၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကျရောက်သည့် (၇၁)နှစ်မြောက် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် သတင်းထုတ်ပြန်ချက်အမှတ် (၇/ ၂၀၁၉)


Ministry of Information/ Naypyitaw / December 10, 2019


၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့ အခါသမယတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် မြန်မာနိုင်ငံ ပြည်သူပြည်သားများ၊ နိုင်ငံတကာအသိုက်အဝန်းတို့နှင့်အတူ ဤအထိမ်းအမှတ်အခါသမယကို ဂုဏ်ပြုဆင်နွှဲအပ်သည်။

ဤကဲ့သို့ အရေးပါသောအခါသမယတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အနေဖြင့် တစ်နှစ်တာအတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနှင့်ကာကွယ်ရေး ဆောင်ရွက်ချက် များကို ပြန်လည်သုံးသပ် ဖော်ပြ၍ အနာဂတ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် ကော်မရှင် ၏ ရှေ့လုပ်ငန်းစဉ်များကို ပြည်သူလူထုသို့တင်ပြရန် အသင့်လျော်ဆုံး အခါသမယ ဖြစ်ပါသည်။

ပြည်သူများအတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိအမြင်၊ ဗဟုသုတများ ရရှိစေရန်အတွက် ကော်မရှင်သည် ၂၀၁၉ ခုနှစ်အတွင်း လူ့အခွင့်အရေး အသိပညာပေး ရှင်းလင်း ဆွေးနွေး ဟောပြောပွဲများကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအချို့တို့တွင် လည်းကောင်း၊ လူ့အခွင့်အရေးအခြေခံအချက်များကို သိရှိနားလည်ပြီး လူ့အခွင့်အရေး ဖောက်ဖျက်မှုများကို ဝိုင်းဝန်းကာကွယ်နိုင်စေရန် ရည်ရွယ်၍ ရပ်ရွာလူထုအတွင်း အသိပညာ ပေး ဆွေးနွေးပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရပ်ကွက်/ ကျေးရွာပေါင်း ၁၄ ခု တို့တွင် လည်းကောင်း၊ လူ့အခွင့်အရေး အသိပညာပေးသူများအဖွဲ့နှင့် ပူးပေါင်း၍ လူ့အခွင့်အရေးအသိပညာပေး ဆွေးနွေးဟောပြောပွဲများကို ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့တွင် လည်းကောင်း ကျင်းပပြုလုပ်သည်။ ထို့ပြင် ကော်မရှင်သည် နိုင်ငံဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် လူ့အခွင့်အရေးအသိတရားဖြင့် ယှဉ်တွဲဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနှင့်မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကိုလည်း နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။ ပြည်သူလူထုအတွင်း လူ့အခွင့်အရေးကို မှန်ကန်စွာသိရှိ နားလည် နိုင်စေရန်အတွက် လူ့အခွင့်အရေး အခြေခံသင်တန်းများနှင့် အဆင့်မြင့် သင်တန်းများ ကို ကော်မရှင်ရုံး၌ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။ ထို့ပြင် ကော်မရှင်သည် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်၊ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး/ ဘုရင့်နောင်)၊ ဗဟိုဝန်ထမ်း တက္ကသိုလ်များနှင့် ရဲအရာရှိသင်တန်းကျောင်းများတွင် လူ့အခွင့်အရေးဘာသာရပ်ဆိုင်ရာ သင်ခန်းစာများပို့ချခြင်း၊ မီးသတ်စခန်းမှူးသင်တန်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော မွမ်းမံသင်တန်းများတွင် လူ့အခွင့်အရေး သင်ခန်းစာများ ပို့ချခြင်းတို့ ဆောင်ရွက် ခဲ့ပါသည်။ ကော်မရှင်သည် ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်းကို တိုင်းရင်းသား ဘာသာ စကားများဖြင့် ဘာသာပြန်ဆိုဖြန့်ချိခဲ့ရာ တိုင်းရင်းသားဘာသာ ၂၁ မျိုးဖြင့် ဖြန့်ချိခဲ့ပြီးဖြစ်ပါ သည်။ ကော်မရှင်သည် Pen Myanmar အဖွဲ့နှင့်ပူးပေါင်း၍ Freedom of Expression အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကိုလည်း ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် ကျင်းပခဲ့သည်။ ထို့ပြင် ကလေးသူငယ်အခွင့်အရေးနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ ဆောင်ရွက်နိုင်စေရန်အလို့ငှာ ကော်မရှင်သည် ၂၀၁၉ ခုနှစ်အတွင်း Good Neighbors International (GNI) အဖွဲ့နှင့် Letter of Cooperation (LOC) လက်မှတ်ရေးထိုးခဲ့ပါသည်။

လူ့အခွင့်အရေးကာကွယ်ရေးနှင့်စပ်လျဉ်း၍ ကော်မရှင်သည် လူ့အခွင့် အရေးချိုးဖောက်မှု နှင့်စပ်လျဉ်းသည့် တိုင်တန်းချက်များကို ကော်မရှင်လုပ်ထုံး လုပ်နည်းများနှင့်အညီ ကိုင်တွယ် ဆောင်ရွက်လျက် ရှိပြီး တိုင်တန်းချက်အချို့ နှင့်ပတ်သက်၍ ကွင်းဆင်းစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။ ကော်မရှင်သည် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ အကျဉ်းထောင် များ၊ အလုပ် စခန်းများ၊ ရဲစခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်းများကို လူ့အခွင့်အရေးစံနှုန်း များနှင့်ကိုက်ညီမှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များနှင့် ကော်မရှင်၏ အကြံပြုချက်များကို သက်ဆိုင်ရာဌာနသို့ လိုအပ်သလိုအရေးယူ ဆောင်ရွက်နိုင်ရန် ပေးပို့ခဲ့သည့် အပြင် အများပြည်သူသိရှိနိုင်ရန်အတွက် ထုတ်ပြန်ချက်များလည်း ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် ကော်မရှင်သည် လူ့အခွင့် အရေးဖောက်ဖျက်ကြောင်း တိုင်တန်းချက်အချို့နှင့်ပတ်သက်၍ တိုင်တန်းချက်တွင် သက်ဆိုင်သည့်ပုဂ္ဂိုလ်များအား ကော်မရှင်ရုံး၌ ခေါ်ယူမေးမြန်း၍ စုံစမ်း တွေ့ရှိချက်များနှင့် ကော်မရှင်၏ အကြံပြုချက်များကို သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများထံသို့ ပေးပို့ခဲ့သည်။

ကော်မရှင်သည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ တည်ဆဲဥပဒေနှင့်အဆိုပြုထားသည့် ဥပဒေကြမ်းများ နှင့်စပ်လျဉ်း၍ လူ့အခွင့်အရေး ရှုထောင့်မှသုံးသပ်ပြီး လွှတ်တော်နှင့် သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများသို့ ကော်မရှင်၏ သဘောထားမှတ်ချက် နှင့်အကြံပြုတိုက်တွန်းချက်များ ပေးပို့လျက် ရှိပါသည်။ ထို့ပြင် ကော်မရှင်သည် မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်စပ်လျဉ်း၍ ကော်မရှင်၏ သီးခြား အစီရင်ခံစာကို ကုလသမဂ္ဂ မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာ ကော်မတီသို့ ၁၂−၇−၂၀၁၉ ရက်နေ့တွင် တင်သွင်းခဲ့ပြီး အများပြည်သူလေ့လာ သိရှိစေရန် အတွက် အဆိုပါသီးခြားအစီရင်ခံစာကို ကော်မရှင် ဝက်ဘ်ဆိုက်စာမျက်နှာ တွင် ထုတ်ပြန်ခဲ့သည်။

ကော်မရှင်သည် ဒေသအဆင့်နှင့်နိုင်ငံတကာအဆင့် လူ့အခွင့်အရေး ယန္တရားများ နှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ဒေသခွဲဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် အရှေ့တောင်အာရှအမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ် (Southeast Asia National Human Rights Institutions Forum - SEANF)၊ ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် အာရှ−ပစိဖိတ်အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ် (Asia Pacific Forum of National Human Rights Institutions - APF) နှင့် နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် ကုလသမဂ္ဂက ကမကထပြု ဖွဲ့စည်းထားသော အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီး (Global Alliance of National Human Rights Institutions - GANHRI) တို့၏ အစည်းအဝေးများ၊ ဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင်ကော်မရှင်သည် ၎င်း၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားရေး ဆောင်ရွက်ရန်အလို့ငှာ ကော်မရှင်၏လက်ရှိစွမ်းဆောင်ရည်အတွက် ဆန်းစစ်မှု (Capacity Assessment) ကို ကော်မရှင်တွင်းနှင့် ကော်မရှင်နှင့် အဓိကဆက်သွယ်ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများ ပါဝင်လျက် ဆောင်ရွက်ခဲ့ပြီး အဆိုပါဆန်းစစ်မှုမှ ထွက်ပေါ်လာသည့် စွမ်းဆောင်ရည် ဆန်းစစ်မှု အစီရင်ခံစာ စတင်ဖြန့်ချိခြင်းအခမ်းအနားကို အာရှပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ်၊ ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်တို့နှင့် ပူးပေါင်း၍ ကျင်းပခဲ့ပါသည်။ ကော်မရှင်သည် ၂၀၁၉ ခုနှစ်အတွင်းတွင် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ UPR အကြံပြု တိုက်တွန်းချက်များ အကောင်အထည်ဖော်ရေး အလုပ်ရုံဆွေးနွေးပွဲများနှင့် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်နှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲများကို ကျင်းပခဲ့ပါသည်။

ကော်မရှင်သည် စွမ်းဆောင်ရည်ဆန်းစစ်မှုအစီရင်ခံစာပါ အကြံပြုချက် များနှင့်အညီ ကော်မရှင်၏မဟာဗျူဟာစီမံကိန်း (၂၀၂၀−၂၀၂၄)ကို အာရှ−ပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်မှ ကျွမ်းကျင်သူများ၏ ပံ့ပိုးကူညီမှုဖြင့် မူကြမ်းရေးဆွဲခဲ့ပြီး အဆိုပါမူကြမ်း ကို ကော်မရှင်နှင့် အဓိကဆက်သွယ်ဆောင်ရွက်လျက်ရှိသည့် လွှတ်တော်နှင့်အစိုးရအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်အဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးကာ ၎င်းတို့၏ အကြံပြုချက်များရယူ၍ ကော်မရှင်၏ မဟာ ဗျူဟာစီမံကိန်းနှင့် နှစ်စဉ်လုပ်ငန်း စီမံချက်တို့ကို အပြီးသတ်ရေးဆွဲအတည်ပြုခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွက် နှစ်စဉ်လုပ်ငန်းစီမံချက် ကိုလည်း ရေးဆွဲခဲ့သည်။

ကော်မရှင်သည် လူ့အခွင့်အရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်သူများ ကော်မရှင်သို့ လွယ်ကူချောမွေ့စွာ လက်လှမ်းမီဆက်သွယ် ဆောင်ရွက်နိုင်စေရန်အတွက် ကော်မရှင်ရုံးခွဲ များကို နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် ဖွင့်လှစ်ထားရှိခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ကော်မရှင်၏ ယာယီရုံးခွဲ တစ်ခုကိုလည်း ထပ်မံဖွင့်လှစ်ခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးကို လေးစားကာကွယ်သည့် လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာပြီး ပြည်သူများလူ့အခွင့်အရေး အပြည့်အဝ ခံစားရရှိနိုင်ရန်အတွက် ကော်မရှင် ဥပဒေပါသတ်မှတ်ပြဋ္ဌာန်းချက်များနှင့် အညီ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးဆောင်ရွက်ချက် များကို ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း လူ့အခွင့်အရေးနေ့အခါသမယတွင် သန္နိဋ္ဌာန်ပြုပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်