ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအား ရှင်းလင်းပြောကြားခြင်း


Ministry of Foreign Affairs/ Nay Pyi Taw / May 26, 2019


(၂၄-၅-၂၀၁၉ ရက်၊ နေပြည်တော်)

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူတို့သည် (၂၄-၅-၂၀၁၉)ရက်၊ ၁၄၀ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ရန်ကုန်မြို့အခြေစိုက်သံရုံးများမှ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါရှင်းလင်းဆွေးနွေးပွဲ၌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ရှင်းလင်းပြောကြားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အချက်အလက်များနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်းသည့် အချက်အလက်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်-

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အချက်အလက်များ

- နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို အထောက်အကူသွားနိုင်ရေးအတွက် Joint Monitoring Committee(JMC) နှင့် Union Peace Dialogue Joint Committee(UNDJC) တို့ကိုဖွဲ့စည်းလျက် စနစ်တကျဆောင်ရွက်လျက်ရှိပါကြောင်း၊

- ထို့အပြင် Joint Implementation Coordination Meeting(JICM) အစည်းအဝေးများခေါ်ယူလျက် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

- နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် အချက်(၇)ချက်ပါဝင်သည့် လမ်းပြမြေပုံကိုလည်း အတည်ပြုချမှတ်ထားပြီး ဖြစ်ပါကြောင်း၊ ယင်းလမ်းပြမြေပုံနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

- လက်ရှိအစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်အကောင်အထည်ဖော်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် တပ်မတော်၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်ရေးထိုးရခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပါဝင်သင့်သူများအားလုံးနှင့် ဆွေးနွေးဆောင်ရွက်လျက် ရှိပါကြောင်း၊

- ထိုသို့ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ပါရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကို ပြင်ဆင်ဖွဲ့စည်းထားခဲ့ပါကြောင်း၊

- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် Joint Coordination Body (JCB)ကို ဖွဲ့စည်းခဲ့ပြီး၊ ဒီမိုကရေစီနှင့် ဖယ်ဒရယ်မူများကိုအခြေခံသည့် ပြည်ထောင်စုတစ်ရပ် ပေါ်ထွန်းရေးကိုလည်း ဦးတည်ဆောင်ရွက်လျက် ရှိပါကြောင်း၊

- အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအနေဖြင့် United Nationalities Federal Council (UNFC) အဖွဲ့ဝင် ၇ ဖွဲ့နှင့်လည်းကောင်း၊ Northern Alliance အဖွဲ့ဝင် များနှင့်လည်းကောင်း စဉ်ဆက်မပြတ် ထိတွေ့ဆွေးနွေးလျက် ရှိပါကြောင်း၊

- ၂၀၁၈ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ (New Mon State Party) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (Lahu Democratic Union)တို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပါဝင်လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊

- နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ပါဝင်လက်မှတ်ရေးထိုးသွားနိုင်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ ဖိတ်ခေါ်ဆောင်ရွက်သွားရန် ရှိပါကြောင်း၊

- ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံညီလာခံများကိုလည်း ကျင်းပဆောင်ရွက်လျက် ရှိပါကြောင်း၊

- ပထမအကြိမ် ညီလာခံတွင် စာတမ်း ၇၂ ခုကို ဖတ်ကြားတင်သွင်း ဆွေးနွေးခဲ့ပါကြောင်း၊ ဒုတိယအကြိမ် ညီလာခံတွင် မူဘောင် ၃၇ ရပ်ကို သဘောတူညီခဲ့ပါကြောင်း၊ တတိယအကြိမ် ညီလာခံတွင် မူဘောင် ၁၄ ရပ်ကို ထပ်မံသဘောတူညီခဲ့ပါကြောင်း၊

- လက်ရှိအစိုးရလက်ထက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၁ ရာစု ပင်လုံညီလာခံအဖြစ် ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အရေးကြီးသည့်ကဏ္ဍမှ ပါဝင်ပါကြောင်း၊

- ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံညီလာခံတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ပါဝင်သင့်သူများစုစုပေါင်း ၇၀ဝ ဦး ပါဝင် တက်ရောက်လျက် ရှိပါကြောင်း၊

- နိုင်ငံရေးဆွေးနွေးမှုများပြုလုပ်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍကြီး ၅ ရပ်ကို အလေးထားဆွေးနွေးလျက် ရှိပါကြောင်း၊

- ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံညီလာခံများတွင် ဆွေးနွေးရရှိသည့် အချက်များကို Union Accord တွင် ထည့်သွင်းထားရှိပါကြောင်း၊ လက်ရှိတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍကြီးများ၌ သဘောတူညီချက် ၅၁ ချက် ရရှိထားပြီး ဖြစ်ပါကြောင်း၊

- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊

- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် KIO၊ NMSP၊ SSPP ခေါင်းဆောင်များနှင့် ရန်ကုန်မြို့တွင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်က လည်းကောင်း၊ UWSA နှင့် NDAA ခေါင်းဆောင်များနှင့် နေပြည်တော်တွင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်က လည်းကောင်း၊ KNPP ခေါင်းဆောင်နှင့် နေပြည်တော်တွင် ၂၀၁၇ ခုနှစ်၊ မတ်လ ၁ ရက်က လည်းကောင်း၊ KIA၊ SSPP၊ UWSA နှင့် NDAA ခေါင်းဆောင်များနှင့် နေပြည်တော်တွင် ၂၀၁၇ ခုနှစ်၊ မေလ ၂၆ ရက်က လည်းကောင်း၊ AA၊ TNLA၊ MNDAA အဖွဲ့များနှင့် နေပြည်တော်တွင် ၂၀၁၇ ခုနှစ်၊ မေလ ၂၆ ရက်က လည်းကောင်း တွေ့ဆုံခဲ့ပါကြောင်း၊

- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ၂၀၁၈ ခုနှစ်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပါကြောင်း၊

- ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့်လည်း ၂၀၁၆ ခုနှစ်မှ စတင်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ ယင်းသို့တွေ့ဆုံရာတွင် အလွတ်သဘော တွေ့ဆုံမှုများလည်း ပါဝင်ပါကြောင်း၊

- အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအနေဖြင့်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ ယင်းသို့တွေ့ဆုံရာတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်သို့ ပါဝင်လက်မှတ်ရေးထိုးရခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများလည်း ပါဝင်ပါကြောင်း၊

- လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်သို့ ပါဝင်လက်မှတ်ရေးထိုးရခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို လက်မှတ်ရေးထိုးသွားနိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ရရှိထားပြီးဖြစ်သည့် အပစ်အခတ် ရပ်စဲမှုများကို ရေရှည်တည်တန့်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

- ထို့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံညီလာခံများကို ဆက်လက်ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီနှင့် ဖယ်ဒရယ်မူများကိုအခြေခံသည့် Union Peace Accord ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊

- အထူးသဖြင့် ခြေတစ်လှမ်းပြီးတစ်လှမ်းရှေ့သို့ တက်လှမ်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရာတွင် လှမ်းလိုက်သည့်ခြေလှမ်းများ ခိုင်မာရေးကိုလည်း အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ။

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်းသည့် အချက်အလက်များ

- နိုင်ငံတကာသတင်းမီဒီယာများတွင် ရေးသားလျက်ရှိသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း၊

- အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ - အိုအိုင်စီမှ (၄၁) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းမည့် ကနဦးဆုံးဖြတ်ချက်အဆိုမူကြမ်း၏ “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာဆိုသူ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” နိဒါန်းစာပိုဒ် ၁၅ တွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့အကြား နှစ်နိုင်ငံ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ခြင်းနှင့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းတို့ ပြုလုပ်ခဲ့သော်လည်း နေရပ်စွန့်ခွာသူ ရိုဟင်ဂျာဆိုသူများ တစ်ဦးတစ်ယောက်မျှ မြန်မာနိုင်ငံသို့ ပြန်နိုင်ခြင်းမရှိသေးကြောင်းဟု ဖော်ပြပါရှိကြောင်း၊

- (၇၃) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒဆိုင်ရာမိန့်ခွန်း ပြောကြားခြင်းအစီအစဉ်တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မစ္စရှိတ်ဟာဆီနာက မိမိတို့အနေဖြင့် အစွမ်းကုန် ကြိုးပမ်းအားထုတ်ခဲ့သော်လည်း တည်မြဲ၍ ရေရှည်တည်တံ့မည့် အနေအထားဖြင့် ရိုဟင်ဂျာဆိုသူများ နေရပ်ပြန်ရေးလုပ်ငန်းစဉ် စတင်နိုင်မှုမရှိခြင်းကို စိတ်ပျက်မိကြောင်း၊ ရိုဟင်ဂျာဆိုသူများ နေရပ်ပြန်ရေးနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့အကြား နှစ်နိုင်ငံ အစီအစဉ် (၃) ရပ်ကို အတည်ပြုချုပ်ဆိုနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာအာဏာပိုင်များသည် ရိုဟင်ဂျာဆိုသူများကို ပြန်လည်ခေါ်ယူမည်ဟု နှုတ်ကတိပေးခဲ့သော်လည်း အမှန်တစ်ကယ်တွင် ပြန်လည်လက်ခံခြင်းမရှိကြောင်းဟု ထည့်သွင်းပြောကြားခဲ့ကြောင်း၊

- ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးအတွက် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအနေဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား သဘောတူညီချက်များနှင့် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊

- မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား သဘောတူညီချက်များမှာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်တွင် ချုပ်ဆိုခဲ့သည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအစီအစဉ် - “Arrangement”၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် ချုပ်ဆိုခဲ့သည့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့၏ သတ်မှတ် တာဝန်နှင့်လုပ်ပိုင်ခွင့်များ - “Terms of Reference” နှင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်တွင် ချုပ်ဆိုခဲ့သည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအစီအစဉ်အရ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လက်တွေ့အစီအစဉ် “Physical Arrangement” တို့ ဖြစ်ပါကြောင်း၊

- ဘင်္ဂလားဒေ့ရှ်မှ နေရပ်ပြန်လာမည့်သူများအတွက် အစီအမံနှင့် အစီအစဉ်များအနေဖြင့် တစ်ရက်မှနှစ်ရက်ခန့်ကြာအထိ လက်ခံနိုင်မည့် ပြန်လည်လက်ခံရေးစခန်း (၂) ခုကို ဖွင့်လှစ် ထားရှိကြောင်း၊ ၎င်းတို့မှာ ရေလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်မည့်သူများအတွက် ငါးခူရ ပြန်လည်လက်ခံရေးစခန်းနှင့် ကုန်းလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်မည့်သူများအတွက် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းတို့ ဖြစ်ကြောင်း၊ အစားအစာနှင့် အစားအစာမဟုတ်သည့် အခြားလိုအပ်သည့်ပစ္စည်များကို ပံ့ပိုးပေးထားပါကြောင်း၊ ပြန်လည်ဝင်ရောက်လာသူများအား မှတ်ပုံတင်ပြီးပါက NVC များ ထုတ်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် အမျိုးသားမှတ်ပုံတင်ကဒ်ပြား ရှိပြီးသူများအတွက် NVC ကဒ်ပြားများ လိုအပ်မည်မဟုတ်ဘဲ ကြားစခန်းများသို့ တိုက်ရိုက်သွားရောက်နိုင်မည်ဖြစ်ကြောင်း၊ လှဖိုးခေါင်တွင် ကြားစခန်းတစ်ခု ရှိကြောင်း၊

- ဘင်္ဂလားဒေ့ရှ်တွင် လက်ရှိနေထိုင်နေသည့် စိစစ်ပြီး နေရပ်ပြန်သူများစာရင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြလိုကြောင်း၊ ပထမအသုတ်အဖြစ် ဟိန္ဒူ (၄၄၄) ဦးနှင့် မွတ်ဆလင် (၇၇ဂ) ဦး စုစုပေါင်း (၁,၂၂၂) ဦးပါဝင်သည့် စိစစ်ပြီးသူများစာရင်းကို မြန်မာမှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ ခဲ့ကြောင်း၊ ပထမအသုတ်အဖြစ် (၈,ဝ၃၂) ဦးစာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာဘက်သို့ ပံ့ပိုးခဲ့ကြောင်း၊ ဒုတိယအသုတ်အဖြစ် (၂၂,၄၃၂) ဦးစာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာဘက်သို့ ပံ့ပိုးပေးခဲ့ကြောင်း၊ သို့ရာတွင် နှစ်နိုင်ငံအစီအစဉ်အောက်မှ နေရပ်ပြန်သူတစ်ဦးမှ မြန်မာနိုင်ငံဘက်မှ လက်ခံရရှိခြင်းမရှိကြောင်း၊

- မိမိတို့စိတ်သဘောအတိုင်း မိမိအစီအစဉ်ဖြင့် စုစုပေါင်း (၂၁၁) ဦးမှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း၊

- ဘင်္ဂလားဒေ့ရှ်အစိုးရမှ ပံ့ပိုးပေးသည့်ပုံစံများသည် နှစ်နိုင်ငံသဘောတူညီချက်ဖြစ်သည့် “Physical Arrangement” အရ သဘောတူညီထားသည်နှင့် ကိုက်ညီမှုမရှိကြောင်း၊ အချက် နှစ်ချက်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ပယ်ဖျက်ထားကြောင်း၊ ၎င်းတို့မှာ “မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်ရန်နှင့် နေထိုင်ရန် မည်သည့်ခြိမ်းခြောက်မှုနှင့် တိုက်တွန်းမှုမျှမပါဘဲ မိမိဆန္ဒဖြင့် လျှောက်ထားခြင်းဖြစ်ကြောင်း” နှင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမည်ဆိုပါက၊ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအတိုင်း လိုက်နာမည်ဖြစ်ကြောင်း” တို့ဖြစ်ကြောင်း၊

- အဆိုပါအချက်နှစ်ချက်ကို ပြန်လည်စိစစ်ရေးပုံစံမှ ဖယ်ထုတ်ကြောင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်တွင် သတိထောက်လွှာဖြင့် အကြောင်းကြားလာခဲ့ကြောင်း၊ မြန်မာဘက်မှ ဤအချက်သည် လက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် နှစ်ဘက်သဘောတူညီထားသည့် ပုံစံကိုသာ အသုံးပြုရန် ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်းကြောင်း ပြန်ကြားခဲ့ကြောင်း၊ မှန်ကန်မှုမရှိသည့်ပုံစံကို အသုံးပြုထားသော်လည်း၊ ပြန်လည်လက်ခံရေးလုပ်ငန်း အဆင်ပြေ ချောမွေ့စေရန်နှင့် နောက်ထပ်နှောင့်နှေးမှုများကို ရှောင်လွှဲရန် မြန်မာအနေဖြင့် ပုံစံများကို ဆက်လက်စိစစ် ဆောင်ရွက်ခဲ့ပါကြောင်း၊

- ဘင်္ဂလားဒေ့ရှ်နိုင်ငံထံမှ ရရှိခဲ့သည့် ရွှေ့ပြောင်းသူ (၂၂,၄၃၂) ဦးစာရင်းမှ လူဦးရေ (၁၆,၆၈၀) ဦးစာရင်းကို စိစစ်ခဲ့ပြီးဖြစ်ကြောင်း၊ (၁၁,၁၆၇) ဦးသည် ရခိုင်ပြည်နယ်တွင် နေထိုင်သူများဖြစ်ကြောင်း စိစစ်တွေ့ရှိရကြောင်း၊ (၉၇) ဦးသည် အကြမ်းဖက်သမားများဟု သံသယရှိကြောင်း၊ စိစစ်ပြီးသည့် (၁၁,၂၆၇) ဦးအနက်မှ ပြန်လည်လက်ခံရေးအတွက် (၁,၂၀၅) ဦး၏အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပေးပို့ခဲ့သော်လည်း အကြောင်းပြန်ကြားလာခြင်း မရှိကြောင်း၊ (၁,၂၀၂) ဦး၏အမည်စာရင်းကို မကြာမီ ပေးပို့သွားမည်ဖြစ်ကြောင်း၊

- ဘင်္ဂလားဒေ့ရှ်အစိုးရသို့ ပေးခဲ့ပြီးဖြစ်သည့် အကြမ်းဖက်သမားများအဖြစ် သံသယရှိသူများ၏ အမည်စာရင်းနှင့်ပတ်သက်၍ ပြောကြားလိုကြောင်း၊ အာဆာ အကြမ်းဖက်သမားများအဖြစ် သံသယရှိသူဦးရေ (၁,ဝ၀ဝ) ကျော်၏ အမည်များကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်တွင် ပြုလုပ်ခဲ့သည့် BGP-BGB ဗဟိုအဆင့်အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပံ့ပိုးပေးပြီး ဖြစ်ကြောင်း၊ နေရပ်ပြန်ရန် အဆိုပြုသူများ၏ ဒုတိယနှင့် တတိယမြောက် စာရင်းများကို ဘင်္ဂလားဒေ့ရှ်မှ ပံ့ပိုးပေးခဲ့ရာ ၎င်းတို့ကို စိစစ်ပြီးနောက်၊ အဆိုပါစာရင်းများအနက်မှ (၁၆၅) ဦးသည် အကြမ်းဖက်သမားများအဖြစ် သံသယရှိသူများအဖြစ် စိစစ်တွေ့ရှိခဲ့ရသည်ကို မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ အကြောင်းကြားခဲ့ကြောင်း၊

- ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားရှိ စခန်းများတွင်ရှိသော အာဆာအကြမ်းဖက်သမား အရေးကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြလိုကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်မှ ရိုဟင်ဂျာဆိုသူများနှင့် ရခိုင်စစ်သွေးကြွများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်အတွင်း အခြေပြု၍ စစ်ဆင်ရေးလှုပ်ရှားမှုများပြုလုပ်နေကြောင်း၊ မြန်မာ၏စွပ်စွဲမှုများကို ဘင်္ဂလားဒေ့ရှ်အစိုးရမှ ငြင်းဆိုကြောင်းနှင့် အဆိုပါအဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်တွင် မရှိခဲ့သည့်အပြင် မည်သည့်အကြမ်းဖက်အဖွဲ့အစည်းကိုမျှ ၎င်းတို့မြေပေါ်တွင် ခြေချခွင့်ပြုသည့်နိုင်ငံ မဟုတ်ကြောင်းနှင့် လက်ရှိအစိုးရ၏ “Zero Tolerance Policy” နှင့်အညီ လုံခြုံရေးတပ်ဖွဲ့များ၏ ထိရောက်သည့် ကာကွယ်ရေးအစီအမံများနှင့် မြင့်မားသည့် နိုးကြားမှုများကြောင့် ဘင်္ဂလားဒေ့ရှ်၏ မည်သည့်နေရာတွင်မဆို အကြမ်းဖက်သမားများ၏ အခြေစိုက်စခန်းများ တည်ထောင်လုပ်ဆောင်ရန် ဖြစ်နိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ကြောင်း၊

(အရင်းအမြစ်- အာအက်ဖ်အေ၊ ၉-၁-၂၀၁၉)၊

ဖြစ်ရပ်မှန်မှာ International Crisis Group မှ ထုတ်ဝေသည့် အစီရင်ခံစာ (၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၅ ရက်) တွင် စခန်းများ၌ ဆိုးရွားပြီးအန္တရာယ်ရှိသော အခြေအနေများရှိကြောင်း ဖော်ပြပါရှိကြောင်း၊

ကော့စ်ဘဇားစခန်းများ၌ တရားဥပဒေစိုးမိုးမှုမရှိကြောင်းနှင့်ပတ်သက်၍ စခန်းများတွင် တစ်ကိုယ်ရေ လုံခြုံမှုမရှိခြင်းအတွက် လွန်စွာစိုးရမ်ပူပန်ကြောင်း ဒုက္ခသည်များက ပြောကြားကြောင်းနှင့် ကော့စ်ဘဇားစခန်းများ၏ လုံခြုံမှုအနေအထားနှင့်ပတ်သက်၍ အချို့က “အလွန်တရာစိုးရိမ်ရကြောင်း” နှင့် “တိုက်ခိုက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သည့်အတွက် ညဘက်တွင် အိပ်၍ပင် မရကြောင်း” ပြောကြားမှုများရှိကြောင်း၊

အာဆာစစ်သွေးကြွအုပ်စုအပါအဝင် ထိန်းချုပ်ရန်ကြိုးပမ်းနေသည့်အဖွဲ့များက ၎င်းတို့၏ ရည်မှန်းချက်များအောင်မြင်စေရန် လူအများအပြားသေကြေစေမည့် အကြမ်းဖက်မှုကို ဆောင်ရွက်သွားရန် ဆန္ဒရှိရာ ဘာသာရေးခေါင်းဆောင်များ၏ ကွန်ယက်များ၊ အကြမ်းမဖက်လိုသည့် နိုင်ငံရေးအဖွဲ့အစည်းနှင့် လူမှုရေးအဖွဲ့အစည်းများ၊နှင့် ရာဇဝတ်ဂိုဏ်းများအား အလျဉ်းသင့်သလို ရွေးချယ်၍ ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ စခန်းမှ ခေါင်းဆောင်တစ်ဦးကို အာဆာမှ သတ်ဖြတ်ခဲ့ကြောင်း၊

(အရင်းအမြစ် - အိုင်စီဂျီ (၂၀၁၉)၊ “ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဆိုသူ ဒုက္ခသည်များအတွက် ပိုမို ကောင်းမွန်သော အနာဂတ် ဖန်တီးပေးရေး”)

- မလေးရှားနိုင်ငံရှိ အာဆာ အကြမ်းဖက်သမား သတင်းနှင့်ပတ်သက်၍ ပြောကြားလိုကြောင်း၊

ဖြစ်ရပ်မှန်မှာ ရာမာဒန် တိုက်ခိုက်မှုများပြုလုပ်ရန် စီစဉ်ခဲ့သူ (၄) ဦးကို မလေးရှား၌ ဖမ်းဆီးရမိခဲ့ကြောင်း၊ အကြမ်းဖက်သမားအဖြစ် သံသယရှိသူ (၄) ဦးအနက်မှ (၂) ဦးမှာ မြန်မာနိုင်ငံမှ ရိုဟင်ဂျာဆိုသူများဖြစ်ကြောင်း (၂၀၁၉ ခုနှစ်၊ မေလ ၁၄ ရက်)၊

သံသယရှိသူ ရိုဟင်ဂျာဆိုသူများအနက်မှ အသက် (၂၀) အရွယ် စားပွဲထိုးတစ်ဦးက ၎င်းသည် မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်တွင်း သတ်ဖြတ်မှုများနှင့် တိုက်ခိုက်မှုများပြုလုပ်နေသည့် အာဆာကို ထောက်ခံသူတစ်ဦးဖြစ်သည်ဟု ရဲတပ်ဖွဲ့ကို ပြောကြားကြောင်း၊ အဆိုပါလူငယ်တွင် ကုလသမဂ္ဂဒုက္ခသည်များ အေဂျင်စီမှ ထုတ်ပေးထားသည့် UNHCR စိစစ်ရေးကဒ်ပြားရှိကြောင်း၊ (အရင်းအမြစ် - ဂျကာတာပို့စ်၊ ၂၀၁၉ နှင့် Benar News၊ ၂၀၁၉)

- မြန်မာနိုင်ငံအစိုးရ၊ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့အကြား သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေး နှင့်ပတ်သက်သည့် တိုးတက်ဖြစ်ထွန်းမှုများကို ပြောကြားလိုကြောင်း၊

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ဘေးကင်းစွာနှင့် ဂုဏ်သိက္ခာရှိစွာ မိမိသဘောဆန္ဒဖြင့် နေရပ်ပြန်ရေးတွင် မြန်မာနိုင်ငံအစိုးရကို အထောက်အကူပြုခြင်းဖြင့် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဟန်ချက်ညီရေး ရည်ရွယ်ချက်ဖြင့်” နားလည်မှုစာချွန်လွှာကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊

- နားလည်မှုစာချွန်လွှာ၏ အပိုဒ် ၁၁ အရ အရေးပေါ်ဦးစားပေးကိစ္စရပ်ဖြစ်သော မြန်မာ-ဘင်္ဂလားဒေ့ရှ်အကြားရှိ နိုင်ငံတကာနယ်စပ်မျဉ်းနှင့် မြန်မာပိုင်နက်နယ်မြေရှိ နယ်စပ်ခြံစည်းရိုးတို့အကြား တရားမဝင် ဝင်ရောက်နေထိုင်သည့် နေရပ်စွန့်ခွာသူများ ဆန္ဒအလျောက် အမြန်ပြန်လာရေးနှင့် ၎င်းတို့၏မူလနေရပ် (သို့မဟုတ်) ၎င်းတို့ရွေးချယ်သည့် နေရပ်နှင့် အနီးဆုံးနေရာများတွင် ပြန်လည်နေရာချထားပေးရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် UNDP နှင့် UNHCR တို့သည် မြန်မာအစိုးရအား အဆောတလျင် ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန် သဘောတူထားပါကြောင်း၊

- အဆိုပါနားလည်မှုစာချွန်လွှာမှာ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၅ ရက်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သဖြင့် UNDP နှင့် UNHCR တို့၏ တောင်းဆိုချက်အရ မြန်မာအစိုးရအနေဖြင့် စာချွန်လွှာလဲလှယ်ခြင်းဖြင့် နားလည်မှုစာချွန်လွှာအား သက်တမ်းတစ်နှစ်တိုးရေးကို သဘောတူခဲ့ကြောင်း၊

- အဆိုပါစာချွန်လွှာတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် UNDP နှင့် UNHCR တို့အနေဖြင့် နားလည်မှုစာချွန်လွှာအား နောက်ထပ် ၁၂ လ သက်တမ်းတိုးရေး သဘောတူညီကြောင်းကို ဖော်ပြသွားမည်ဖြစ်ကြောင်း။