"COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများအား ကုစားခြင်း"

Ministry of Investment and Foreign Economic Relations | Jun 23, 2021

Dec 11, 2020

COVID-19 နဲ့ ကမ္ဘာ့စီးပွားရေး

 

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံမှာ စတင်ပေါ်ပေါက် ခဲ့တဲ့ ကူးစက်ရောဂါဆိုးကြီး ဟာ နောက်ပိုင်း COVID-19 လို့ခေါ်တဲ့ ကမ္ဘာ့ကပ်ရောဂါကြီးအဖြစ်ရောက်ရှိခဲ့ပါတယ်။ ကပ်ရောဂါ ကြီးကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေ ၊ အသက်ဆုံးရှုံးမှုတွေ များစွာ ဖြစ်ပေါ်ခဲ့သလို ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ကမ္ဘာ့စီးပွားရေးကိုလည်း ထင်မှတ်မထားတဲ့ အခြေအနေအထိ ကျဆင်းသွားစေခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာ့ကုန်သွယ်မှု အခြေ အနေကလည်း ၉.၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သလို ကမ္ဘာ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေက လည်း ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေး ထိခိုက်မှုနဲ့အတူ အာဆီယံရဲ့ စီးပွားရေးဟာလည်း ကြီးမားတဲ့ ထိခိုက်မှုတွေ ခံစားခဲ့ရပါတယ်။ ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက် အတွင်းမှာ အာဆီယံရဲ့ ကုန်သွယ်မှုက ၁၂.၄ ရာခိုင်နှုန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ၃၂.၉ ရာခိုင် နှုန်း၊ ပြည်ပခရီးသွား ဝင်ရောက်မှုက ၇၁.၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ ကမ္ဘာ့စီးပွား ရေးထိခိုက်မှု၊ အာဆီယံစီးပွားရေး ထိခိုက်မှုနဲ့အတူ မြန်မာပြည်ရဲ့ စီးပွားရေးမှာလည်း ကဏ္ဍ အသီးသီးအပေါ် ထိခိုက်မှုတွေ ကြီးမားခဲ့ပါတယ်။

 

အစိုးရရဲ့အပြင်အဆင်

 

နိုင်ငံတော်အစိုးရအနေနဲ့ COVID-19 ကြောင့် နိုင်ငံအသီးသီးရဲ့ ကျန်းမာရေးနဲ့ စီးပွားရေး ထိခိုက်မှုတွေ စတင်ပေါ်ပေါက်လာချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှု မရှိသေး သော်ငြားလည်း စီးပွားရေးဆိုင်ရာ ထိခိုက်မှုတွေ ပေါ်ပေါက်နိုင်တဲ့ အလားအလာတွေကို ကြိုတင် ခန့်မှန်းသုံးသပ်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့မှာ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားရေးဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်ပြီး နိုင်ငံတော်ရဲ့ စီးပွားရေးမှာ အရေးပါတဲ့ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ပြည်ထောင်စုဝန်ကြီးများ၊ အကြီးအကဲများ၊ ဆက်စပ်တဲ့ ဌာနဆိုင်ရာ အရာရှိကြီးများ ပါဝင်တဲ့ “COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီကို အချိန်မီ ဖွဲ့စည်းခဲ့ပါတယ်။

လုပ်ငန်းကော်မတီဟာ COVID-19 ကြောင့် ဖြစ်ပေါ် လာနိုင်တဲ့ ထိခိုက်မှုတွေကို ကြိုတင်ကာကွယ်ဘို့၊ ထိခိုက်မှု လျော့နည်း သက်သာစေဘို့၊ ပြန်လည် ကုစားနိုင် ဘို့ စတင်ပြင်ဆင်ခဲ့ပါတယ်။ လုပ်ငန်းကော်မတီရဲ့ ပထမဆုံး အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၄ ရက်နေ့မှာ ကျင်းပခဲ့ပြီး ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေး သက်ရောက်မှုတွေနဲ့ ပတ်သက် တဲ့ မူဝါဒပိုင်းဆိုင်ရာ အပြင်အဆင် တွေကို စတင်စီမံဆောင်ရွက်ခဲ့ပါတယ်။

 

အစီအမံများ

 

လုပ်ငန်းကော်မတီဟာ ချက်ချင်းအရေးယူ ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ကာလတို အတွင်း ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနဲ့ စီးပွားရေးသက်ရောက်မှုတွေကို ကုစားနိုင်ဘို့ မူဝါဒပိုင်းဆိုင်ရာ ဆောင်ရွက်ရမည့် ကိစ္စရပ်များ ခွဲခြားသတ်မှတ်ပြီး လုပ်ငန်းအစီအမံများ ချမှတ်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းမှာ ကုန်ကြမ်းပစ္စည်းရရှိဘို့ အခက်အခဲပေါ်နေတဲ့ အထည်ချုပ်စက်ရုံတွေအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ မြန်မြန်နဲ့များများ သယ်ယူနိုင် ရေးအတွက် စီမံဆောင်ရွက်မှုနဲ့ လုပ်ငန်းကော်မတီရဲ့ လုပ်ငန်းစဉ်တွေကို စတင်ခဲ့ ပါတယ်။

ဆက်လက်ပြီး ကာလတို ကုစားမှုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဘို့ ဘဏ္ဍာရေးဆိုင်ရာ လှုံ့ဆော်မှု (Fiscal Stimulus) အစီအမံတွေကို ဆောင်ရွက်ခဲ့ရာမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဝင်ငွေခွန်နှင့် ပတ်သက်ပြီး သုံးလတစ်ကြိမ်ပေးဆောင်ရမည့် ဝင်ငွေခွန်များ ကို စက်တင်ဘာလ (၃၀) ရက်နေ့အထိ ရွှေ့ဆိုင်းပေး ခဲ့ခြင်း၊ ကုန်သွယ်လုပ်ငန်းခွန်ကိုလည်း လစဉ် ပေးဆောင်ရမည့်အစား စက်တင်ဘာလ (၃၀) ရက်နေ့မှသာ ပေးဆောင်ဘို့ ရွှေ့ဆိုင်းပေး ခဲ့ခြင်း၊ ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံခြင်းကို စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြု ခဲ့ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါတယ်။

 

အခွန်ပေးဆောင်ရမည့် ရက်ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ကြေညာချက်ထပ်မံထုတ်ပြန်ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကာလတိုးမြှင့် ရွှေ့ဆိုင်းပေးခဲ့ပါတယ်။

 

ငွေကြေးဆိုင်ရာ လှုံ့ဆော်မှု (Monetary Stimulus) အစီအမံ အနေနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အတိုးနှုန်း (Bank Rate) ကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၆ ရက်နေ့ကစပြီး ၁၀ ရာခိုင်နှုန်း မှ ၉.၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ မတ်လ ၂၄ ရက်နေ့မှာ ၈.၅ ရာခိုင်နှုန်း သို့လည်းကောင်း ၊ ထပ်မံပြီး ဧပြီလ ၂၇ ရက်နေ့မှာ ၇ ရာခိုင်နှုန်းသို့ လည်းကောင်း လျော့ချပေးခဲ့တဲ့အပြင် ပြောင်းလဲ ပြင်ဆင်သတ်မှတ် ပေးခဲ့ပါတယ်။ ဧပြီလ ၉ ရက်နေ့မှာ ပုဂ္ဂလိကဘဏ်များအနေနဲ့ မြန်မာကျပ်ငွေ ဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက် ကို ဘဏ်နှင့်ဆက်သွယ်သူများ (Customers) အပ်ငွေစုစုပေါင်း၏ ၅ ရာခိုင်နှုန်းမှ ၃.၅ ရာခိုင်နှုန်းသို့ ပြင်ဆင်လျှော့ချပြီး ဖြေလျှော့ပေး ခဲ့ပါတယ်။

 

၂၀၂၀ ပြည့်နှစ် မတ်လ ဒုတိယလဝက်မှာ မြန်မာနိုင်ငံအတွင်း COVID-19 ကြောင့် စီးပွားရေးအပေါ် ထိခိုက်မှုတွေဟာ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ အထူးသဖြင့် အထည်ချုပ် (CMP) လုပ်ငန်းတွေ ၊ ခရီးသွားလုပ်ငန်းတွေ ၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေ ထိခိုက်မှု စတင်ဖြစ်ပေါ်လာခဲ့တဲ့အတွက် အဆိုပါ လုပ်ငန်းတွေကို ထောက်မပေးနိုင်ဘို့ ကျပ် ဘီလီယံ ၁၀၀ ကို COVID-19 Fund အနေနဲ့ လျာထားပြီး အဆိုပါ လုပ်ငန်းတွေကို တစ်နှစ် အတိုးနှုန်း ၁ ရာခိုင် နှုန်းနဲ့ ချေးငွေထုတ်ပေးနိုင်ဘို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် မတ်လ ၁၈ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပြီး ချေးငွေထုတ်ပေးမှု လုပ်ငန်းတွေ စတင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယအကြိမ် အနေနဲ့ ကျပ် ဘီလီယံ ၁၀၀ ကို ထပ်မံ လျာထားပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ပို့ကုန်လုပ်ငန်း၊ သွင်းကုန်အစားထိုး လုပ်ငန်း ၊ ထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည့် ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျောက် ပါဝင်သည့် လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်း၊ ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်း ၊ အသက်မွေးပညာသင် လုပ်ငန်းများ စတဲ့ လုပ်ငန်းအသီးသီးကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃ ရက် နေ့ကစပြီး ချေးငွေထုတ်ပေးနိုင်ဘို့ စီမံဆောင်ရွက်ပေးခဲ့ပါတယ်။ ထပ်မံပြီး ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနဲ့ မီဒီယာများသို့ ချေးငွေထုတ် ချေးပေးနိုင်ဘို့ ကျပ် ၁၅ ဘီလီယံ ထပ်မံလျာထားပေးခဲ့ပြီး ချေးငွေတွေ ထုတ်ပေးနိုင်ဘို့ ပြင်ဆင်ဆောင်ရွက်လျှက်ရှိပါတယ်။

 

အခြားဆောင်ရွက်ပေးမှုများ

 

စီးပွားရေးလုပ်ငန်းတွေအနေနဲ့ COVID-19 အကြပ်အတည်းကာလမှာ ကုန်ကျစရိတ်တွေ သက်သာစေဘို့ ရည်ရွယ်ပြီး ဝန်ကြီးဌာန အသီးသီးကလည်း ၎င်းတို့ ကောက်ခံနေတဲ့ လိုင်စင်ကြေး၊ ဝန်ဆောင်ခ စတာတွေကို လျှော့ချ၊ ကင်းလွတ် ပေးခဲ့ကြပါတယ်။ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနက ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာလုပ်ငန်း၊ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန် လုပ်ငန်းတွေအတွက် လိုင်စင်ကြေးများကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ကာလအထိ တစ်နှစ်တာ ကာလအတွက် ကင်းလွတ်ပေးခဲ့ပါတယ်။

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း ၎င်းပုံမှန်ကောက်ခံနေ တဲ့ ဝန်ဆောင်ခတွေ ကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၀ ရက်နေ့မှစ၍ မူလဝန်ဆောင်စရိတ်နှုန်းထား၏ ၅၀ ရာခိုင်နှုန်းသို့ လျှော့ချ ကောက်ခံပေးခဲ့ပါတယ်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနကလည်း သွင်းကုန်လိုင်စင်ကြေးတွေကို မူလကောက်ခံ တဲ့ နှုန်းထားအစား သွင်းကုန် လိုင်စင် (၁) စောင် လျှင် ၃၀,၀၀၀/ ကျပ်နှုန်းဖြင့် လျှော့ချကောက်ခံခဲ့ပြီး ဆေးဝါးများနှင့် ဆေးဝါးများ ထုတ်လုပ်ရာ မှာ အသုံးပြုတဲ့ ဆေးဝါးကုန်ကြမ်းများ အားလုံးအပေါ် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၁ ရက်နေ့မှစ၍ သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ပေးခဲ့ပါတယ်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေနဲ့လည်း ဝန်ကြီးဌာနက စီမံခန့်ခွဲတဲ့ လမ်း/တံတား တွေမှာ လမ်းတံတား အသုံး ပြုခကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁ ရက်နေ့ ကစပြီး ၅၀ ရာခိုင်နှုန်း လျှော့ချ ကောက်ခံခဲ့ပါတယ်။ ပို့ဆောင်ရေးဝန်ကြီးဌာန ကလည်း နိုင်ငံပိုင်လေယာဉ်ကွင်းများမှာ လေကြောင်း လိုင်းများအပေါ် ကောက်ခံတဲ့ ကွင်းအသုံးပြုခ၊ လေယာဉ်ရပ်နားခတွေကိုလည်း ကောက်ခံခြင်းမပြုဘဲ ကင်းလွတ်ပေးခဲ့ပါတယ်။

 

စီးပွားရေးလုပ်ငန်းများအနေနဲ့ COVID-19 ကြောင့် ထိခိုက်မှုတွေ ရှိနေတဲ့ ကာလအတွင်း အစိုးရဌာနအသီးသီးနဲ့ ဆက်စပ် ဆောင်ရွက်ရတဲ့ကိစ္စတွေမှာ ပိုမိုလွယ်ကူချောမွေ့ စေဘို့အတွက် လည်း ဝန်ကြီးဌာနအသီးသီးက ဖြေလျော့မှုတွေနဲ့ နည်းပညာအသုံးပြု ဝန်ဆောင်မှုပေး ခြင်းတွေ ဆောင်ရွက်ပေး ခဲ့ပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ပို့ကုန် သွင်းကုန် လိုင်စင်၊ ပါမစ်တွေကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့ကစပြီး Online စနစ်ဖြင့် ဆောင်ရွက်ပေးလျှက်ရှိပါတယ်။ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ ပေါ်ပေါက်လာတတ် တဲ့ အခက်အခဲတွေကို အချိန်နှင့်တပြေးညီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ဘို့ ကုန်သွယ်မှုနဲ့ သက်ဆိုင်တဲ့ ဌာနများမှ အရာထမ်းများဖြင့် ဖွဲ့စည်းထားသည့် Help Desk ကို ရန်ကုန်မြို့မှာရှိတဲ့ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Myanmar International Trade Center မှာ မတ်လ ၂၄ ရက်နေ့မှစပြီး ရုံးခန်းဖွင့်လှစ် ဆောင်ရွက်ပေးလျှက်ရှိပါတယ်။

 

နိုင်ငံတော်က ဆောင်ရွက်ခဲ့မှုများ

 

COVID-19 ကြောင့် ဖြစ်ပေါ်လာမယ့် စီးပွားရေး သက်ရောက်မှုတွေကို လျော့ချနိုင်ဘို့ အတွက် နိုင်ငံတော်အစိုးရအနေနဲ့ လိုအပ်တဲ့ အစီအမံတွေ ညှိနှိုင်းရေးဆွဲခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၇ ရက်နေ့မှာ “COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက် (COVID-19 Economic Relief Plan-CERP)” ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ စီမံချက်နဲ့အညီ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

 

COVID-19 နဲ့ပတ်သက်တဲ့ သက်ရောက်မှုတွေကို CERP နဲ့အညီ ကိုင်တွယ်ဆောင်ရွက်ခဲ့ ရာမှာ နိုင်ငံတော်အနေနဲ့ အောက်ပါအတိုင်း ရန်ပုံငွေစိုက်ထုတ်ကျခံသုံးစွဲခဲ့ပါတယ် -

 

(၁) COVID-19 ရောဂါကာကွယ်ရေး ကျပ် ၁၂၅၆၁.၁၂၇ သန်း။

(၂) COVID-19 ရောဂါကုသရေး ကျပ် ၃၀၃၀၁၇.၂၃၆ သန်း။

(၃) အိမ်ထောင်စုများသို့ ထောက်ပံ့ခြင်း နှင့် ကျပ် ၁၅၀၈၃၇၀.၀၁၁ သန်း။

အမျိုးသားဘေးအန္တရာယ်ရန်ပုံငွေထောက်ပံ့ခြင်း

(၄) စီးပွားရေးလုပ်ငန်းများသို့ ချေးငွေထုတ်ပေးခြင်း ကျပ် ၃၉၉၀၀၀.၀၀၀ သန်း။

(၅) CERP လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း ကျပ် ၇၂၈၅၁၅.၂၅၄ သန်း။

(၆) ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများဖွင့်လှစ်ပေးခြင်း ကျပ် ၂၀၀.၅၀၀ သန်း။

စုစုပေါင်း ကျပ် ၂၉၅၁၆၆၄.၁၂၈ သန်း။

 

COVID-19 ကြောင့် ဖြစ်ပေါ်တဲ့ သက်ရောက်မှုတွေကို ကုစားနိုင်ဘို့ နိုင်ငံတော်အစိုးရရဲ့ စိုက်ထုတ်ကျခံသုံးစွဲမှုဟာ ကျပ်ဘီလီယံ သုံးထောင်နီးပါးရှိခဲ့ပြီး အခြားလျှော့ပေါ့ သက်သာပေးမှု တွေကိုပါ ထည့်သွင်းတွက်ချက်လိုက်ရင် ပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး စုစုပေါင်း (GDP) ရဲ့ ၄ ရာခိုင်နှုန်းခန့် ကျခံသုံးစွဲခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

 

အနာဂတ်စီးပွားရေး ခန့်မှန်းချက်များ

 

COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်း ထိခိုက်မှုရှိခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ထူ ထောင်လာဘို့ အခြေအနေအပေါ် အများစု မှန်းဆချက်တွေက ရောဂါကာကွယ်ကုသဆေးတွေ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်သုံးစွဲနိုင်မှုအပေါ်မှာ မူတည်တယ်လို့ လက်ခံထားကြပါတယ်။ UNCTAD ရဲ့ ခန့်မှန်းချက်အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ၂၀၂၂ ခုနှစ်မှသာ ပြန်လည် တိုးတက်မည့် အလားအလာတွေ့ရတယ်လို့ ဆိုပါတယ်။ COVID-19 မတိုင်မီကတည်းက ပေါ်ပေါက်နေခဲ့တဲ့ ကုန်သွယ်ရေး တင်းမာမှု အခြေအနေတွေရယ် COVID-19 ကြောင့် ထိခိုက်မှု တွေရယ်ကြောင့် ကမ္ဘာ့ကုန်သွယ်ရေး အခြေအနေကလည်း ပြန်လည်ဦးမော့လာဘို့ အချိန်ယူရ ဦးမယ်လို့ ဆိုပါတယ်။ ကမ္ဘာ့စီးပွားရေး စိန်ခေါ်မှုနဲ့ အကြပ်အတည်းတွေအကြား မိမိတို့နိုင်ငံ အနေနဲ့ COVID-19 ကြောင့် ပေါ်ပေါက်နေတဲ့ သက်ရောက်မှုတွေအပေါ် နိုင်ငံတော်အစိုးရနဲ့ ပြည်သူအားလုံး လက်တွဲညီညီ ကြံ့ကြံ့ခံပူးပေါင်း ဆောင်ရွက်သွားဘို့ လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

 

အောင်နိုင်ဦး (မန္တလေး)