နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် သမိုင်းကြောင်းများကို သင်ခန်းစာယူ၍ အနာဂတ်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်ကို ပုံဖော်တည်ဆောက်ကြရမည်


Ministry of Information/ Naypyitaw / December 02, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး)နှင့် ဗဟိုမီးသတ်သင်တန်းကျောင်း (ပြင်ဦးလွင်) တို့မှ နည်းပြအရာရှိများနှင့် သင်တန်းသား သင်တန်းသူများအား ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)ရှိ ရတနာခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊ ရဲအရာရှိ လေ့ကျင့်ရေးသင်တန်းကျောင်း၊ ဗဟိုမီးသတ်သင်တန်းကျောင်းတို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခများ၊ ဌာနကြီးမှူးများ၊ နည်းပြများ၊ သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် သင်တန်းကျောင်းသုံးခုမှ သင်တန်းသား သင်တန်းသူများကို လိုအပ်သည်များမှာကြားနိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းကျောင်းများသည် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေးအတွက် ရည်ရွယ်လေ့ကျင့်ပေးသည့် သင်တန်းကျောင်းများဖြစ်ကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းနိုင်မည်ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံတွင်ဖြစ်စေ အစိုးရအဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်းဟူ၍ရှိပြီး အစိုးရက နိုင်ငံရေးဦးဆောင်မှုပေး၍ မူဝါဒချမှတ်ပေးကာ နိုင်ငံ့ဝန်ထမ်းများက အကောင်အထည်ဖော်ဆောင်ရခြင်းဖြစ်ကြောင်း၊ အစိုးရအဖွဲ့မှ နိုင်ငံရေးအရ ဦးဆောင်သူများအနေဖြင့် အပြောင်းအလဲရှိနိုင်မည်ဖြစ်သော်လည်း နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ မိမိတို့တာဝန်များအလိုက် ဆက်လက်ထမ်းဆောင်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးတွင် အာဏာရပါတီအလိုက်၊ အစိုးရအဖွဲ့ အလိုက် မူဝါဒများကွဲပြားသွားမည် ဖြစ်သော်လည်း ရုံး/ဌာနများအနေဖြင့် ပြောင်းလဲမှုရှိမည်မဟုတ်ကြောင်း။

ဝန်ထမ်းများအားလုံးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် လျှောက်ထားခဲ့ကြပြီး ရွေးချယ်ခံခဲ့ကြရသူများဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းဘဝကို ရရှိပိုင်ဆိုင်ခဲ့ကြသူများဖြစ်ကြောင်း၊ ရွေးချယ်ခံဝန်ထမ်းများ ဖြစ်သဖြင့် သာမန်နေ၍ ရမည်မဟုတ်ဘဲ အရည်အသွေးရှိသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်အောင် ကြိုးစားအားထုတ်၍ မိမိဘဝတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ လူတိုင်းသည် တိုးတက်မှုကိုလိုလားကြပြီး မြင့်မားသည့် ဘဝကိုပိုင်ဆိုင်လိုကြသဖြင့် ကြိုးစားအားထုတ်မှုရှိရန် လိုအပ်မည်ဖြစ်ပြီး သင်တန်းသားများအနေဖြင့်လည်း မိမိတို့ ဝန်ထမ်းသက်တမ်းတစ်လျှောက် တက်ရောက်ရမည့် သင်တန်းများအားလုံးတွင် စဉ်ဆက်မပြတ်သည့် ကြိုးစား အားထုတ်မှုများဖြင့် ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ သင်တန်းကျောင်းများအနေဖြင့် အရည်အသွေးမြင့်မားသည့် နိုင်ငံ့ဝန်ထမ်းများရရှိစေရေး အချိန်၊ ငွေကြေးအရင်းအနှီးများစွာ ကုန်ကျခံသင်ကြား လေ့ကျင့်ပေးနေခြင်းဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့်လည်း သင်တန်းမှ သင်ကြားပေးသည်များကို တန်ဖိုးထား၍သင်ယူသွားကြရန်လိုကြောင်း။

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ နိုင်ငံရေးအရ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကို မှန်မှန်ကန်ကန် သိရှိနားလည်ကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ဖြတ်သန်းလာခဲ့သည့် ခေတ်အဆက်ဆက်၌ နိုင်ငံရေးစနစ်အမျိုးမျိုးကို ကျင့်သုံးဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှစ၍ ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေကြသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်ပြီး တပ်မတော်သားများသည် ပြည်သူများမှပေါက်ဖွားလာကြသူများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ပြည်သူများလိုလားတောင့်တနေသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး အဆင့်ဆင့် ဖော်ဆောင်ပေးခဲ့ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခက်အခဲ၊ အကျပ်အတည်းများကို တပ်မတော်မှပင်ဦးဆောင်၍ ဖြေရှင်းခဲ့ရကြောင်း၊ နိုင်ငံတော်တွင် ကြုံတွေ့ခဲ့ရသည့် သမိုင်းကြောင်းများကို မှန်မှန်ကန်ကန် လေ့လာသိရှိနားလည်ကြရန်လိုကြောင်း။

နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတို့သည် ခေတ်အဆက်ဆက် ထိန်းသိမ်းကာကွယ်ရမည့် အချက်များဖြစ်ကြောင်း၊ လွတ်လပ်ရေးနှင့်ပတ်သက်၍ လွတ်လပ်ရေးသည် ခက်ခက်ခဲခဲကြိုးပမ်း၍ ရယူခဲ့ရသည့် လွတ်လပ်ရေးဖြစ်ကြောင်း၊ နိုင်ငံရေးအရ ကြည့်မည်ဆိုပါကလည်း မိမိတို့နိုင်ငံအနေဖြင့် ပထဝီအနေအထားအရ အင်အား ကြီးနိုင်ငံကြီးနှစ်ခုအကြားတွင်တည်ရှိနေပြီး ရှုပ်ထွေးသည့် နိုင်ငံရေးသမိုင်း ကြောင်းနောက်ခံများလည်းရှိကြောင်း၊ အရှေ့နှင့်အနောက်၏ မတူညီသည့် သဘောသဘာဝများ၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေးအရတည်ငြိမ်မှုရရှိရန် လိုအပ်နေမှုများကို တည်ငြိမ်မှုမရှိအောင် ထိန်းသိမ်းဆောင်ရွက်နိုင်မှုမရှိပါက နိုင်ငံပြိုကွဲမည့်အခြေအနေများနှင့် ကြုံတွေ့နိုင်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် သမိုင်းကြောင်းများကို သင်ခန်းစာယူ၍ အနာဂတ်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်ကို ပုံဖော်တည်ဆောက်ကြရမည်ဖြစ်ကြောင်း။

နိုင်ငံ့ဝန်ထမ်းများဖြစ်သဖြင့် နိုင်ငံရေးအရဖြစ်ပေါ်ပြောင်းလဲမှုများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ကြရန်လိုကြောင်း၊ လွတ်လပ်ရေးမရမီကာလနှင့် လွတ်လပ်ရေးရပြီးကာလတွင် ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်တို့၏ အားပြိုင်ခဲ့မှုများရှိကြောင်း၊ ကိုလိုနီအစိုးရ၏ သွေးခွဲအုပ်ချုပ်မှုနှင့် နိုင်ငံရေးအရ အယူဝါဒကွဲပြားမှုများကြောင့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရမှုများရှိသကဲ့သို လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလများ၌လည်း လက်နက်ကိုင်ပဋိပက္ခများနှင့် စီးပွားရေးအယူဝါဒ ကွဲပြားခဲ့မှုများရှိကြောင်း၊ ဆိုရှယ်လစ်စနစ်၌ စီမံခန့်ခွဲမှုအားနည်းချက်တို့ကြောင့် စီးပွားရေးကျဆင်းခဲ့ကာအရေး အခင်းများဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်၏အခြေအနေ ယိမ်းယိုင်လာခဲ့ကာ အချုပ်အခြာအာဏာ ပြိုကွဲမည့်အခြေအနေနှင့် ရင်ဆိုင်လာခဲ့ရသဖြင့် ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် တည်ဆဲအစိုးရ၏လုပ်ငန်းများ ရပ်တန့်ခဲ့ရသောကြောင့် တပ်မတော်က ဝင်ရောက်ထိန်းသိမ်းတာဝန်ယူဆောင်ရွက်ခဲ့ရကြောင်း၊ ထိုသို့တာဝန်ယူဆောင်ရွက်ပြီးချိန်တွင် နိုင်ငံတော်အား ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ဦးတည်ဆောင်ရွက်ခဲ့ကြောင်း။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ချိန်၌ ဥပဒေနှင့်အညီဖြေရှင်းမှုများ ဆောင်ရွက်ပေးခဲ့ခြင်းမရှိခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်မှစ၍ ယခုအချိန်အထိ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း နိုင်ငံရေးအရဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေးအရ ပိတ်ဆို့မှုများ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့မှုများနှင့် အခက်အခဲ၊ အကျပ်အတည်းများကို မိမိတို့အနေဖြင့် သစ္စာရှိနိုင်ငံ့ဝန်ထမ်းများ၊ တာဝန်သိပြည်သူများ၏ စုစည်းညီညွတ်သည့်အားဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။

ဒီမိုကရေစီနိုင်ငံတစ်ခုတွင် ရွေးကောက်ပွဲသည် အလွန်အရေးကြီးသည့်အတွက် မိမိတို့အနေဖြင့် ယခုလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ကျင်းပပြုလုပ်ရာတွင်လည်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး ကြိုတင်ပြင်ဆင်ခြင်းများကို စီမံဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲအား နိုင်ငံတော်၏လုံခြုံရေးအခြေအနေအရ အပိုင်းသုံးပိုင်းခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်၍မရနိုင်သည့် မြန်မာအီလက်ထရောနစ် မဲပေးစနစ်(MEVM)များဖြင့် ဆန္ဒမဲများပေးနိုင်ရေး စီမံဆောင်ရွက်ထားကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် ဆန္ဒမဲများပေးရာတွင် တိုင်းပြည်နှင့် ဒေသအကျိုးကို ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ တပ်မတော်သည် နိုင်ငံတော်တည်ရှိသရွေ့ တည်ရှိနေမည့် အခိုင်မာဆုံးသောအဖွဲ့အစည်း (Institution)ဖြစ်သဖြင့် တပ်မတော်နှင့်သဟဇာတဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကို ရွေးချယ်၍ ဆန္ဒမဲပေးရန်လိုကြောင်း။

စီးပွားရေးနှင့်ပတ်သက်၍ ခေတ်အဆက်ဆက်တွင် ကျင့်သုံးခဲ့သည့် စီးပွားရေးစနစ်များကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက ကုန်သွယ်မှုလိုငွေများရှိခဲ့ပြီး အဆိုပါလိုငွေများကို Non-Trade များမှရရှိသည့်ငွေများဖြင့် ပြန်လည်ဖြည့်တင်းခဲ့ကြကြောင်း၊ ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင်လည်း ကုန်သွယ်မှုလိုငွေများရှိခဲ့ကြောင်း၊ Non- Trade မှရသည့်ငွေများတွင် ပြည်ပမှချေးငွေများ၊ ထောက်ပံ့ငွေများပါဝင်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်မှသာလျှင် ထုတ်ကုန်ပစ္စည်းများရရှိလာမည်ဖြစ်ပြီး ပြည်ပပို့ကုန်များလည်း တိုးမြင့်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်တွင် အခက်အခဲများကြားမှ ကုန်သွယ်မှုလိုငွေများ လျော့နည်းစေရေး ကုန်ထုတ်လုပ်ငန်းများတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ကုန်ပစ္စည်းများထုတ်လုပ်နိုင်မှသာ ကုန်သွယ်မှုအတွက်လိုအပ်သည့် ပို့ကုန်များကိုရရှိမည်ဖြစ်ကြောင်း၊ ပို့ကုန်များရရှိမှသာ နိုင်ငံတော်အတွက်လိုအပ်သည့် နိုင်ငံခြားငွေများရရှိမည်ဖြစ်ပြီး ကုန်သွယ်မှုလိုငွေများ လျော့နည်းလာမည်ဖြစ်ကြောင်း။

ဝယ်လိုအားနှင့် ရောင်းလိုအားမမျှ တခြင်းကြောင့် နိုင်ငံခြားငွေကြေးဈေးနှုန်း များမြင့်တက်လာကြောင်း၊ ထို့ကြောင့် ပြည်တွင်း၌ လိုအပ်လျက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို လုံလောက်စွာထုတ်လုပ်ပြီး ပိုလျှံသည့် ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထုတ်ကုန်များထုတ်လုပ်ရာ တွင်လည်း ပြည်တွင်း၌ရှိပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ထုတ်ကုန်များကို ပိုမိုတိုးတက်ထုတ်လုပ် နိုင်ရန်လိုကြောင်း၊ ပြည်တွင်းလိုအပ်ချက်ရှိသည့် အခြေခံစားကုန်၊ သုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်မည် ဆိုပါက သွင်းကုန်အတွက်ကုန်ကျနေရသည့် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စားကုန်၊ သုံးကုန်၊ သောက်ကုန်များကို ပြည်ပမှတင်သွင်းခြင်းထက် ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်သွားမည်ဆိုပါက နိုင်ငံခြားငွေများသုံးစွဲရမှုများစွာ လျော့နည်းသွားမည်ဖြစ်ကြောင်း။

နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအရဖြစ်ပေါ်ပြောင်းလဲမှုများ၊ စီးပွားရေးအရ ဖြစ်ပေါ်နေသည့်အခြေအနေများကို သိရှိနားလည်နိုင်ရန် ယခုကဲ့သို့ အချိန်ယူ၍ အကျယ်တဝင့်ရှင်းလင်းပြောကြား ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့်လည်း အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းခံ၍ သင်တန်းလာရောက် တက်ကြရသူများဖြစ်သဖြင့် သင်တန်း တက်ရောက်နေရသည့် အချိန်အတွင်း အမှန်တကယ်တတ်မြောက်အောင် သင်ယူသွားကြရန်နှင့် သင်တန်းပြီးဆုံးပါက အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးအတွက် ကျရာတာဝန်များကို ထမ်းဆောင်ရချိန်တွင် အတိတ်တွင် ဖြစ်ပေါ်ခဲ့သည်များကို သင်ခန်းစာယူ၍ အကောင်းဆုံးဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

Ministry of Transport and Communications / Posted on November 29, 2025

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

Ministry of Transport and Communications / Posted on November 29, 2025

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023