်ခွင့်မရရှိဘဲ ဦးစီးဌာနဖြင့်သာ သမဝါယမလုပ်ငန်းများအား ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ခဲ့ရပါသည်။ (၁၇-၆-၂၀၂၁) ရက်နေ့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို ဝန်ကြီးဌာနအသစ်အဖြစ် ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ခေတ်နှင့်အညီ မူဝါဒအသစ်များဖြင့် သမဝါယမလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာစေရေး ဆောင်ရွက်လျက် ရှိပါသည်။

၂။       သမဝါယမဦးစီးဌာနမှ ပြည်သူတို့၏လူမှုစီးပွားအတွက် ထိရောက်အကျိုးရှိမည့် မျှော်မှန်း ချက်၊ ရည်မှန်းချက်၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ Action Plan(၈)ရပ် ချမှတ်၍ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် သမဝါယမအသင်းများဖွဲ့စည်းခြင်း(Organizing)၊ စည်းရုံးပညာပေးခြင်း (Educating)၊ တည့်မတ် ပြုပြင်ပေးခြင်း (Regulating) တို့ကို သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ အမှန်တကယ် အလုပ်လုပ်လိုသူများ၊ လုပ်ငန်းတူရာ အလိုက် စိတ်ဝင်စားသူများအား စည်းရုံးပြီး သမဝါယမအသင်းသစ်များ တိုးချဲ့ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါသည်။ ယနေ့ထိ သမဝါယမအသင်းပေါင်း (၃၉၃၉၉)သင်းတို့ကို ဖွဲ့စည်းထားရှိရာ ပြုပြင်၍ရသောအသင်းများ၏ အားနည်းချက်များ ပြုပြင်တည့်မတ်ပြီး မည်သို့မျှပြုပြင်၍မရနိုင် သော အသင်းများအား စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊  BOD ပြန်လည်ရွေးချယ်ရာတွင်လည်း အမှန်တကယ်စိတ်ပါဝင်စားပြီး အလုပ်လုပ်နိုင်သူများအား ရွေးချယ်နိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

၃။           ကုန်ထုတ်လုပ်မှုသမဝါယမအသင်း(၃၁၉၂၁)သင်းကို ဖွဲ့စည်းထားရှိပြီး ကုန်ထုတ် လုပ်မှု အသင်းများတွင် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း(၂၂၉၇၁)သင်း၊ မွေးမြူရေး ကုန်ထုတ်သမဝါယမအသင်း(၃၅၈၈)သင်း၊ လယ်ယာအထောက်အကူပြုသမဝါယမအသင်း(၁၆၁) သင်းနှင့်  မျိုးစေ့ထုတ်သမဝါယမအသင်း(၁၈၇)သင်း ပါဝင်ထားရှိပါသည်။

၄။           စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်သော စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေး ပေးခြင်း၊ မျိုး၊ သွင်းအားစုဖြည့်ဆည်းပေးခြင်းနှင့် လယ်ယာသုံးစက်ကိရိယာများအား အရစ်ကျ စနစ်ဖြင့် ရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။  သမဝါယမအသင်းများမှ ပြည်တွင်း ကုန်ကြမ်းများဖြင့် ထုတ်လုပ်သော သဘာဝမြေဩဇာများအား စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းများက အသင်းသားများကို ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိပါသည်။

၅။           လယ်ယာအထောက်အကူပြုဝန်ဆောင်မှုသမဝါယမအသင်း (၁၆၁)သင်းမှလည်း ရိတ်သိမ်းခြွေလှေ့စက်(၁၁၄)စီး၊ ထွန်စက်ကြီး(၄၅၂)စီး၊ အခြားစက်ကိရိယာ(၆၄)စီးတို့ဖြင့် စိုက်ပျိုး ထုတ်လုပ်မှု လုပ်ငန်းများအတွက် လယ်ယာဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ လယ်ယာဝန်ဆောင်မှု သမဝါယမအသင်းများအနေဖြင့် အသင်းသားများစိုက်ပျိုးသော လယ်ယာမြေများ အား စာရင်းမှတ်စနစ်ဖြင့် သီးနှံပေါ်ချိန်မှ ဝန်ဆောင်ခရယူသည့်စနစ်ဖြင့် လယ်ယာဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

၆။           ဆောင်ရွက်မည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် တောင်သူများ ဆုံးရှုံးနစ်နာမှု မရှိစေရေးနှင့် သီးနှံများအထွက်တိုးစေရေး၊ ဈေးကွက်ခိုင်မာမှုရှိစေရေးတို့အတွက် ကုမ္ပဏီများနှင့် ချိတ်ဆက်၍လည်းကောင်း၊ နိုင်ငံတော်ဘတ်ဂျက်မှ ပံ့ပိုးငွေရယူ၍လည်းကောင်း၊ အသင်းပိုင်ငွေဖြင့် လည်းကောင်း သမဝါယမကန်ထရိုက်လယ်ယာလုပ်ငန်း (Cooperative Contract Farming) ဆောင်ရွက်လျက်ရှိပါသည်။

၇။           မွေးမြူရေးကုန်ထုတ်သမဝါယမအသင်းများအနေဖြင့် သမဝါယမအသင်းပိုင် ငါးကန်များ နှင့် အင်းများမှာ ငါးများအား ပိုမိုမွေးမြူ ထုတ်လုပ်ရောင်းချနိုင်အောင်နှင့် ရေထွက်ကုန်လုပ်ငန်း ဆောင်ရွက်လျက်ရှိသော သမဝါယမအသင်းများအနေဖြင့် ပြည်တွင်း/ပြည်ပသို့ တိုးချဲ့တင်ပို့ ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၈။           ဝန်ဆောင်မှုသမဝါယမအသင်း (၄၃၆၃)သင်း ဖွဲ့စည်းထားရှိပြီး ဌာနဆိုင်ရာ၊ ဈေးနှင့် အသေးစားငွေစုငွေချေးသမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အသင်းသားများ၏ အစုနှင့် စုဆောင်းငွေများ တိုးမြှင့်လာစေရေး စည်းရုံးခြင်း၊ အစုများ တိုးမြှင့်နိုင်ခြင်း မရှိပါက စီးပွားရေးလုပ်ငန်းလုပ်ဆောင်ပြီး ရရှိလာသည့် အကျိုးအမြတ်အပေါ် အစုတိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ အသင်းသားများက ငွေစုဆောင်းတတ်တဲ့ အလေ့အကျင့်ကောင်း များရှိလာစေရေးကိုလည်း စည်းရုံးဆောင်ရွက်ပေးလျက်ရှိပါသည်။ ဝန်ဆောင်မှုသမဝါယမ အသင်းများအနေဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအပြင် အခြားဝန်ဆောင်မှုလုပ်ငန်းများ၊ ဆေးရုံဆေးခန်းများ ဖွင့်လှစ်ပြီး ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းများကို လုပ်ကိုင်ဆောင်ရွက် ပေးလျက်ရှိပါသည်။

၉။           စက်မှုလက်မှုကုန်ထုတ်သမဝါယမအသင်းများကလည်း ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်၊ ရက်ကန်း၊ အထည်ချုပ်၊ ရေခဲစက် စသည့်ဖြင့် သမဝါယမအသင်းပိုင် စက်ရုံအလုပ်ရုံများကို ထူထောင်ဆောင်ရွက်လျက်ရှိပြီး ထွက်ရှိသည့်ပစ္စည်းများကို ပြည်တွင်း/ပြည်ပဈေးကွက် အသီးသီးသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ဒေသတစ်ခုချင်း၏ ထုတ်ကုန်များကို တွင်တွင် ကျယ်ကျယ် ထုတ်လုပ်နိုင်ရေးနှင့် ပြည်တွင်း/ပြည်ပဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင် ရေးအတွက် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village, One Product) အနေဖြင့် ကုန်ကြမ်းရရှိမှုနှင့် ငွေကြေးအရင်းအနှီးပေါ် မူတည်၍ ဝါးခမောက်၊ ရက်ကန်း၊ ဂျုံရိုးဦးထုပ်၊ ခြင်းထောင်း၊ တံမြက်စည်း၊ အိုး၊ သင်ဖြူးဖျာ၊ ပန်းပဲ၊ အိုးစည်နှင့် ယွန်းလုပ်ငန်း စသဖြင့် လုပ်ငန်းများကို သမဝါယမအသင်းများ ဖွဲ့စည်း၍ တစ်ပိုင် တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါတယ်။ ဒီလုပ်ငန်းများဟာဆိုရင် တစ်ဖက်တစ်လမ်းက ဝင်ငွေရရှိကြောင်း တွေ့ရှိရမှာဖြစ်ပါသည်။

၁၀။         ကုန်သွယ်မှုသမဝါယမအသင်း(၃၁၁၅)သင်း ဖွဲ့စည်းထားရှိပြီး ကုန်သွယ်မှုသမဝါယမ အသင်းများဖြစ်သည့် အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်း၊ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၊ ရောင်းဝယ်ရေးသမဝါယမအသင်း၊ အမှတ်တရပစ္စည်းများရောင်းချသည့် သမဝါယမအသင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်း‌ဆောင်ရွက်နေသော သမဝါယမအသင်းများမှ ပြည်တွင်း/ပြည်ပကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ရောင်းဝယ်ရေး သမဝါယမအသင်းများမှ အရောင်းဆိုင် (၄၆၂)ဆိုင် ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။ လူသုံး၊ အိမ်သုံးပစ္စည်းများအား ပြည်သူများ ပစ္စည်းမှန်၊ ဈေးမှန် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေး သမဝါယမအရောင်းဆိုင်များအား အဆင့်မြှင့်တင်ပြီး ရောင်းအားကောင်းသော ပစ္စည်းများ စုံစုံလင်လင်ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၁၁။         တိုင်းဒေသကြီး/ပြည်နယ်အသင်းစုချုပ်များ၊ မြို့နယ်အသင်းစုများနှင့်ချိတ်ဆက်ပြီး လယ်ယာထွက်ကုန်သီးနှံများ၊ ဆန်စပါး၊ စားသုံးဆီ၊ ရေထွက်ကုန်ပစ္စည်းများကို စတင်ဆောင်ရွက် သည့်အချိန်များတွင် အမြတ်မယူ အရှုံးမရှိစေရေးနှင့်အညီ ဆောင်ရွက်ပြီး အချိန်ကာလတစ်ခု ရောက်ရှိသည့်အချိန်တွင် သင့်တင့်သည့် အမြတ်ငွေရယူခြင်းများဖြင့် ဖြန့်ဖြူးရောင်းချ ဆောင်ရွက်ပေးလျက်ရှိပါသည်။

၁၂။          စက်ကိရိယာများဝယ်ယူခြင်း၊ သွင်းအားစုများ ထောက်ပံ့ခြင်း၊ ကန်ထရိုက်လယ်ယာ များဆောင်ရွက်ခြင်း၊ ဆန်/စပါးများ၊ ရေထွက်ကုန်နှင့် ဒေသထွက်ကုန်သီးနှံများဝယ်ယူဖြန့်ဖြူး ရောင်းချခြင်း၊ အရောင်းဆိုင်များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအပါအဝင် အောင်မြင်နိုင်ခြေရှိသော လက်ရှိဖွဲ့စည်းထားသည့် ကုန်ထုတ်၊ ဝန်ဆောင်၊ ကုန်သွယ်သမဝါယမအသင်းများနှင့် ထပ်မံ ဖွဲ့စည်းမည့် သမဝါယမအသင်းများအား ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီး/ပြည်နယ် ဘတ်ဂျက်များမှ Revolving Fund စနစ်ဖြင့် ထောက်ပံ့ရယူပြီး ကနဦးအစပိုင်း၌ Pilot အဖြစ် ဆောင်ရွက်ပြီး နောင်ကာလများတွင် ဘဏ္ဍာရန်ပုံငွေများ တိုးမြှင့်တောင်းခံပြီး ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိပါသည်။

၁၃။         ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်များနှင့်အညီ စိတ်သစ် လူသစ် မူဝါဒသစ်များဖြင့် ရွာငံမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသော ကော်ဖီဝယ်ယူကြိတ်ခွဲရောင်းချသည့် အသင်းမှ အကျိုးအမြတ်ခွဲဝေပေးသည့်နမူနာကို စံပြု၍ ဖြစ်ပေါ်လာသည့် အကျိုးအမြတ်ငွေများကို ရာသီ/ အချိန်အလိုက် အသင်းသားများအား ထိထိရောက်ရောက် ခွဲဝေပေးခြင်း၊ အသင်း၏ရှယ်ယာများ တိုးမြှင့်ပေးခြင်း၊ အသင်း၏စီးပွားရေးလုပ်ငန်းတွင် ပြန်လည်သတ်မှတ်ထည့်ဝင်စေခြင်း ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

၁၄။         ၁၉၇၀ ခုနှစ်မှစ၍ တောင်ကိုရီးယားသမ္မတနိုင်ငံတွင် ကျေးရွာသစ်စီမံကိန်းလှုပ်ရှားမှု ကို အခြေခံစိတ်ဓါတ်(၃)ခုဖြစ်သည့် လုံ့လဝီရိယစိတ်ဓါတ် (Diligence)၊ ကိုယ်ထူကိုယ်ထ စိတ်ဓါတ် (Self-Help)၊ ပူးပေါင်းဆောင်ရွက်လိုသောစိတ်ဓါတ် (Cooperation)တို့ကို ခံယူလျက် အစိုးရနှင့်ပြည်သူလက်တွဲ၍ ဟန်ချက်ညီညီ ရုန်းကန်လှုပ်ရှားမှုများကြောင့် နှစ်ပေါင်း(၄၀) အတွင်း ကမ္ဘာ့နိုင်ငံများအကြား အချမ်းသာဆုံးအဆင့်(၁၂)သို့ ရောက်ရှိခဲ့သည့် ကျေးရွာသစ် လှုပ်ရှားမှုစံနမူနာကောင်းများကို ရယူပြီး ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။

၁၅။         မြန်မာနိုင်ငံတွင်လည်း ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ (၃-၁၁-၂၀၂၁)ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီးသို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ခေတ်မီစံပြကျေးရွာ များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လမ်းညွှန်မှာကြားချက်များအရ ခေတ်မီစံပြ ကျေးရွာများ (Smart Village)များ ဖြစ်ပေါ်စေရေးအတွက် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကျေးရွာ(၃)ရွာစီ ရွေးချယ်ထားရာ သမဝါယမဦးစီးဌာနက Focal အဖြစ် ဆောင်ရွက်ပေးရမည့် အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာ ဖြန့်ဖြူးခြင်းလုပ်ငန်း၊ စိုက်ပျိုးရေး မွေးမြူရေး အသေးစားကုန်ထုတ်လုပ်ငန်းအတွက် လိုအပ်သော အရင်းအနှီးချေးငွေများထုတ်ချေးပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာများအပါအဝင် စက်ကိရိယာ များ ပံ့ပိုးပေးခြင်းနှင့် မျိုးစေ့သွင်းအားစုများ ထောက်ပံ့ပေးခြင်း၊ သမဝါယမကန်ထရိုက်လယ်ယာ လုပ်ငန်း (Cooperative Contract Farming) စနစ်တို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

၁၆။         သမဝါယမပညာပေးရေးလုပ်ငန်းဆောင်ရွက်မှုအနေဖြင့် သမဝါယမစာရင်းရေး စာရင်းကိုင်၊ သက်မွေးပညာသင်တန်းကျောင်းများမှ အနည်းဆုံး အခြေခံပညာ အဋ္ဌမတန်း အောင်မြင်ပြီးသူများအနေဖြင့် ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများအား စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် သက်မွေးမှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ ခေတ်မီစီမံခန့်ခွဲမှုဆိုင်ရာ နည်းများဖြင့် ကွန်ပျူတာစာရင်းကိုင်ပညာရပ်များ တတ်ကျွမ်းစေရန်၊ အစိုးရအဖွဲ့အစည်းများ၊ သမဝါယမဆိုင်ရာအဖွဲ့အစည်းများ၊ ပြင်ပပုဂ္ဂလိက အသင်းအဖွဲ့များ၊ လုပ်ငန်းများနှင့် ကုမ္ပဏီများ တွင် အလုပ်လျှောက်ထားရာ၌ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ စာရင်းရေး စာရင်းကိုင်၊ သက်မွေးပညာ(၂)နှစ်သင်တန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး သမဝါယမကောလိပ်များသို့ (၂)နှစ် ထပ်မံ ပညာဆက်လက်သင်ယူနိုင်သည့်အခွင့်အလမ်းရှိပြီး ကျွမ်းကျင်မှုရှိပြီး သက်မွေးပညာ(၂)နှစ် သင်တန်းဆင်းသူများကို သမဝါယမအသင်းများနှင့် ဌာနများတွင် တာဝန်ထမ်းဆောင်နိုင်ရေး သမဝါယမပညာပြန့်ပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး ဆောင်ရွက် ပေးလျက်ရှိပါသည်။

၁၇။         အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးမှုသဘောတရားများ၊ အပြောင်းအလဲစီမံခန့်ခွဲမှု (Change Management) သဘောတရားများအား ဌာနဝန်ထမ်းများနှင့် အသင်းဝန်ထမ်းများ သိရှိလိုက်နာ စေရန် ဆောင်ရွက်ပေးလျက်ရှိရာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံနှင့် မဲခေါင်ဒေသရှိ သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ စီမံကိန်းအရ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သင်တန်း၊ စာရင်းစစ်သင်တန်း၊ သမဝါယမဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်ဆိုင်ရာသင်တန်း၊ အစားအသောက် ဘေးကင်းလုံခြုံမှုအသိပညာပေးသင်တန်း၊ ဘဏ္ဍာရေးဆိုင်ရာအသိပညာပေးသင်တန်း၊ သမဝါယမ စီမံခန့်ခွဲမှုနှင့် ဈေးကွက်ဖော်ဆောင်ရေးသင်တန်း၊ Introduction to Monitoring and Evaluation သင်တန်း၊ မြန်မာနိုင်ငံသမဝါယလှုပ်ရှားမှု ဆွေးနွေးပွဲများ ဖွင့်လှစ်ပို့ချခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

၁၈။         ဝန်ကြီးဌာနအနေဖြင့်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တောင်သူများကို လိုအပ်သည်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ကိုယ်ကိုယ်တိုင်လုပ်၊ ကိုယ်ကိုယ်တိုင်သိပြီး တောင်သူများသို့  အတွေ့အကြုံများမျှဝေပေးနိုင်အောင် ရုံးပတ်ဝန်းကျင် တွင် ကြက်၊ ဘဲ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ငါးကန်များ အသစ်ပြုလုပ်တူးဖော်ပြီး ငါးမွေးမြူရေး လုပ်ငန်းဆောင်ရွက်ခြင်း၊ စံပြစက်မှုလယ်ယာဖော်ထုတ်ဆောင်ရွက်ခြင်း၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်း၊ နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ခြင်းတို့ကို စံနမူနာအဖြစ် စီမံဆောင်ရွက်လျက် ရှိပါသည်။

၁၉။         သမဝါယမအသင်းများကို ရပ်ကွက်/ကျေးရွာအဆင့်တွင် အခြေခံသမဝါယမအသင်း၊ မြို့နယ်အဆင့်တွင် မြို့နယ်သမဝါယမအသင်းစု၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် အသင်းစုချုပ် နှင့် ဗဟိုအဆင့်တွင် ဗဟိုသမဝါယမအသင်းကိုလည်းကောင်း ဖွဲ့စည်းထားရှိပြီး ဗဟိုသမဝါယမ အသင်း Apex Body သည် (၇-၉-၁၉၉၃)ရက်နေ့၌ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် တွင် အသင်းဝင်အဖြစ် ပါဝင်ခဲ့ပါသည်။              အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ၁၉၂၃ ခုနှစ်မှ စတင်၍ ကျင်းပဆောင်ရွက်ခဲ့ရာ ယခုနှစ်ဆိုလျှင် နှစ် ၁၀၀ တိုင်ခဲ့ပြီဖြစ်ပါသည်။ အပြည်ပြည် ဆိုင်ရာသမဝါယမအဖွဲ့ချုပ်၏အခြေခံမူများဖြစ်သည့် ဆန္ဒအလျောက် လွတ်လပ်စွာ အသင်းသား အဖြစ် ပါဝင်ခွင့်ရှိခြင်း၊ အသင်းသားများ၏ဆန္ဒနှင့်အညီ စီမံခန့်ခွဲခြင်း၊ သမဝါယမ အသင်း၏ စီးပွားရေးလုပ်ငန်းများတွင် အသင်းသားများပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း၊ အသင်းအနေဖြင့် ကိုယ်တိုင်အုပ်ချုပ်ခြင်းနှင့် လွတ်လပ်မှုရှိခြင်း၊ ပညာပေးရေး၊ လေ့ကျင့်ရေးနှင့် သမဝါယမ သတင်းအချက်အလက် ဖြန့်ဝေရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သမဝါယမအသင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ အခြေခံလူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးအတွက် တာဝန်ခံခြင်းတို့နှင့်အညီ ကမ္ဘာတစ်ဝှမ်း သမဝါယမလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံရှိ ဖွဲ့စည်းပြီးသည့် သမဝါယမအသင်းများအနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်၏ အခြေခံမူ များနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ ကုလသမဂ္ဂအထွေထွေညီလာခံကြီးက နှစ်စဉ်ဇူလိုင်လ ပထမပတ်စနေနေ့ကို အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ (ICA Day)အဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်မှလည်း နှစ်စဉ်(ICA Day)အတွက် ကမ္ဘာတစ်ဝှမ်း ရှိ သမဝါယမအသင်း၊ အဖွဲ့အစည်းများအနေဖြင့် လူသားအကျိုးပြုလုပ်ငန်းများကို ပိုမို၍ လုပ်ဆောင်ကြရန် ဆောင်ပုဒ်များဖြင့် တိုက်တွန်းနှိုးဆော်လျက်ရှိပါတယ်။ ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ဆောင်ပုဒ်ဖြစ်သော “Cooperatives Build a Better World” “ကမ္ဘာ့လောက ပိုမိုကောင်းမွန်ရေး သမဝါယမများက တည်ဆောက်ပေး ဖြစ်ပါသည်။ မြန်မာ နိုင်ငံမှာလည်း နှစ်စဉ်အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ် အခမ်းအနားကို ကျင်းပ ခဲ့ရာ ယနေ့ဆိုလျှင် (၂၈) ကြိမ်ရှိခဲ့ပြီဖြစ်ပါသည်။

၂၀။          အောင်မြင်နေသော ကမ္ဘာ့အကြီးဆုံးသမဝါယမလုပ်ငန်း(၃၀၀)အနက် ထိပ်တန်းအဆင့် (၁၀)တွင် အဆင့်(၁)အနေဖြင့် ပြင်သစ်နိုင်ငံရှိ Group Credit Agricole ငွေကြေးဝန်ဆောင်မှု အသင်းက ရပ်တည်လျက်ရှိပြီး ငွေကြေးဝန်ဆောင်မှု (Financial Service) လုပ်ငန်းဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ(၈၉.၁၀)ဘီလီယံခန့်ဝင်ငွေရရှိလျက်ရှိပါတယ်။ အဆင့်(၂)အနေဖြင့် လက်လီ လက်ကားကုန်သွယ်မှုလုပ်ငန်း (Whole Sale and Retail Trade)ဖြင့် နှစ်စဉ် အမေရိကန် ဒေါ်လာ ၆၃.၀၇ ဘီလီယံခန့်ဝင်ငွေရရှိသော ဂျာမနီနိုင်ငံရှိ REWE Group ကုန်သွယ်မှု သမဝါယမ အသင်းဖြစ်ပြီး အဆင့်(၃)အနေဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း (Financial Service) ဖြင့် နှစ်စဉ်အမေရိကန်ဒေါ်လာ ၆၃.၀၁ ဘီလီယံခန့် ဝင်ငွေရရှိနေသော ပြင်သစ်နိုင်ငံရှိ Group BPCE ငွေကြေးဝန်ဆောင်မှုသမဝါယမအသင်းတို့မှာ အောင်မြင်ထင်ရှားလျက်ရှိပါသည်။ ကမ္ဘာ့ ထိပ်တန်းစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းကတော့ ဂျပန်နိုင်ငံ ဇန်နို Zen-Noh စိုက်ပျိုးရေး သမဝါယမအသင်းဘဲဖြစ်ပါသည်။ အဲဒီအသင်းကြီးရဲ့ ပန်းတိုင်ကတော့ အသင်းကြီးတိုးတက် အောင်မြင်ရေးအတွက် အသင်းသားအားလုံးပူးပေါင်းဆောင်ရွက်ရန်၊ ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ် နိုင်ရန်၊အသင်းသားလယ်သမားများရဲ့ ကုန်ထုတ်နိုင်မှုစွမ်းအင်မြင့်မားလာစေရန်၊ အသင်းသားတွေရဲ့ လူမှုစီးပွားဘဝမြှင့်တင်ပေးရန် တို့ပဲဖြစ်ပါသည်။

၂၁။          သို့ပါ၍ ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ဆောင်ပုဒ်ဖြစ်သော “Cooperatives Build a Better World” “ကမ္ဘာ့လောက ပိုမို ကောင်းမွန်ရေး သမဝါယမများက တည်ဆောက်ပေး ဆောင်ပုဒ်နှင့်အညီ  မြန်မာ့သမဝါယမအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏လမ်းညွှန်မှု၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဦးဆောင်မှုတို့ဖြင့် သမဝါယမဦးစီးဌာန၊ သမဝါယမအသင်းနှင့် အသင်းသားပြည်သူများက ဆောင်ရွက်မှုအခြေ အနေများအား အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုရင်း အစီရင်ခံတင်ပြလိုက် ရပါသည်။

အောင်သူရ (သမဝါယမ)