အောင်ပန်း-ပင်းတယ-ရပ်စောက်လမ်းပေါ်ရှိ ဝါးပြားချောင်းကူး ရေပုပ်သိုးတံတားကို အသစ်တည်ဆောက်ပေးရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျာထား - အောင်ပန်း-ပင်းတယ-ရပ်စောက်လမ်းပေါ်ရှိ ဝါးပြားချောင်းကူး ရေပုပ်သိုးတံတားကို အသစ်တည်ဆောက်ပေးရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျာထား

အောင်ပန်း-ပင်းတယ-ရပ်စောက်လမ်းပေါ်ရှိ ဝါးပြားချောင်းကူး ရေပုပ်သိုးတံတားကို အသစ်တည်ဆောက်ပေးရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျာထား

Ministry of Information/ ​နေပြည်တော် / August 15, 2019
image_latest


နေပြည်တော် ဩဂုတ် ၁၄

 

အောင်ပန်း-ပင်းတယ-ရပ်စောက်လမ်းပေါ်ရှိ ဝါးပြားချောင်းကူး ရေပုပ်သိုးတံတားကို အသစ် တည်ဆောက်ပေးရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျာထားကြောင်း  ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး ဒသမနေ့တွင် ရှင်းလင်း ပြောကြားသည်။

 

အစည်းအဝေးတွင် ရပ်စောက်မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၏ “အောင်ပန်း-ပင်းတယ-ရပ်စောက်လမ်းပေါ်ရှိ တံတားအမှတ် ၂/၄၆ ဝါးပြားချောင်းကူး ရေပုပ်သိုးတံတားအသစ် တည်ဆောက် ပေးရန် အစီအစဉ် ရှိ ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဝါးပြားချောင်းကူး ရေပုပ်သိုးတံတား၏ မြေပြင်အခြေအနေ အား တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁၂)နှင့် သက်ဆိုင်ရာ အင်ဂျင်နီယာများ ကွင်းဆင်း စစ်ဆေးခဲ့ရာ တံတားအဝင် အထွက်လမ်းသည် အတက်အဆင်းများပြီး တံတားနေရာတွင် ချိုင့်ဝှမ်းသို့ကျရောက်နေခြင်း၊ လက်ရှိ တံတားရေဝပ်ဧရိယာသည် လုံလောက်မှုမရှိခြင်း၊ ချောင်းကမ်းပါးစောက်နက်ခြင်း၊ ကမ်းကပ်ခုံများအား ရေတိုက်စားမှုများ ဖြစ်ပေါ်နေခြင်းနှင့် လမ်းကွေ့အပိုင်းတွင် တည်ရှိနေခြင်းတို့ကြောင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်း ရှင်းစေရေးအတွက် လမ်းနှင့်တံတား Alignment အသစ်တစ်ခု ရှာဖွေ၍ အရှည်ပေ ၄၀၊ အကျယ် ၃၄ ပေ သံကူကွန်ကရစ်တံတားအသစ်နှင့် ချဉ်းကပ်လမ်းတို့ တည်ဆောက်ရမည်ဖြစ်ပါကြောင်း။

 

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေတွင် လျာထား တင်ပြတောင်းခံထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

မြင်းမူမဲဆန္ဒနယ်မှ ဦးစိုးစံသက်ထွန်း၏ “မြင်းမူမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာအုပ်စု (၁၇) အုပ်စုမှ ကျေးရွာ (၄၀) ရှိ မော်တော်ကားများ (အားလုံး) နှင့် ထော်လာဂျီများကို မည်သည့်အချိန် တွင် တိုးဂိတ်အား အခမဲ့ဖြတ်သန်းခွင့်ပြုမည်ကိုသိလိုခြင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်း-မြင်းမူ-မုံရွာ လမ်းကို ရွှေတောင်ကုမ္ပဏီမှ B.O.T စနစ်ဖြင့် အကျယ် (၂၄) ပေ နိုင်လွန်ကတ္တရာ လမ်းချဲ့ခြင်း လုပ်ငန်းနှင့် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ပါသဖြင့် မြင်းမူ တိုးလ်ဂိတ် အရှေ့အနောက် (၃) မိုင်ဝန်းကျင်ရှိ ဒေသခံကျေးရွာများအား စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းပေးသော ယာဉ်စာရင်းအမှန် ကောက်ယူရေးအဖွဲ့က ကောက်ယူ ထားသော စာရင်းများအတိုင်း ဖြေလျော့ပေးထားပြီးဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၏ “ပြည်ထောင်စုတစ်ဝန်းလုံးရှိ ရပ်ကွက်  ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ခေတ်ကာလနှင့်လျော်ညီသော စရိတ်၊ ချီးမြင့်ငွေ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်မြင့်က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လစဉ် ထောက်ပံ့ငွေ ချီးမြှင့်ပေးအပ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်အရ ချီးမြှင့်ထောက်ပံ့ငွေ (၇၀,၀၀၀) ကျပ် သတ်မှတ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများ၏ ငွေစာရင်းမှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လစဉ်ချီးမြှင့်ငွေ ထုတ်ပေးလျက်ရှိပါကြောင်း။

 

သို့ဖြစ်ပါ၍ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများ၏ လစဉ်ချီးမြှင့်ထောက်ပံ့ငွေကို နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေ အခြေအနေ၊ ခေတ်ကာလ အခြေအနေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်း သဘောသဘာဝ အခြေအနေ၊ နယ်မြေဒေသန္တရ အခြေအနေအရပ်ရပ်တို့အား လွှမ်းခြုံ ထည့်သွင်းစဉ်းစား၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံတော် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး မူဝါဒနှင့်အညီ သတ်မှတ်ခွင့်ပြုပေးအပ်ခဲ့ခြင်းဖြစ်၍ လတ်တလောအခြေအနေတွင် တိုးမြှင့် သတ်မှတ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့အတူ မချမ်းဘော မဲဆန္ဒနယ်မှ ဦးနန်မွန်ထင်၏ “ မချမ်းဘော မြို့အမည်၌ “ဘော” နေရာ တွင်“ဘော့”အောက်ကမြစ်ထည့်ရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ ညွှန်ကြားချက် ထုတ်ပေးရန် အစီအစဉ် ရှိ မရှိ” မေးခွန်း၊ ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၏ “ကျောက်ဖြူမြို့တွင် လက်ရှိ ဂေါက်ကွင်းကို တရားဝင် အမည်ဖောက်ထားခြင်း ရှိ မရှိနှင့် ဂေါက်ကွင်းအတွင်း နဒီသောင်ယံ စားသောက်ဆိုင် အနီးတစ်ဝိုက်၌ ကိုယ်ပိုင်မြေမရှိသေးသော ဌာနဆိုင်ရာများကို ရုံးအဆောက်အဦ ဆောက်လုပ်သုံးစွဲခွင့်ပြုရန် အစီအစဉ် ရှိ မရှိ” မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ရှင်းလင်းဖြေကြားသည်။

 

အလားတူ မောင်တောမဲဆန္ဒနယ်မှ ဦးလှထွန်းကျော်၏ “တိုင်းရင်းသားမျိုးနွယ်စု (လူမျိုး) အလိုက် လူဦးရေစာရင်းထုတ်ပြန်ပေးရန် အစီအစဉ် ရှိ မရှိ” မေးခွန်းနှင့် ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၏ “မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် လူမျိုး (၁၃၅) မျိုးရှိကြောင်း ကို ယခုမျက်မှောက်ခေတ်ကာလတွင် မှန်ကန်မှု ရှိ မရှိ ပြန်လည်စိစစ်ရန် အစီအစဉ် ရှိ မရှိ” မေးခွန်းများနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကရှင်းလင်း ပြောကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာသော “ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဥပဒေကြမ်း” လက်ခံရရှိ ကြောင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့် တင်သွင်းသည့်“ပြည်ပရောက် မြန်မာလုပ်သား များ Labour Right အပြည့်အဝရရှိစေရေးနှင့် အခက်အခဲများ ကြုံတွေ့ရသည့်အခါ ကူညီ စောင့်ရှောက်ပေးနိုင်ရေးနှင့် ပြည်တွင်းတွင် Labour Intensive Industry များ အလုံးအရင်းနှင့် ပေါ်ပေါက်လာစေရေးအတွက် စီမံဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း”အဆိုနှင့်စပ်လျဉ်း၍ ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းခင်စောက ဒေသတွင်း အာဆီယံနိုင်ငံများ ရှိ ဖွံ့ဖြိုးတိုးတက်လာသည့် လမ်းကြောင်းကိုကြည့်သည့်အခါ လုပ်သားအင်အားအခြေပြု ကုန်ထုတ်လုပ်ငန်းများမှတစ်ဆင့် အစပြုခဲ့ကြသည်ကိုတွေ့ရပါကြောင်း၊ မြန်မာနိုင်ငံကဲ့သို့သော လုပ်သားအရင်းအမြစ်ကြွယ်ဝသည့် နိုင်ငံအနေဖြင့် တိုင်းပြည်စီးပွားရေးကို ဆွဲတင်နိုင်ရန်နှင့် ဆင်းရဲနွမ်းပါးမှုပြဿနာ၊ အလုပ်အကိုင် ရှားပါးနေမှု ပြသနာကို ဖြေရှင်းနိုင်ရန် လုပ်သား အခြေပြုလုပ်ငန်းများကို အားပေးသင့်ပါကြောင်း။

 

ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ပြီး နိုင်ငံတကာက ကုမ္ပဏီလုပ်ငန်းရှင်များ၊ အလွယ်တကူဝင် ရောက်လုပ်ကိုင်နိုင်မည့် ရေခံမြေခံ၊ အခင်းအကျင်းမျိုးဖြစ်အောင် အထူးတလည် ပြင်ဆင်ထား ရန် လိုအပ်လျက်ရှိပါကြောင်း၊ နိုင်ငံ၏ လက်ရှိ အခြေခံအဆောက်အဦပိုင်း၏ အားနည်းချက် များကို ဖြည့်ဆည်းပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအတွက် အခက်အခဲ၊ အဟန့်အတား ဖြစ်စေမည့် အရာများကိုဖယ်ရှားရန်နှင့် ဖြေလျော့ပေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် အခြားနိုင်ငံတွင် ဒုက္ခကြုံတွေ့နေရသည့် ရွှေ့ပြောင်းအလုပ်သမားများ၏ အနာဂတ်ဘဝ လှပလာစေရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ထိရောက်သည့် မူဝါဒများချမှတ်ပြီး ကူညီ စောင့်ရှောက်သွားသင့်ပါကြောင်း ဆွေးနွေးသည်။

 

မိုင်းပန်မဲဆန္ဒနယ်မှ စိုင်းကျော်မိုးက ယခုဆိုလျင် အစိုးရအနေဖြင့် (FDI) အတွက် ရင်းနှီးမြှုပ် နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအသစ် ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်လျက် ရှိသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စည်းကမ်းထိန်းချုပ်မှု စုပေါင်းအညွှန်းကိန်းအရ မြန်မာ နိုင်ငံသည် အာဆီယံနိုင်ငံများထက် ပို၍စည်းကမ်း တင်းကြပ်နေသေးကြောင်း တွေ့ရသည့် အတွက် ယင်းအချက်များကို ဖြေလျောပေးမှသာ CMP လုပ်ငန်းများ တိုးတက်လာမည် ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဘဏ်၏ ၂၀၁၉ ခုနှစ် စီးပွားရေးလုပ်ငန်း လုပ်ရလွယ်ကူမှု စစ်တမ်းတွင် လည်း နိုင်ငံပေါင်း ၁၉၀ တွင် အဆင့် ၁၇၁ အဖြစ် မတိုးတက်ဘဲ ဆက်လက်တည်ရှိနေကြောင်း ဖော်ပြထားသည်ကို တွေ့ရသည့်အတွက် များစွာဖြေလျော့ပေရန် လိုအပ်နေပါကြောင်း။

 

ယင်းအဆိုသည် မိမိတို့နိုင်ငံ၏ ပြည်ပရောက် မြန်မာလုပ်သမားများအတွက် နိုင်ငံတော်အစိုးရမှ တိကျပြတ်သားကောင်းမွန်သည့် မူဝါဒများချမှတ်ပေးနိုင်ရန်နှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် အဓိကကျသည့် ပြည်တွင်းတွင် Labour Intensive Industry အလုံးအရင်းပေါ် ပေါက်လာရန်အတွက် အလွန်ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြင့် တင်သွင်းခြင်းဖြစ်သည့် အတွက် အဆိုကို လေးလေးနက်နက် ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

ထို့ပြင် မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း၊ ချောင်းဆုံမဲဆန္ဒနယ်မှ ဦးအောင်ကြည်သိန်း၊ ရပ်စောက်မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၊ မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေး၊ မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ မချမ်းဘော မဲဆန္ဒနယ်မှ ဦးနန်မွန်ထင်၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီနှင့် လှိုင်သာယာမဲဆန္ဒနယ်မှ ဦးဝင်းမင်းတို့ က ဆွေးနွေးကြသည်။

 

ယင်းအဆိုနှင့်စပ်လျဉ်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြည်ပရောက် မြန်မာလုပ်သားများ Labour Right အပြည့် အဝရရှိစေရေး၊ အခက်အခဲများကြုံတွေ့ရသည့်အခါ ကူညီစောင့်ရှောက်ပေးနိုင်ရေးနှင့် ပြည်တွင်း တွင် Labour Intensive Industry များ အလုံးအရင်း ပေါ်ပေါက်လာစေရေးအတွက် စီမံ ဆောင်ရွက်ပေးရန် ကိစ္စသည် နိုင်ငံတော်အစိုးရအနေဖြင့် တိကျသည့်မူဝါဒများချမှတ်ပြီး အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဖြစ်သည့်အတွက် အဆိုကို မှတ်တမ်း အဖြစ်ထားရှိပေးပါရန် ရှင်းလင်းပြောကြားသည်။

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဆိုရှင်တို့ သဘောကွဲလွဲနေသည့်အတွက် စက်ခလုပ်အသုံးပြု၍ ဆန္ဒမဲရယူရာ ကန့်ကွက်မဲများသဖြင့် မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့် တင်သွင်းသည့်အဆိုကို လွှတ်တော်က မှတ်တမ်းတင် ကြောင်း ကြေညာပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။

 

သတင်း၊ မော်စီ၊ မွှေးကြူဇင်

 

ဓာတ်ပုံ၊ ထိုက်ထိုက်

BREAKING NEWS
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •