မိမိတို့ဒေသတွင် ပိုင်ဆိုင်ထားသည့် ရေခံမြေခံကောင်းများကို အကျိုးရှိစွာအသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ရမည်


Ministry of Information/ Naypyitaw / May 31, 2023
image_latest


နေပြည်တော် မေ ၃၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များလိုက်ပါ၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များအား ပင်းတယမြို့ရှိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့သို့ ရောက်ရှိကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများက ရိုးရာအိုးစည်များဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

MSME လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး

ထို့နောက် တွေ့ဆုံပွဲပြုလုပ်မည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမသို့ ရောက်ရှိကြပြီး အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နယ်မြေဒေသဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပသို့တင်ပို့ရောင်းချ လျက်ရှိမှု၊ MSME လုပ်ငန်းများအတွက် အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ပေးထားသည့် ရင်းနှီးမတည်ငွေများအား စိုက်ပျိုးမွေးမြူရေးဆိုင်ရာလုပ်ငန်းများအလိုက် ထုတ်ချေးပေးထားမှုနှင့်အာလူး အအေးခန်းတည်ဆောက်ထားရှိမှု၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုများဆောင်ရွက်၍ ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိမှု၊ သတ္တုသန့်စင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာ အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ ရှမ်းပြည်နယ်အတွက် ထုတ်ပေးထားရှိ သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ MSME လုပ်ငန်းများအတွက် အစုအဖွဲ့များအလိုက် ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးထားမှု၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးထားမှု၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်၍ မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်ပေးထားမှု၊ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးထားမှုနှင့် MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ MSME လုပ်ငန်းရှင်များက ဆွေးနွေးတင်ပြကြရာတွင် ရွှေတက်လမ်းအာလူးအစုအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ချယ်ရီတောင်တန်း လက်ဖက်သမအသင်း အမှုဆောင်အဖွဲ့ဝင် ဦးဘစီ၊ ရွာငံမြို့နယ် သမဝါယမအသင်းစုမန်နေဂျာ ဦးအောင်ကြင်၊ ရွာငံမြို့နယ် ရွှေသစ်သီးဖျော်ရည်လုပ်ငန်းရှင် ဦးဝင်းမြင့်လေးနှင့် မြို့မိမြို့ဖများ၊ တက်ရောက်လာကြသူများက အာလူးတစ်ဧကချင်း အထွက်နှုန်းတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များရရှိစေရေး ဆောင်ရွက်နေမှုနှင့် အာလူးမျိုးများ သိုလှောင်ထားရှိရန်အတွက် အာလူးအအေးခန်း သိုလှောင်ရုံဆောက်လုပ်လိုမှု၊ ပင်းတယမြို့နယ်၏ အဓိကထုတ်ကုန်ဖြစ်သည့် လက်ဖက်ထုတ်လုပ်မှုအား အဆင့်မြင့်ထုတ်ကုန်များ အဖြစ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး လိုအပ်သည့် နည်းပညာ၊ စက်ကိရိယာနှင့် ရင်းနှီးမတည်ငွေများ ကူညီဆောင်ရွက်ပေးစေလိုမှု၊ ရွာငံဒေသတွင် အရည်အသွေးပြည့်မီသည့် ကော်ဖီသီးနှံများကို စိုက်ပျိုး ထုတ်လုပ်လျက်ရှိပြီး ဒေသတွင်းကော်ဖီစိုက်ဧက ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထွက် ကော်ဖီဈေးကွက် ပိုမိုရရှိရေး လိုအပ်သည်များကို ကူညီပေးစေလိုမှု၊ လမ်းပန်းဆက်သွယ်မှုများ ယခုထက် လွယ်ကူလျင်မြန်ချောမွေ့စေရေး ပင်းတယမြို့ရှောင်လမ်းဆောင်ရွက်ပေးစေလိုမှု၊ ပင်းတယမြို့နှင့် ရွာငံမြို့နယ်၌ သဘာဝ ရေထွက်များ နည်းပါးလာခြင်း၊ လူဦးရေတိုးပွားလာခြင်းတို့ကြောင့် သောက်သုံးရေလိုအပ်မှု ပမာဏများပြားလာသဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလိုမှု၊ ပင်းတယမြို့ ကျက်သရေဆောင် ဘုတ်တလုတ်ရေကန်ကြီးမတိမ်ကော၊ မပပျောက်ရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်လျက်ရှိမှုနှင့် ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည်မေးမြန်းဆွေးနွေး ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေများကို ထုတ်ချေးပေးထားမှု၊ ဖွံ့ဖြိုးတိုးတက်ရေးချေးငွေနှင့် စီးပွားရေးချေးငွေဟူ၍ နှစ်မျိုးခွဲခြားဆောင်ရွက်လျက်ရှိပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ချေးငွေများရယူနိုင်မှု၊ ချေးငွေများရယူပြီးပါကလည်း မှန်မှန်ကန်ကန်သုံးစွဲရန်နှင့် သတ်မှတ်ကာလများအလိုက် ပြန်လည်ပေးဆပ်သွားရန်လိုအပ်မှု၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သမဝါယမအသင်းအဖွဲ့များစုဖွဲ့၍ လိုအပ်သည့် စက်ကိရိယာများ၊ အရင်းအနှီးများ မတည်ဆောင်ရွက်ပေးလျက်ရှိမှု၊ MSME လုပ်ငန်းရှင်များအနေဖြင့် စည်းမျဉ်းသတ်မှတ် ချက်များနှင့်အညီ လုပ်ငန်းမှတ်ပုံတင်ခြင်းများ ဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးများရရှိနိုင်မှု၊ ဒေသတွင်းထွက်ရှိသည့် ကော်ဖီနှင့်လက်ဖက်တို့အား ပြည်ပဈေးကွက်များသို့ တိုးချဲ့တင်ပို့နိုင်ရေး၊ ပြည်ပကုန်စည်များ၌ ပါဝင်ပြသနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိမှုနှင့် အခြားလိုအပ်သည်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများတင်ပြသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်ချက်များတင်ပြမှုအပေါ် အလေးထားမှတ်သား၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ဒေသ၏ ရေခံမြေခံကောင်းများကို အကျိုးရှိစွာအသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်လို

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် စီးပွားရေးနှင့်ပတ်သက်၍ အလားအလာကောင်းများများစွာ ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် ရာသီသီးနှံများနှင့် နှစ်ရှည်သီးနှံများကို စိုက်ပျိုးကြသည်ကိုတွေ့ရှိရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းသည် “ဥတုရာသီတောကိုမှီ” ဟူသည့်အတိုင်း သဘာဝသစ်တောသယံဇာတများ မပြုန်းတီးမှ ရာသီဥတုကောင်းမွန်နိုင်ပြီး ဥတုရာသီကောင်းမွန်မှသာ စိုက်ပျိုးရေးလုပ်ငန်းအတွက် အဓိကလိုအပ်သည့် စိုက်ပျိုးရေများကို လုံလောက်စွာရရှိမည်ဖြစ်ကြောင်း၊ သစ်တောများ ပြုန်းတီးမှုမရှိစေရေး အားလုံးပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သစ်တောများ ပြုန်းတီးမှုဖြစ်ပေါ်ခြင်းကြောင့် ရာသီဥတုများပူပြင်းလာနိုင်ပြီး စိုက်ပျိုးရေများ ခန်းခြောက်သွားနိုင်သဖြင့် သစ်တောများပြုန်းတီးမှုမရှိအောင် ဒေသတွင်းနေထိုင်သူများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နေသာသည့်ရက်များတွင်လည်း နေရောင်ခြည်ကို အကျိုးရှိစွာအသုံးချ၍ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ကိုဆောင်ရွက်၍ ရနိုင်မည်ဖြစ်ကြောင်း၊ ပင်းတယဒေသတွင် ဝမ်းစာဖူလုံမှုရှိသည်ကို အချက်အလက်များအရ တွေ့ရှိရသော်လည်း ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီမှုမရှိသေးကြောင်း၊ အထွက်နှုန်းကောင်းမွန် သည့်မျိုးများကို ရွေးချယ်စိုက်ပျိုးကြစေလိုကြောင်း။

ဒေသတွင်းဝမ်းစာဖူလုံမှုရှိပါက ပြင်ပမှဝယ်ယူစားသုံးရန်မလိုအပ်သောကြောင့် ဒေသတွင်းငွေကြေး လည်ပတ်မှုကောင်းမွန်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ဧကတိုးချဲ့ခြင်းထက် တစ်ဧကချင်း အထွက်နှုန်း များတိုးတက်ရေးကို ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူအခြားသီးနှံများကိုလည်း ပန်းတိုင်ရည်မှန်း ချက်ပြည့်မီအောင် ဆောင်ရွက်မည်ဆိုပါက ဝင်ငွေများပိုမိုကောင်းမွန်လာပြီး ဒေသစီးပွားရေးနှင့်ဒေသခံများ၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသတွင်းပိုင်ဆိုင်ထားပြီးဖြစ်သည့် ရေခံမြေခံကောင်းများကို စနစ်တကျဖြင့် အကျိုးရှိစွာအသုံးချပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြစေလိုကြောင်း။

စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်

မွေးမြူရေးနှင့်ပတ်သက်၍ အထွက်နှုန်းများ တိုးတက်စေရန်အတွက် အထွက်နှုန်းကောင်းသည့်မျိုးများကို စနစ်တကျဖြင့် မွေးမြူရန်လိုကြောင်း၊ ပင်းတယဒေသတွင် ကြက်၊ ဝက်၊ နွားနှင့် အခြား တိရစ္ဆာန်များကို အောင်မြင်အောင်မွေးမြူဆောင်ရွက် မည်ဆိုပါကနိုင်ငံအတွက် အသားထုတ်လုပ်မှုများကို ဆောင်ရွက်ပေးနိုင်သည့် ဒေသတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ နို့စားနွားများမွေးမြူ၍လည်း နို့နှင့် နို့ထွက် ကုန်များကို ထုတ်လုပ်နိုင်ကြောင်း၊ တိရစ္ဆာန်အစားအစာများထုတ်လုပ်နိုင်သည့် စိုက်ပျိုးရေးထုတ်ကုန်များ ဒေသတွင်း၌ရှိပြီးဖြစ်ခြင်းကြောင့် မွေးမြူရေးလုပ်ငန်းကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် MSME ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရာ၌ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အားပေးဆောင်ရွက်နေခြင်းမှာ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်၍ ကုန်ထုတ်လုပ်မှုအတွက် သေချာသည့် ကုန်ကြမ်းများကို ရရှိနိုင်ခြင်းကြောင့်ဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင် လိုအပ်သည့် သဘာဝမြေဩဇာနှင့် ရေကိုလုံလောက်စွာအသုံးပြုရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အာဟာရပြည့်ဝအောင် သွင်းအားစုများ မှန်မှန်ကန်ကန်ဖြင့် စိုက်ထည့်ဆောင်ရွက်မည်ဆိုပါက အထွက်နှုန်းများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း။

ဒေသတွင်း ပညာတတ်လူသားအရင်းအမြစ်ကောင်းများ ရရှိရေး

ဟင်းသီးဟင်းရွက်များစိုက်ပျိုးရာတွင် ပိုးသတ်ဆေးများအသုံးပြုမှုကို အန္တရာယ်ရှိသည်အထိ အသုံးမပြုစေလိုကြောင်း၊ စိုက်ခင်းများအတွက် ရေသုံးစွဲရာတွင်လည်း စနစ်တကျ ထိရောက်စွာဆောင်ရွက်ရန် လိုကြောင်း၊ ပင်းတယဒေသတွင် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ စိုက်နည်းစနစ်များ၊ မြေပြုပြင်ခြင်းများနှင့် ရေအသုံးချခြင်းများကို ထိရောက်စွာအသုံးပြုသွားမည်ဆိုပါက စိုက်ပျိုးရေးထုတ်ကုန်များကို ယခုထက် ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးရေးပညာ ကျွမ်းကျင်သူများ များစွာလိုအပ်ကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ ကြွယ်ဝစွာရရှိရေးအတွက် ဒေသတွင်းပညာတတ်များ ပေါများရန်လိုကြောင်း၊ ပင်းတယဒေသတွင် ပညာသင်ကြားမှုနှင့် ပတ်သက်၍ အားနည်းမှုများရှိသည်ကို တွေ့ရှိရကြောင်း၊ နည်းပညာစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများ၌ ပညာသင်ကြားနိုင်ရန် အနိမ့်ဆုံးအလယ်တန်းအဆင့်အထိ အောင်မြင်ထားရန်လိုအပ်ကြောင်း၊ အတန်းပညာများရှိမှသာ အတတ်ပညာရှိမည်ဖြစ်ပြီး အတတ်ပညာများရှိမှသာ ကျွမ်းကျင်သူများဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပင်းတယဒေသအတွင်း ပညာတတ်များပေါများရေးပညာရေးကို ဝိုင်းဝန်းအားပေးဆောင်ရွက်ကြရန်လိုကြောင်း။

ဒေသတွင်းခရီးသွားလုပ်ငန်းတိုးတက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဖြစ်ပေါ်စေနိုင်မည်

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ခရီးသွားများကို ဆွဲဆောင်နိုင်မှုရှိသည့် သဘာဝပတ်ဝန်းကျင် အလှအပများရှိသည့်အပြင် ရာသီဥတုကောင်းမွန်ပြီး ထင်ရှားသည့်နေရာများကိုလည်း ပိုင်ဆိုင်ထားရှိ ကြောင်း၊ ထို့ကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်၍ ခရီးသွားလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသမှထွက်ရှိသည့် ရိုးရာအစားအသောက်များနှင့် ဒေသထွက်ကုန်များကို ဆွဲဆောင်မှုရှိအောင်နှင့် အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ပြီး ဒေသသို့လာရောက်သူများလည်း များပြားလာမည်ဖြစ်ကြောင်း၊ အလားတူမိမိတို့ဒေသအတွင်း သန့်ရှင်းသာယာလှပရေးအတွက်လည်း ဒေသခံပြည်သူများ၊ ဒေသတွင်းတာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသမှအဓိကထွက်ရှိသည့် လက်ဖက်၊ ကော်ဖီ၊ ပဲပုပ် စသည့်စားသောက်ကုန်များကို အရသာရှိအောင်ဆောင်ရွက်၍ ထုပ်ပိုးမှုများကို စနစ်တကျဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်သဖြင့် ရောင်းအားများ တိုးတက်လာမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် လိုအပ်သည်မှာ ဒေသတွင်း၌ နေထိုင်သူများအားလုံး အလုပ်လုပ်ကိုင်ရန်ဖြစ်ပြီး မိမိတို့ အလုပ် လုပ်ခြင်း၏အကျိုးကို မိမိတို့ ပြန်လည်ခံစားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးဆောင်ရွက်နေခြင်း မဟုတ်ဘဲ နိုင်ငံ့အရေးအတွက်ကိုသာ ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများရှိနိုင်သော်လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ခြင်းဖြင့် ဒေသအကျိုးသယ်ပိုးကြရန်လိုကြောင်း၊ ယနေ့တွင် အကြံပြုဆွေးနွေးပြောဆိုမှုများသည်လည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဒေသတွင်းနေထိုင်သည့်ဒေသခံများ၏ အကျိုးအတွက်တိုက်တွန်း ဆွေးနွေးပြောဆိုခြင်းသာဖြစ်ကြောင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစွာဆောင်ရွက်နိုင်မည်ဟုလည်း ယုံကြည်ပါကြောင်း၊ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် ဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များ၊ အဝတ်အထည်များ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာလုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023