ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ရေးသားသော 'ရန်ကုန်တက္ကသိုလ်ကျောင်းတော်သား ကျွန်တော်' မှ အဆက်

Ministry of Defense | Nov 23, 2020

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ဂုဏ်ပြုဆောင်းပါး

          ရန်ကုန်တက္ကသိုလ်ကျောင်းတော်သား ကျွန်တော်

ယခင်မှ အဆက်....

 

ယမန်နေ့မှအဆက်

       ၁၉၆၂ ခုနှစ် အရေးအခင်းတွင် ကျောင်းသားများက ပါမောက္ခချုပ်(ဦးကာဟုထင်သည်)၏ကားကို မီးရှို့ဖျက် ဆီးခဲ့ကြောင်းဖတ်ရှုခဲ့ရသည့် ကျွန်တော်က “ဘယ်လိုအရေးအခင်းပဲဖြစ်ဖြစ် ဆရာခ ကိုတော့ ရန်မူမယ် မထင်”ဟုပြောမိပါသေးသည်။ ဆရာခ အငြိမ်းစားယူသောအခါ ပါမောက္ခချုပ်ဖြစ်လာသူမှာ ဒေါက်တာ မောင်ဒီဖြစ်သည်။ “က ကြီး၊ ခ ခွေးပြီးတော့ အေ၊ ဘီ၊ စီ၊ ဒီ”ဟုဆိုကြပါသေးသည်။

ကျွန်တော်တို့ သင်္ချာဌာန၏ပါမောက္ခမှာ ဗိုလ်မှူး ဒေါက်တာချစ်ဆွေဖြစ်သည်။ ဗိုလ်မှူးမှာ တက္ကသိုလ် အရန်တပ်၏ တပ်မှူး ဖြစ်သဖြင့် တပ်မတော်က ခန့်အပ်ထားခြင်းဖြစ်ပါသည်။ နွေရာသီစခန်းချ လေ့ကျင့်ရာ တွင် လိုက်ပါနိုင်ပါက ဗိုလ်မှူးအဆင့် စစ်ဝတ်စုံ ဝတ်ဆင်ရပြီး ဗိုလ်မှူးလစာ ခံစားခွင့်ရှိပါသည်။ သင်္ချာ ဌာနမှူးမှာ ဦးမျိုးညွန့်ဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံခြားဘာသာသင် တက္ကသိုလ်၏ ကျောင်းအုပ်ကြီးတာဝန် ထမ်းဆောင်ခဲ့ပါသည်။

ပထမနှစ်တွင်သင်ကြားရသော အခြေခံကဲကုလသင်္ချာကို ကထိက ဒေါ်သိန်းတင့် (မဟာဝိဇ္ဇာ)က သင်ကြား ပေးပါသည်။ ကျွန်တော်တို့ သင်္ချာဘာသာရပ်မှာ မူလကလက်တွေ့ဆောင်ရွက်ရမှု မပါရှိသဖြင့် ဝိဇ္ဇာဘာသာတွဲ တွင် ပါဝင်သည်ဟုဆိုပါသည်။ နောက်ပိုင်းကျမှသာ အခြေခံသိပ္ပံပညာရပ်အများစု၌ သင်္ချာမပါလျှင်၊ သင်္ချာ မတတ်လျှင် မဖြစ်သောကြောင့် သိပ္ပံဘာသာတွဲဖြစ်လာသည်ဟု ဆိုပါသည်။ သိရှိသူများ အတည်ပြု ပေးကြပါကုန်။

၁၉၇၂ ခုနှစ် ရန်ကုန်တက္ကသိုလ်(ထိုစဉ်က ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်)သို့ တက်ရောက်ရာတွင် ကျွန်တော်တို့ နယ်ကျောင်းသားအားလုံးမှာ ပင်းယဆောင်တွင်လည်းကောင်း၊ နယ်ကျောင်းသူအားလုံးမှာ အင်းလျား ဆောင်တွင် လည်းကောင်း နေထိုင်ကြရပါသည်။ ကျွန်တော်တို့ အခြေခံသိပ္ပံပညာချွန်ဆုရ(သိပ္ပံချွန်) ကျောင်း သား အားလုံးကို ပင်းယဆောင် အဆောင်မှူး ဒေါက်တာသန်းထိုက်(ကုန်ထုတ်ဓာတုဗေဒ) (အိမ်တွင်းစက်မှု လက်မှုညွှန်ကြားရေးမှူးချုပ် အဆင့်ဖြင့်အနားယူသည်)က အပေါ်ဆုံးထပ်တွင် နေရာချထားပေးပါသည်။

တောသားအချင်းချင်း မကြာမီ ရင်းနှီးသွားပြီး တက္ကသိုလ်ကျောင်းသားဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းကြပါ တော့သည်။ အဆောင်ကျောင်းသားဘဝတွင် ညနေစာ စားပြီးချိန်တိုင်းလိုလို အင်းလျားကန်ဘက်သို့ လမ်းလျှောက်ထွက်လေ့ရှိကြပါသည်။ အဓိပတိလမ်းအတိုင်း ဘွဲ့နှင်းသဘင်အနီး တံခါးပေါက်မှ အင်းလျား လမ်းသို့၊ ၎င်းမှ ကန်ပေါင်သို့ လမ်းလျှောက်ကြပါသည်။

ရံဖန်ရံခါတွင် ကန်ပေါင်အဆုံးအထိ လျှောက်ပြီးများသောအားဖြင့် ကန်ပေါင်အလယ် (တံတားဖြူတည့်တည့်) လောက်မှ ပြန်လှည့်ကာ ပြည်လမ်းမကြီးအတိုင်း လှည်းတန်းလမ်းဆုံသို့ လျှောက်ကြပါသည်။ လှည်းတန်း လမ်းဆုံတွင် ဈေးဆိုင်တန်းများ၌ လျှောက်ကြည့်ပြီး စာအုပ်ဆိုင်တွင် အသစ်ထွက်သော စာအုပ်များ မြည်းစမ်းကြပါသည်။ ထိုစဉ်က လစဉ်စာအုပ်အမြောက်အမြား ထွက်ရှိပြီး စိတ်ဝင်စားသောစာအုပ်ကို စာအုပ်ဆိုင်တွင် ဖတ်ရှုနိုင်ပါသည်။ မှတ်မှတ်ရရ ဘာသာပြန်ဝတ္ထုတစ်အုပ်ဆိုလျှင် နေ့စဉ်နည်းနည်းစီ ဖတ်သွားရာ စာအုပ်တစ်အုပ်လုံး မကြာမီ ဖတ်ရှုပြီးစီးသွားပါတော့သည်။

လှည်းတန်းမှအပြန်တွင် ရာမညဆောင်ရှေ့ရှိ အပေါက်မှဝင်၍ ဦးချစ်ဆိုင်အနီးမှ ဖြတ်ကာ တောင်ငူ ဆောင်အရှေ့မှထွက်ပြီး ရွှေဘိုဆောင်ရှေ့ဖြတ်လျက် အဓိပတိလမ်း အတိုင်း အဆောင်သို့ပြန်လေ့ရှိပါသည်။ ရံဖန်ရံခါ ပြည်လမ်းလိပ်ခုံးတွင် ပန်းချီပြပွဲ၊ စာအုပ်ပြပွဲ၊ သံရုံးများမှ ပြပွဲများရှိပါက လမ်းလျှောက်၍ သွား ကြည့်ကြပါသည်။

စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် ရံဖန်ရံခါ ရွှေတိဂုံဘုရားသို့ လမ်းလျှောက်၍ သွားဖူးကြပါ သေးသည်။ အင်းလျားလမ်း အတိုင်းသွား၍ ဘောင်ဒရီလမ်း၊ လင့်လမ်းမှတစ်ဆင့် အာဇာနည်ကုန်း အနီးမှဖြတ်၍ မြောက်ဘက်မုခ်မှ တက်ရောက်ဖူးမြော်ကြပါသည်။ ဆောင်းရာသီ လူထုအားကစားလ လမ်း လျှောက်ပွဲများ ကျင်းပရာတွင်လည်း အဆောင်များမှထွက်၍ ပြည်လမ်းမအတိုင်း ဟံသာဝတီအဝိုင်းအထိ အသွား၊ အပြန်လမ်းလျှောက်ကြပါသည်။ ထိုစဉ်က ကားအစီးရေ မများသေးသဖြင့် လမ်းလျှောက်ရသည်မှာ အင်မတန်ကောင်းပါသည်။

ထိုစဉ်က ရန်ကုန်မြို့တွင် ကျွန်တော်မှတ်မိသလောက် ဘတ်စကားလိုင်း ၁၇ လိုင်းရှိပြီး ကျွန်တော်တို့ကျောင်း အနီးတွင် ဖြတ်သော ဘတ်စကားများမှာ “၈”၊ “၉”နှင့် “၁၆” တို့ဖြစ်ပါသည်။ “၈” ကားသည် အင်းစိန်မှ ဗိုလ်တထောင်သို့ပြေးဆွဲပြီး “၉”ကားသည် ထောက်ကြံ့မှ ဗိုလ်တထောင်သို့ ပြေးဆွဲပါသည်။ “၁၆”ကားမှာ သင်္ဃန်းကျွန်းမှ တောင်ဥက္ကလာသို့ ပြေးဆွဲပါသည်။ ကျွန်တော်တို့ကျောင်းမှ မြို့ထဲ(ဆူးလေ)သို့ ကားခပြား ၂၀ ဖြစ်ပြီး အင်းစိန်သို့လည်း ပြား ၂၀ ပင်ဖြစ်ပါသည်။ လှိုင်နယ်မြေရှိ သမိုင်းကျောင်းဆောင်များသို့ ၁၀ ပြားဖြစ် ပါသည်။ စက်မှုတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်နှင့် တိ၊ မွေး၊ ကု တက္ကသိုလ်တက်သော ကျောင်းသားများမှာ သမိုင်းဆောင်များတွင် နေထိုင်ကြရပါသည်။ ကိုယ့်သူငယ်ချင်း၊ သူ့သူငယ်ချင်းရှိရာ သမိုင်း ကျောင်းဆောင် များသို့ ရံခါသွားရောက်လည်ပတ်ကြပါသည်။ ထိုကျောင်းဆောင်များမှ ကျောင်းသားများ ကျောင်းတက်ရန် လပေးလက်မှတ်ပြုလုပ်ခွင့်ပေးထားသဖြင့် ထိုကျောင်းသားအများစုမှာ လပေးလက်မှတ်ဖြင့် ဘတ်စကား စီးကြပါသည်။ စက်မှု တက္ကသိုလ်မှ အတန်းကြီးကျောင်းသားများမှာမူ စက်မှုတက္ကသိုလ်ဝင်းအတွင်းရှိ အဆောင် A မှ F အထိ ကျောင်းဆောင်များတွင် နေထိုင်ကြပြီး မိန်းကလေးများ၏ အဆောင်မှာ နာမည်ကျော် ဂျီဟောဖြစ်သည်။

ထိုစဉ်က တက္ကသိုလ်ကျောင်း စဖွင့်ရက်မှာ စက်တင်ဘာလ ၁ ရက်နေ့ဖြစ်ပြီး ပထမနှစ် သင်တန်းဖွင့်ရက်မှာ စက်တင်ဘာ ၇ ရက်ဖြစ်ပါသည်။ ဒီဇင်ဘာ ခရစ္စမတ်မတိုင်မီ ပထမစာမေးပွဲကို ဖြေဆိုကြရပြီး ယင်း စာမေးပွဲမှာ အတန်းတင်စာမေးပွဲ အတွက် ၄၀ ရာခိုင်နှုန်းယူပါသည်။ စာမေးပွဲဖြေပြီး ကျောင်း ၁၀ ရက်ပိတ်ပါ သည်။ နှစ်လယ်စာမေးပွဲကို မတ်လတွင် ဖြေဆိုကြရပြီး အတန်းတင်စာမေးပွဲအတွက် ၁၀ ရာခိုင်နှုန်း ယူပါသည်။ ဧပြီ တစ်လ ကျောင်းပိတ်ပါသည်။ ဇွန်လနောက်ဆုံးပိုင်း တွင် အတန်းတင်စာမေးပွဲဖြေဆိုကြရပြီး ဇူလိုင်၊ သြဂုတ်နှစ်လ ကျောင်းပိတ်ပါသည်။

ကျွန်တော်တို့ ပထမနှစ်တက်ရသည့် ၁၉၇၂ -၁၉၇၃ ကာလမှာ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားရပြီး ဒုတိယနှစ်အရောက်တွင် အရေးအခင်းများ စတင်ကြုံတွေ့ရပါတော့သည်။ ကျွန်တော်တို့ ဒုတိယနှစ် ၁၉၇၄ ခုနှစ်တွင် အလုပ်သမား အရေးအခင်းစတင်ဖြစ်ပွားခဲ့ရာ ဆင်မလိုက်သင်္ဘောကျင်း၊ သမိုင်းချည်မျှင်နှင့်အထည် စက်တို့တွင် အလုပ်သမားများ ဆန္ဒပြမှုဖြစ်ပွားခဲ့ပါသည်။ တက္ကသိုလ်များပိတ်ခဲ့ရပြီး မိမိနေရပ်သို့ ပြန်ခဲ့ကြရ ပါသည်။

ကျွန်တော်တို့ တတိယနှစ် ၁၉၇၅ ခုနှစ်တွင် ဦးသန့်အရေးအခင်းဖြစ်ပါသည်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အဖြစ်မှ အနားယူခဲ့သော မြန်မာနိုင်ငံသား ဦးသန့်သည် အမေရိကန်ပြည်ထောင်စုတွင် ကွယ်လွန်ပြီး ကြွင်းကျန်သော ရုပ်ကလာပ် ကို ရန်ကုန်မြို့သို့ ပြန်လည်သယ်ယူလာရာ ဈာပနအခမ်းအနားကို ကျိုက္ကဆံကွင်းတွင် ကျင်းပရန် စီစဉ်ခဲ့ကြပါသည်။ ဈာပနကျင်းပမည့်နေ့တွင် ကျွန်တော်တို့အပါအဝင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ အခြားကျောင်းသား၊ ကျောင်းသူများ၊ အရပ်သူ၊ အရပ်သားများ ကျိုက္ကဆံကွင်းသို့ လမ်းလျှောက်ချီတက်၍ သွားရောက်စုဝေးကြပါသည်။ အခမ်းအနားပြုလုပ်ပြီး အစီ အစဉ်အရ ရုပ်ကလာပ်ကို ကြံတောသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ရန်ဖြစ်သော်လည်း ကျောင်းသားအချို့က ဦးသန့်သည် ကမ္ဘာသိ၊ မြန်မာ့ဂုဏ်ဆောင်တစ်ဦးဖြစ်သဖြင့် ကြံတောသုသာန်တွင် သာမန်လူကဲ့သို့ သင်္ဂြိုဟ် ရန်မသင့်ကြောင်း၊ ဂူဗိမာန်လုပ်သင့်ကြောင်းဆိုကာ ရုပ်ကလာပ်ကို ရန်ကုန်တက္ကသိုလ်သို့ သယ်ယူမည်ဟု ဆောင်ရွက်ကြပါသည်။ ကျွန်တော်တို့လည်း လူအုပ်ဖြင့် ပါသွားပါတော့သည်။

ကျွန်တော်တို့ပင်းယဆောင်မှာ အဓိပတိလမ်းဘေးတွင်ရှိနေသဖြင့် လူအုပ်လိုက် အဓိပတိလမ်းတစ်လျှောက် ရုပ်ကလာပ်အား သယ်ဆောင်သွားသည်ကိုလည်းကောင်း၊ ဘွဲ့နှင်းသဘင်ခန်းမရှိ သံဘာဂျာတံခါးများကို လူအားဖြင့်ဆွဲဖျက်ပြီး ဘွဲ့နှင်းသဘင်ခန်းမအတွင်း ရုပ်ကလာပ်ထားရှိခြင်း၊ ဟောပြောပွဲကျင်းပခြင်းတို့ကို လည်းကောင်း မျက်မြင်ကိုယ်တွေ့ကြုံတွေ့ကြရပါသည်။ ထိုညတွင် တက္ကသိုလ်ကျောင်းများကို ရက်အကန့် အသတ်မရှိ ပိတ်လိုက်ရာ ကျွန်တော်တို့အများစုလည်း အိမ်ပြန်ကြရပါတော့သည်။ ဤအရေးအခင်းတွင် ပါဝင်မိသော သူငယ်ချင်းတစ်ယောက်နှင့်ညီငယ် တစ်ယောက် ထောင်ဒဏ်ကျခံရသည်ကိုလည်း ဝမ်းနည်းစွာ ကြုံတွေ့ရပါသည်။

တတိယနှစ်စာမေးပွဲများကို မိမိတို့ရပ်ရွာများတွင် ဖြေကြားကြရရာ မေမြို့ ယခု(ပြင်ဦးလွင်) အထက(၁) စာစစ်ဌာနတွင် ရန်ကုန်တက္ကသိုလ်သင်္ချာ တတိယနှစ်မှဖြေဆိုသူမှာ ကျွန်တော် တစ်ယောက်တည်းသာရှိ ပါသည်။ မန္တလေးတက္ကသိုလ်မှ ကျောင်းသားများပါသည်။ ကျောင်းများပြန်ဖွင့်၍ စတုတ္ထနှစ်သင်တန်း တက်ရသော ၁၉၇၆ ခုနှစ်တွင် သခင်ကိုယ်တော်မှိုင်း ရာပြည့်ဆူပူမှုထပ်မံဖြစ်ပွားပြန်ပါသည်။ ကျောင်းများ လည်း ထပ်မံပိတ်ရပြီး ၁၉၇၇ ခုနှစ် မတ်လရောက်မှသာ စတုတ္ထနှစ်စာမေးပွဲများဖြေဆိုကြရပါတော့သည်။ ၁၉၇၆ ခုနှစ်တွင် ဘွဲ့ရရမည်ဖြစ်သော်လည်း အရေးအခင်းသုံးခု ဆက်တိုက်ကြုံသဖြင့် ၁၉၇၇ ခုနှစ် မတ်လ ရောက်မှသာ ဘွဲ့ရပါတော့သည်။ အရေးအခင်းများနှင့် ပတ်သက်၍ လမ်းစဉ်ပါတီအစိုးရက ယူဂျီများကြောင့် ဟု ဆိုသော်လည်း ကျွန်တော်တို့ ကျောင်းသားဘဝက အပြည့်အဝမယုံခဲ့ပါ။ သို့သော် နောက်ပိုင်း ဒုတိယ အကြိမ်ကျောင်း သားဘဝပြန်ရောက်မှသာ ကျွန်တော်တို့ သိပ္ပံချွန်ထဲမှ နောင်တော်ကြီးတစ်ဦးသည် ပင်းယဆောင်မှပင် ကျောင်းပိတ်ရက်များ၌ ဗကပ ဗဟိုရှိရာ ပန်ဆန်းအထိသွားရောက်ခဲ့ဖူးကြောင်း သိရှိရပါသည်။ မထင်ထားမိပါ။ ယခုဆုံးပါးသွားရှာပြီဖြစ်သော ယင်းနောင်တော်ကြီးက ရောဂါသည်းချိန်တွင် ပြောခဲ့သည်မှာ “ငယ်ငယ်က နိုင်ငံတော်ကြီးကို ငါကယ်မှဖြစ်မယ်လို့ ထင်ခဲ့မိတယ်။ အခုတော့ နိုင်ငံတော်ကြီး က ငါ့ကိုကယ်မှ ရတော့မယ်”ဟူ၏။

 

ဆက်လက်ဖော်ပြပါမည်……

(ယခုဆောင်းပါးအား ၂၁.၁၁.၂၀၂၀ ၊ ၂၂.၁၁.၂၀၂၀ ရက်နေ့ထုတ် မြဝတီသတင်းစာ နှင့် ၂၃.၁၁.၂၀၂၀၊ ၂၄.၁၁.၂၀၂၀ ရက်နေ့ မြန်မာအလင်းသတင်းစာ၊ ကြေးမုံ့သတင်းစာတို့တွင်လည်း ဖတ်ရှု့နိုင်ပါသည်)