တစ်ရွာစီမှ တစ်ပြည်လုံးဖွံ့ဖြိုးခြင်းဆီသို့

Ministry of Information/ ​နေပြည်တော် / July 08, 2020
image_latest


မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဆင်းရဲ နွမ်းပါးမှု မြင့်မားနှုန်းမှာလည်း ကျေးလက် ဒေသများ ဖြစ်သည်။ လက်ရှိ လူမှုစီးပွားအခြေအ နေအရလည်းကောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့်လည်းကောင်း ကျေးလက်ဒေသမှ အလုပ် လုပ်ကိုင်ကြ သူများမှာ ရွှေ့ပြောင်းလုပ်သားများအဖြစ် ပြောင်းလဲလုပ်ကိုင် လာကြပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးမှုမှာ အလှမ်းဝေးလျက်ရှိသည်။ ။

လူတို့၏သဘာဝမှာ ရေကြည်ရာ မြက်နုရာတွင် ပြောင်းရွှေ့ လုပ်ကိုင် ကြစမြဲဖြစ်၍ မိမိဒေသတွင် ရေမကြည် မြက်မနု နေထိုင်လုပ်ကိုင်ချင်စရာ မရှိသမျှ ပြောင်းရွှေ့ကြမည်မှာ သဘာဝပင် ဖြစ်သည်။ ထိုသို့ပြောင်းရွှေ့ လုပ်ကိုင်မှုကြောင့် စွန့်လွှတ်ပေးဆပ်ရမှုများမှာ များလှပေသည်။ ရွှေ့ပြောင်း လုပ်သားများမှာ ပြည်တွင်းမြို့ပြ များ၌သာမက အဆင်ပြေရာ ပြည်ပနိုင်ငံ များသို့လည်း အမြောက်အမြားပြောင်းရွှေ့လုပ်ကိုင်နေကြသည်ကို မြင်တွေ့ ကြရမည်ဖြစ်သည်။

လက်ရှိကာလတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသောကြောင့် မိခင်နိုင်ငံသို့ ပြန်လိုကြသော ရွှေ့ပြောင်းလုပ် သားများ နေ့စဉ်တဖွဲဖွဲ ပြန်လာ နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့သော မတည်မြဲမှုအခြေအနေ များကြောင့် ကျေးလက်နေပြည်သူများ၏ဘဝမှာ မရေရာမသေချာဖြစ်ကြ ရသည်။ ယင်းတို့ကို ကုစားပေးနိုင် ရန်အတွက် နိုင်ငံတော်အစိုးရက နည်းလမ်းအမျိုးမျိုး ရှာဖွေလုပ်ကိုင်ပေးနေသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းများကို ခေတ်အဆက်ဆက် လုပ်ကိုင်ခဲ့သော်လည်း ခရီးမပေါက်ခဲ့သဖြင့် ယခုအခြေအနေတွင် မဖြစ်မနေခရီးရောက်အောင် ကြိုးစားလုပ်ဆောင်နေကြသည်ကို မြင်တွေ့လိုက်ရသည်။

ကျေးလက်ဒေသပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွင် တောင်သူလယ်သမား များအတွက် အသေးစားလယ်ယာ စီးပွားရေးလုပ်ငန်းပံ့ပိုးပေးခြင်းနှင့် Cash For Work စီမံကိန်းဖြင့် ကျေးရွာ များအား ထောက်ပံ့ပေးခြင်းတို့သည် ထိရောက်သောအစီအစဉ်များ ဖြစ်သည်။ အသေးစားလယ်ယာ စီးပွားရေး လုပ်ငန်းတွင် တောင်သူ လယ်သမားများအနေဖြင့် ထုတ်ကုန်ရောင်းအားကျ ဆင်းပြီး ဝင်ငွေမရှိသည့် အခါ သို့မဟုတ်ပုံမှန်ပြည်ပငွေလွှဲများ မရှိသည့်အခါ စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးစေ့ထုတ် လုပ်ငန်း ဧက တစ်သိန်း စီမံကိန်းကို နိုင်ငံတစ်ဝန်းလုံးတွင် အကောင်အထည်ဖော်လိုက်ခြင်းသည် စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား မြင့်မား ပြီး တောင်သူများ ဝင်ငွေတိုးတက်စေမည် ဖြစ်သည်။

Cash For Work စီမံကိန်းသည် ထောက်ပံ့ရန်ပုံငွေကျပ် သိန်း ၁၀၀ ဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသော ကျေးရွာ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်သည့် လမ်းများပြုပြင်ခြင်း၊ ရေနုတ်မြောင်းများပြုပြင်ခြင်း၊ ကွန်ကရစ် လမ်းများခင်းခြင်း၊ မြေသားလမ်းများခင်းခြင်း၊ မိုးရေလှောင်ကန်များ တူးဖော်ပြုပြင်ခြင်း စသည့်လုပ် ငန်းများကို ကျေးရွာလူထုကိုယ်တိုင် ရွေးချယ်ဖော်ထုတ်၍ ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင် အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်သည်။ မိမိကျေးရွာဖွံ့ဖြိုးရေးအတွက်အလုပ် လုပ်ကြသောကျေးရွာသူ၊ ကျေးရွာသားများကိုလုပ်အားခပေးချေသောစနစ် ဖြစ်သည်။ ထောက်ပံ့ငွေ၏ အနည်းဆုံး ၄၀ ရာခိုင်နှုန်းကို လုပ်အားခအဖြစ် အသုံးပြုပြီး ကျန် ၆၀ ရာခိုင်နှုန်းကို ပစ္စည်းသုံးမည်ဖြစ်၍ ဝင်ငွေလည်းရ၊ ရွာလည်းလှသည့် လက်တွေ့ကျသော စီမံကိန်းဖြစ်သည်။ ။

အလားတူ စီမံကိန်းအမျိုးမျိုးကို ကျေးလက်ဒေသများတွင် စတင် ဖော်ဆောင်နေပြီး နိုင်ငံတော်အစိုးရက ကမ္ဘာ့ဘဏ်ချေးငွေ၊ နိုင်ငံတော် ရန်ပုံငွေတို့ဖြင့် အမြောက်အမြားကျခံထောက်ပံ့နေပြီ ဖြစ်သည်။ ယင်းရန်ပုံငွေ များကို ကျေးလက်ပြည်သူလူထု လူမှုစီးပွားဖွံ့ဖြိုးမှုအတွက် အလေအလွင့် မရှိစေဘဲ ထိထိရောက်ရောက် အားသွန်ခွန်စိုက်လုပ်ကိုင်ကြခြင်းဖြင့် ကျေးလက်ဒေသများ လှပဝေစည်အောင် ကြိုးစားရမည်ဖြစ်သည်။ ထိုစီမံကိန်းများသည် ရပ်ရွာအခြေပြု လုပ်ငန်းများဖြစ်၍ ကျေးလက်ပြည်သူ များအားလုံး စည်းလုံးညီညာ စွာဖြင့် စနစ်တကျဖော်ဆောင်တတ်ခြင်း၊ ဒီမိုကရေစီ အလေ့အကျင့်ကောင်းများရရှိခြင်း၊ စိုက်ပျိုးရေးထုတ် ကုန်များ အရှိန်အဟုန်မပြတ်ထုတ်လုပ်နိုင်ပြီး ကျေးလက်ပြည်သူများ လူမှုစီးပွားနှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သည်။ ။

သို့ဖြစ်ရာ ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော လူမှုစီးပွား စိန်ခေါ်မှုများကို ကျေးလက်နေပြည် သူများ၏ စုပေါင်းစွမ်းပကားဖြင့် ကျော်လွှားနိုင်မည့်အင်အားများ ရှိလာပြီဖြစ်သည်။ ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုများ လျှော့ချရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကိုဗစ်၁၉ ကြောင့်ပင် ရရှိလာပြီဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ အမြော်အမြင် ရှိမှု၊ စီမံခန့်ခွဲပေးမှုတို့ဖြင့် ကျေးလက်နေပြည်သူအားလုံး ညီညီညွတ်ညွတ် ကြိုးပမ်းဆောင် ရွက်ကြခြင်းဖြင့် ကျေးရွာတစ်ရွာချင်းစီမှ တစ်တိုင်းပြည်လုံး ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ကြဉ်းကြရမည် ဖြစ်ပါကြောင်း။ ။

 

Newspaper



    • Vol.VII, No. 111, Wednesday, 5 August 2020


      • Publisher : New Light
      • Publication Date : 2020
      • Page : 16
      • Language : English
      • Download
    • Vol. VII, No.110, Tuesday, 4 August 2020


      • Publisher : New Light
      • Publication Date : 2020
      • Page : 15
      • Language : English
      • Download
    • Vol. VII, No.109, Monday, 3 August 2020


      • Publisher : New Light
      • Publication Date : 2020
      • Page : 15
      • Language : English
      • Download