Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 နှင့် သားငါးမွေးမြူထုတ်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများနှင့်စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်နေသူများနှင့် အပြန်အလှန်ဆွေးနွေး

Ministry of Information/ ​နေပြည်တော် / July 07, 2020
image_latest


နေပြည်တော်  ဇူလိုင်  ၇

Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် COVID-19 နှင့် သားငါးမွေးမြူထုတ်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်ဇာခြည်ဌေး၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကြက်၊ဘဲမွေးမြူထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးသိန်းမြင့် တို့နှင့် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများကို အပြန်အလှန် ဆွေးနွေးသည်။

ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် မွေးမြူရေးကဏ္ဍသည် စီးပွားရေးအရ အလားအလာ ကောင်းသည့် ကဏ္ဍဖြစ်ပါကြောင်း၊ မွေးမြူရေးသည် စီးပွားရေးအတွက်သာမက ပြည်သူ လူထု၏ ကျန်းမာရေးနှင့်လည်း ဆက်စပ်နေပါကြောင်း၊ နို့ထွက်ပစ္စည်းများကို ပြည်ပမှ တင်သွင်းမှုများ ရှိပါကြောင်း၊ မိမိနိုင်ငံအတွင်း၌ ထုတ်လုပ်နိုင်ပါက စီးပွားရေးအရ ကောင်းပါ ကြောင်း၊ သုတေသန တွေ့ရှိချက်အရ ကလေးများကို အရပ်ရှည်အောင် အားအပေးနိုင်ဆုံး အစားအစာသည် နွားနို့ဖြစ်ပါကြောင်း၊ နွားနို့နှင့် ကြက်ဥကို မှန်မှန်စားသုံး နိုင်ပါက ကလေးများ ပိုမိုကြီးထွားပြီး ကျန်းမာကြမည်ဖြစ်ပါကြောင်း၊ ကြက်ဥနှင့် ငါးသည် လည်း လူတို့၏ ကျန်းမာရေးနှင့် ကိုက်ညီပါကြောင်း၊ တချို့ငါးများတွင် ပါဝင်သည့် အဆီသည် ကျန်းမာရေး အတွက် အထူးကောင်းမွန်ပါကြောင်း။

ကိုဗစ်အလွန်ကာလတွင် မွေးမြူရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေလိုပါကြောင်း၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပါက ပြည်သူများ၏ ကျန်းမာရေးနှင့် နိုင်ငံတော်၏ စီးပွားရေးအတွက်လည်း အထောက်အကူ ဖြစ်မည်ဖြစ်ပါကြောင်း၊ မွေးမြူရေးကဏ္ဍ ပိုမိုအောင်မြင် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဈေးကွက်များ ပိုမိုရရှိလာစေရန် မည်သို့ စီစဉ်ထား သည်ကို သိရှိလိုပါကြောင်း၊ ဈေးကွက်ကောင်းကောင်း ရရှိလိုပါက မိမိတို့၏ ထုတ်ကုန် အဆင့်အတန်း ပိုမိုကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ ဒေါက်တာ ရဲထွန်းဝင်း အနေဖြင့် ကိုဗစ်-၁၉ ကာလတွင် မွေးမြူရေးကဏ္ဍအတွက် ဆောင်ရွက်နေမှု အခြေအနေနှင့် ကိုဗစ်-၁၉ အလွန်ကာလတွင် မွေးမြူရေးကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်စေရန် အစိုးရက မည်သို့ စီစဉ်ထားသည်ကို အများပြည်သူသိနိုင်အောင် ပြောပြပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက မြန်မာနိုင်ငံ၏ မွေးမြူရေးလုပ်ငန်းအနေဖြင့် တစ်ပိုင်တစ်နိုင် မွေးမြူသည့် စနစ်ကို အခြေခံပါကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် (၆၅) ရာခိုင်နှုန်းသော အိမ်ထောင်စု များသည် မွေးမြူရေးတိရစ္ဆာန် သို့မဟုတ် အိမ်မွေးတိရစ္ဆာန် တစ်မျိုးမျိုးအား မွေးမြူကြ ပါကြောင်း၊ မွေးမြူရေးလုပ်ငန်းသည် ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေ ရရှိရေးအတွက်လည်း အရေးပါသည့် လုပ်ငန်းတစ်ရပ် ဖြစ်ပါကြောင်း၊ ပြည်သူလူထုအတွက် ကျန်းမာခြင်း၊ ကြံ့ခိုင်ခြင်းနှင့် ဉာဏ်ရည်ဖွံ့ဖြိုးစေခြင်းတို့အတွက် လိုအပ်သော အသားဓာတ် ကိုလည်း မွေးမြူရေးလုပ်ငန်းက ထုတ်လုပ်ပေးနေပါကြောင်း၊  အိမ်နီးချင်းနိုင်ငံများသို့ ကျွဲ၊ နွား၊ သိုး၊ ဆိတ် စသည် မွေးမြူရေးတိရစ္ဆာန်များ တင်ပို့ခြင်း မှလည်း နိုင်ငံခြားဝင်ငွေ ရရှိစေပါကြောင်း။

ကိုဗစ်-၁၉ကာလအတွင်း မွေးမြူရေးကဏ္ဍအပေါ် သက်ရောက်မှုများကို မြို့နယ်ပေါင်း ၂၄ မြို့နယ်မှ မွေးမြူသူ ပေါင်း ၄၉၀၀ ကျော်ကို စစ်တမ်း ကောက်ယူခဲ့ပါကြောင်း၊ ထုတ်လုပ်မှု အပိုင်းတွင် ထိခိုက်မှု ထူးခြားစွာမရှိသော်လည်း ဈေးကွက်ကျဆင်းခြင်း၊  ဝယ်လိုအား ကျဆင်းခြင်း၊ ကုန်စည်စီးဆင်းမှု တုံ့ဆိုင်းခဲ့ခြင်းကြောင့် မွေးမြူရေးလုပ်ငန်းများအပေါ် (၄၀) ရာခိုင်နှုန်းခန့် ထိခိုက်ခဲ့ရပါကြောင်း၊ အထူးသဖြင့် ရေရှည်ရင်းနှီးမြှုပ်နှံမှု မပြုလုပ်နိုင်သည့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းနှင့် အလတ်စား မွေးမြူရေးလုပ်ငန်းများတွင် ပိုမို ထိခိုက်ခဲ့ပါကြောင်း၊ ထို့နည်းတူစွာ ငါးလုပ်ငန်းတွင်လည်း ထိခိုက်မှု အနည်းငယ်ရှိသည်ကို တွေ့ရပါကြောင်း။

ကိုဗစ်-၁၉ ကာလအတွင်း ကုန်စည်စီးဆင်းမှု နှေးကွေးခဲ့သော်လည်း စားသုံးသူများ လက်ဝယ်သို့ မွေးမြူရေးထုတ်ကုန်များ ရောက်ရှိအောင် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့နှင့် စဉ်ဆက်မပြတ် ပူးပေါင်းပြီး ဆောင်ရွက်နိုင် ခဲ့သည့်အတွက် ပြည်သူလူထု လိုအပ်သည့် ကြက်ဥ၊  သား၊ ငါး၊ နို့များကို စားသုံးသူလက်ဝယ် ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် စားသုံးသူများ၏ စိတ်ပူပန် မှုများကို လျော့ကျစေခဲ့ပါကြောင်း၊ သားစိမ်း၊ ငါးစိမ်းဈေးများ ယာယီကျဆင်းခဲ့သော်လည်း မေလ အလယ်ခန့်တွင် ဈေးများပြန်လည်တည့်မတ်လာပါကြောင်း၊ မွေးမြူရေးလုပ်ငန်းသည် အချိန်တိုအတွင်း ပြန်လည်ထူ ထောင်နိုင်သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ အသား၊ ငါး၊ နို့တို့သည် ပြည်သူလူထု၏ အခြေခံစားကုန်များဖြစ်သည့်အတွက် စဉ်ဆက်မပြတ် ထုတ်လုပ်ရန် လိုအပ် ပါကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ အလွန်ကာလတွင် မွေးမြူရေး လုပ်ငန်းများ ပြန်လည် တည့်မတ်လာရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သော သွင်းအားစုများ ရရှိရေး အတွက် ကြိုတင်ပြင်ဆင်လျက်ရှိပါကြောင်း။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ဝန်ထမ်းပေါင်း ၂၈၀၀ ရှိပါကြောင်း၊ ယင်း အထဲတွင် တိရစ္ဆာန်ဆရာဝန် ၁၀၉၀ ခန့်ရှိပါကြောင်း၊ တိရစ္ဆာန်ဆရာဝန်တစ်ဦးသည် တိရစ္ဆာန် ယူနစ် ၂၀၀၀၀ ကို တာဝန်ယူရပါကြောင်း၊ အခြားနိုင်ငံများနှင့်ယှဉ်ကြည့်လျှင် တာဝန်ယူရ သည့်အပိုင်း များပြားပါကြောင်း၊ ဝန်ထမ်းအင်အား နည်းပါးနေပါကြောင်း၊ ထို့ကြောင့် ကျေးလက်ဒေသများတွင် တိရစ္ဆာန်ကျန်းမာရေးအကူလုပ်သားများကို စနစ်တကျ လေ့ကျင့်ပြီး လုပ်ငန်းဆောင်မှုများတွင် ပူးပေါင်းပါဝင်လာနိုင်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

ကိုဗစ်ကာလအတွင်း အသွားအလာကန့်သတ်ချက်များရှိသော်လည်း ကျေးလက် ဒေသရှိ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး (၃)ခုတို့တွင် ကျေးရွာအရောက် ဝက်ရောဂါနှင့် ကြက်ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခဲ့ပါကြောင်း၊ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း ရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရာသီအလိုက် ဖြစ်တတ်သည့် တိရစ္ဆာန်ရောဂါများကာကွယ်ရေးနှင့် သဘာဝဘေး ကျရောက် မှုဆိုင်ရာ ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများအား အသိပေးကြေညာချက်များကို မီဒီယာများ မှတစ်ဆင့် ပညာပေး ဖြန့်ဝေပေးခဲ့ပါကြောင်း။

COVID-19 virus ပိုးသည် တောရိုင်းတိရစ္ဆာန်များမှတစ်ဆင့် လူကို ကူးစက်စေမှု မရှိဟု ပညာရှင်များက သုတေသနပြုတင်ပြထားကြပါကြောင်း၊ သို့သော်လည်း တိရစ္ဆာန်တွင် ဖြစ်သည့် coronavirus နှင့် မျိုးရင်းချင်းတူနေပါကြောင်း၊ ထို့ကြောင့်  တိရစ္ဆာန်တွင်ဖြစ်သည့် coronavirus ကို လေ့လာဆန်းစစ်နိုင်ရန်အတွက် နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA)၏ အကူအညီဖြင့် ရန်ကုန်မြို့ အင်းစိန်တွင်ရှိသည့် Veterinary Assay Laboratory ၌ corona virus လေ့လာဆန်းစစ်မှုလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပါကြောင်း။

လက်ရှိ တိရစ္ဆာန်ရောဂါနှင့်ပတ်သက်ပြီး ရင်ဆိုင်နေရသည်မှာ အာဖရိကဝက် အပြင်းဖျားရောဂါဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွင် ရောဂါဖြစ်ပွားခဲ့ပြီး ဖြစ်ပါကြောင်း၊ အခြားဒေသများတွင်လည်း ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးနှင့် စူးစမ်းလေ့လာရေးလုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း၊ လတ်တလောတွင် တရုတ်နိုင်ငံ၌ ဝက်တုပ်ကွေးရောဂါ (H1N1) တွေ့ရှိကြောင်း သတင်းများပေါ်ထွက်နေပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် ဝက် တုပ်ကွေးရောဂါ (H1N1)နှင့်ပတ်သက်ပြီး လေ့လာဆန်းစစ်မှုများ ပြုလုပ် နေသည်မှာ ၃ နှစ် ရှိပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဝက်တုပ်ကွေးရောဂါ တွေ့ရှိခြင်း မရှိသေးပါကြောင်း။

Covid-19 Economic Relief Plan (CERP) အစီအစဉ်အရ  မွေးမြူသူများကို သင်တန်းပို့ချသည့်လုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်ထားပါကြောင်း၊ နိုင်ငံတော်က ချပေးသည့် ရန်ပုံငွေကျပ် (၁၄၄၀) သန်းဖြင့် မွေးမြူရေးဆိုင်ရာ သင်တန်း (၆) မျိုးကို မြို့နယ်ပေါင်း (၁၁၈) မြို့နယ်တွင် သင်တန်းသားပေါင်း ၆၀၀၀၀ ခန့်အထိ ပို့ချပေးရန် ခန့်မှန်းထားပါကြောင်း၊ အဓိကအနေဖြင့် နေရပ်ပြန်သူများ၊ ကျေးလက်ဒေသနေ မွေးမြူ သူများနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုသူများကို သင်တန်းပို့ချပေးသွားမည် ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအကုန်တွင် သင်တန်းအားလုံး  ပြီးစီးသွားမည် ဖြစ်ပါကြောင်း။

ကျေးလက်တွင် မွေးမြူမည့် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကြက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများပို့ချသွားမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းနှင့်ပတ်သက်ပြီး အထူးအားပေးသည့် စီမံချက်များကို မြို့နယ်အလိုက် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ပြင် ကျေးရွာမတည် ရန်ပုံငွေဖြင့်လည်း ဝန်ကြီးဌာနက ကျေးရွာပေါင်း ၁၇၀၀ တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်း ကျေးရွာများရှိ မွေးမြူရေး လုပ်ကိုင်သူများအတွက် လိုအပ်သည့် အရင်းအမြစ်များ၊ ပညာရပ်များ၊ ပံ့ပိုးမှုများကို ဆောင်ရွက် ပေးနိုင်ရန် ပြင်ဆင်ပြီးဖြစ်ပါကြောင်း။

ထို့ပြင် မြို့နယ်အလိုက် တိုင်းရင်းကြက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငါးလုပ်ငန်းတွင်လည်း နိုင်ငံတော်မှချပေးသည့် ငွေကျပ်သန်း ၆၀၀၀ ဖြင့် ငါးကန်ဧကပေါင်း ၁၅၀၀၀၀ ကို ငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်းများ ဆောင်ရွက် မည်ဖြစ်ပါကြောင်း၊၊

မွေးမြူရေး ထုတ်ကုန်များသည် ပျက်စီးလွယ်သည့်အတွက် သိုလှောင်ထိန်းသိမ်းရန် အအေးခန်းများ လိုအပ်ပါကြောင်း၊ အအေးခန်းများ လုံလောက်စွာ တည်ဆောက် ထားနိုင်ခြင်းမရှိသည့်အတွက် ကုန်စည်စီးဆင်းမှု နှေးကွေးသွား သည့် ကိုဗစ်-၁၉ ကာလ အတွင်းတွင် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ပါကြောင်း၊ အအေးခန်း သိုလှောင်ရုံများအား ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် တည်ဆောက်ရန် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ (၄) သန်း ရယူပြီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်ဇာခြည်ဌေးက ကိုဗစ် -၁၉ ကူးစက်ရောဂါ ကျရောက်သည့် အချိန်ကာလအတွင်း ရေချိုရေငန်ငါးလုပ်ငန်း ကဏ္ဍ၌ ဝယ်လိုအား လျော့ကျခြင်း၊ ဈေးနှုန်းများ လျော့နည်းခြင်းနှင့် ပြည်ပပို့ကုန် လုပ်ငန်းများ တုံ့ဆိုင်းသွားခြင်းစသည့် အခက်အခဲများကို ကြုံတွေ့ခဲ့ရပါကြောင်း။

ပြည်တွင်းပြည်ပ ဈေးကွက်များ ပုံမှန်အခြေနေသို့ ပြန်လည်ရောက်ရှိရေး အချိန် ကာလတစ်ခုအထိ စောင့်ဆိုင်းရမည်ဟု ခန့်မှန်းပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ စတင် ဖြစ်ပွားသည့် ကနဦးအချိန်ကာလတွင် ရေချိုရေငန်ငါး လုပ်ငန်းအတွင်းရှိ စက်ရုံအလုပ်ရုံ အများစုသည် မြန်မာနှစ်သစ်ကူး ပိတ်ရက်နှင့်အတူ ရက်ရှည် ခေတ္တခဏ ရပ်နားခဲ့ရ ပါကြောင်း၊ နိုင်ငံတော်မှ လုပ်ငန်းလည်ပတ်ခွင့် စတင်ခွင့်ပြုသည့်အချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုအပ်သည်များကို အမြန်ဆုံး ပြင်ဆင် ဖြည့်ဆည်းပြီး လုပ်ငန်းစတင်လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ အလုပ်ပိတ်ရက် အတွင်း ရေလုပ်ငန်းကဏ္ဍ အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ စားဝတ်နေရေး၊ အလုပ်အကိုင်နှင့် လစာများ ပြေလည်စေရန် လုပ်ငန်းရှင်များက ကြိုးစား ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း။

ပြည်တွင်း၌ လိုအပ်လျက်ရှိသည့် ငါး၊ ပုစွန် ရိက္ခာများကိုလည်း စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး လုပ်ငန်းများအပေါ် ဖြေလျှော့ဆောင်ရွက်ပေးခဲ့သည့်အပြင် ရေလုပ်ငန်းကဏ္ဍတွင် ငါးသားပေါက်များ ကူညီပံ့ပိုးပေးသည့် အစီအစဉ်၊ ငါးဖမ်းရေယာဉ်များ ၊ ဆိပ်ကမ်းများ ပြုပြင် ထုတ်လုပ်ရေး အအေးခန်းစက်ရုံများနှင့် ငါးပုစွန်မွေးမြူရေးကန်များကို အတိုးနှုန်း သက်သာသည့် ချေးငွေများ စီစဉ်ပေးမည်ဟု သိရှိရသည့်အတွက် များစွာကျေးဇူးတင်ရှိ ပါကြောင်း။

မြန်မာနိုင်ငံတွင် ငါးပုစွန်မွေးမြူရေးလုပ်ကိုင်နေသည့် ဧကပေါင်း ၅ သိန်းကျော် ရှိပါကြောင်း၊ ဧက ၁၂၀၀၀၀ ခန့်သာ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် ရရှိထားပါကြောင်း၊ ကျန်ရှိသည့်  ဧက ၃၇၀၀၀၀ ခန့်မှာ လျှောက်ထားမှုများ ဆောင်ရွက် ခဲ့သော်လည်း ပြဋ္ဌာန်းကျင့် သုံးခဲ့သည့်  ဉပဒေများကြောင့် မြေယာခွင့်ပြုချက်များမရရှိဘဲ ကြန့်ကြာနေရခြင်း အပေါ်တွင် ထင်သာမြင်သာရှိသည့် နိုင်ငံတော်၏ ဖြေလျှော့မှုအဖြစ် ငါးပုစွန်မွေးမြူရေးလုပ်ငန်းများကို ဗဟိုလယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီ၏ အစီအစဉ်ဖြင့် ဒဏ်ကြေးငွေကျပ် ၂၀၀၀၀ မှ ၃၀၀၀၀ အထိ သတ်မှတ်၍ လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် ခွင့်ပြုပေးခဲ့သည့်အတွက် အဖွဲ့ချုပ် အနေဖြင့် များစွာကျေးဇူးတင်ရှိပါကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ ငါးလုပ်ငန်းများဖြစ်သည့် ပင်လယ်ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းများ၊ အစာရောင်းဝယ်ရေးနှင့် ထုတ်လုပ်ရေး လုပ်ငန်းများ၊ ငါးပုစွန် မွေးမြူရေးနှင့် ရေချိုငါးဖမ်းဆီးရေးလုပ်ငန်းများ၊ ငါး၊ ပြုပြင်ထုတ်လုပ်ရေးနှင့် အအေးခန်း စက်ရုံလုပ်ငန်းများ၊ ရေထွက်ကုန်ဝယ်ယူရောင်းချရေး လုပ်ငန်းများ၊ ငါးပိ ငါးခြောက်ငံပြာရည် ထုတ်လုပ်ရေးလုပ်ငန်းများတွင် နိုင်ငံသား ၃ ဒသမ ၅ သန်းခန့်ကို အလုပ်အကိုင်များ ဖန်တီးပေးထားပါကြောင်း၊ ထို့ကြောင့် ရေလုပ်ငန်း ကဏ္ဍအနေဖြင့် စိုက်ပျိုးရေးကဏ္ဍပြီးလျှင် နိုင်ငံတော်အတွက် ဒုတိယအများဆုံး အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးလျက် ရှိပါကြောင်း။

ဖမ်းဆီးမွေးမြူသည့် ငါး၊ ပုစွန်များကို နိုင်ငံသားများအတွက် ဖူလုံစွာ စားသောက်ခွင့် ရရှိစေပြီး ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်မှုကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၇၂၈ သန်း ရရှိခဲ့ပါကြောင်း၊ ယခု ၉ လတာကာလအတွင်း နှိုင်းယှဉ်ချက်အရ ပြီးခဲ့သည့်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ပိုမိုရရှိခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ရေလုပ်ငန်းရှိ လုပ်ငန်းကဏ္ဍအသီးသီးက လုပ်ငန်းလည်ပတ်စေရေး ဆက်လက်ကြိုးစားဆောင်ရွက်နေသည့်အတွက် ယခုနှစ်တွင် ပို့ကုန်မှ ဝင်ငွေပိုမိုရရှိရေးကို ခန့်မှန်းထားပါကြောင်း၊  မြန်မာ့ငါးလုပ်ငန်းသည် ရာသီဥတုတူညီသည့် အိမ်နီးချင်းနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက နှစ်ပေါင်း (၁၅)နှစ်ခန့် အတွင်း တိုးတက်မှု အနည်းငယ်သာ ရှိခဲ့ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ရေလုပ်ငန်းကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နိုင်မည်ဆိုပါက အချိန်အနည်းငယ်အတွင်း နိုင်ငံခြားဝင်ငွေ ဘီလီယံ မြောက်မြားစွာ တိုးမြင့် ရရှိနိုင်ရန် အလားအလာများစွာရှိပါကြောင်း၊  ရေလုပ်ငန်းသည် စားနပ်ရိက္ခာကိုအခြေခံသော လုပ်ငန်းဖြစ်သောကြောင့် ကိုဗစ်-၁၉ ကဲ့သို့ ကမ္ဘာ့ကပ်ရောဂါ ကျရောက်ချိန်တွင် စားသုံးသူ ဈေးကွက်အတွင်း လိုအပ်ချက်အနည်းငယ် အပြောင်းအလဲရှိသည်မှအပ အခြားလုပ် ငန်းများ နှင့်နှိုင်းယှဉ်ပါက သက်ရောက်မှု အနည်းဆုံး လုပ်ငန်းဖြစ်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် အများပိုင်ကုမ္ပဏီကို တည်ထောင်ပြီး ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ငါးသားဖောက်လုပ်ငန်းမှစတင်ကာ စားသုံးသူထံသို့ အသင့် ရောင်းချနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း။

နိုင်ငံတော်အနေဖြင့် ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကူညီဆောင်ရွက်ပေးရန် အဆင့်(၅)ဆင့်ကို တင်ပြလိုပါကြောင်း၊ ငါးလုပ်ငန်းဆိုင်ရာမူဝါဒများ၊ ဥပဒေများအား အမှန်တကယ် လိုအပ်ချက်များနှင့်ကိုက်ညီ၍ ငါးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက် အောင်မြင်စေရေးကို ရည်ရွယ်ရှေးရှု ချမှတ်ရေးဆွဲပေးပါရန်၊ ဘက်စုံခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ငါးလုပ်ငန်းများ ဖြစ်စေရေးအတွက် အမျိုးသားအဆင့် စီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက်ပေးပါရန်၊ မြန်မာနိုင်ငံအနေဖြင့် လက်ရှိအခြေအနေတွင် နိုင်ငံပေါင်း ၄၅ နိုင်ငံသို့  ရေထွက်ကုန်ပစ္စည်းများတင်ပို့ ရောင်းချလျက်ရှိပြီး ယခုထက်ပိုမို၍ ဈေးကွက်များ တွင်တွင်ကျယ်ကျယ် ရရှိလာနိုင်ရန်နှင့် ရေထွက် ကုန်ပစ္စည်းများ အမျိုးအစား နှင့် အရေအတွက်ပမာဏ တိုးချဲ့တင်ပို့ရောင်းချနိုင်ရန်အတွက် နိုင်ငံတော်မှဦးဆောင်၍ နှစ်နိုင်ငံချစ်ကြည်ရေး ကုန်သွယ်မှုစာချွန်လွှာများ ပိုမိုကျယ်ပြန့်စွာ လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်ပေးပါရန်၊ ကိုဗစ်-၁၉ ကူးစက် ရောဂါကာလအတွင်း ငါးမွေးမြူသူများ အနေဖြင့် လုပ်ငန်းဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ လျော့နည်းခဲ့ပါကြောင်း၊ ကိုဗစ်အလွန်ကာလတွင် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများ ရရှိရန် နိုင်ငံတော်အနေဖြင့် အတိုးနှုန်းသက်သာသည့် ချေးငွေများရရှိနိုင်ရေး ကူညီပေးပါရန်နှင့် မြန်မာ့ရေထွက်ကုန် ပစ္စည်းများ နိုင်ငံတကာသို့ အဆင့်မီစွာ တင်ပို့ရောင်းချနိုင်ရန် ငါးမွေးမြူထုတ်လုပ်ရေး လုပ်ငန်း အဆင့်ဆင့်တွင် လိုက်နာကျင့်သုံးရမည့် မူဝါဒများ၊ နည်းပညာများ၊ အခြေခံကျသော ယန္တရားများနှင့် အဆောက် အအုံများ၊ စက်ပစ္စည်းကိရိယာများသည် နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်လျက် ရှိပါကြောင်း၊ ထိုလိုအပ်ချက်များကို အဆင့်မြှင့်တင်ရန် ရင်းနှီးမြှုပ်နှံမှု မြောက်မြားစွာ လိုအပ်ပါကြောင်း၊ ထို့ကြောင့် ငါး၊ ပုစွန် မွေးမြူထုတ်လုပ်ရေး လုပ်ငန်းများ ကျယ်ပြန့်စွာ တိုးတက်အောင်မြင်နိုင်ရန် ချေးငွေစနစ်နှင့် ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် ဆောင်ရွက်ပေးပါရန်တို့ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကြက်၊ ဘဲ မွေးမြူထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးသိန်းမြင့်က      ကိုဗစ်-၁၉ ကာလတွင် မွေးမြူရေးလုပ်ငန်းသည် ထိခိုက်မှု ရှိခဲ့ပါကြောင်း၊ သို့သော် ကြီးကြီးမားမား မဟုတ်ပါ ကြောင်း၊ စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များ၊ မုန့်လုပ်ငန်းများ၊ ဟိုတယ်များ ပိတ်သိမ်းထားသည့်အတွက်ကြောင့် ရောင်းချရန်နေရာများ ဈေးကွက်အနည်းငယ် လျော့ကျ သွားပါကြောင်း၊ ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက် အလုပ်သမားများ အလုပ်ခွင် ပြန်လည် မဝင်ရောက်နိုင်သည့်အတွက် လုပ်ငန်းစတင်ရန် ၁ လ၊ ၄၅ ရက်ခန့် နောက်ကျ သွားပါကြောင်း၊ လက်ရှိတွင် ပုံမှန်အနေဖြင့် ဈေးကွက်ကို ပြန်လည်ထုတ်လုပ်ဖြန့်ဖြူး နေပြီဖြစ်ပါကြောင်း။

မိမိအနေဖြင့် မွေးမြူရေးကဏ္ဍတွင် လက်တွေ့ဖြစ်ပျက်နေသည့် လုပ်ငန်းနှင့် အကြောင်းအရာများကို တင်ပြသွားမည်ဖြစ်ပါကြောင်း၊ မွေးမြူရေးတွင် တစ်နိုင်တစ်ပိုင် မွေးမြူရေး၊ အသေးစား၊အလတ်စား မွေးမြူရေး လုပ်ငန်းများသည် ကျေးလက်ပြည်သူ အများစုအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖော်ဆောင်ပေးခဲ့ပါကြောင်း။

လက်ရှိမွေးမြူထားရှိမှုအနေဖြင့် အသားစားကြက်၊ ဥစားကြက်နှင့် တိုင်းရင်းကြက် အကောင်ရေ (၃၈၈)သန်း၊ ခိုင်းနွားအကောင်ရေ ၉ ဒသမ ၅ သန်း၊ နို့စားနွားအကောင်ရေ ၀ ဒသမ ၁၁ သန်း၊ ကျွဲအကောင်ရေ ၁ ဒသမ ၈ သန်း၊ သိုးနှင့်ဆိတ်အကောင်ရေ ၂ ဒသမ ၁ သန်း၊ ဝက်အကောင်ရေ ၅ ဒသမ ၄သန်း၊ ဘဲငန်း၊ငုံး၊ မန်ဒါလီနှင့်ကြက်ဆင်အကောင်ရေ ၈ ဒသမ ၉ သန်းခန့် မွေးမြူထားပါကြောင်း၊ နေ့စဉ်စားသုံးမှုအတွက် တစ်ရက်လျှင် ကြက် အကောင်ရေ (၆)သိန်းဖြင့် တစ်လကို သိန်း(၁၈၀)ခန့်ထုတ်လုပ်ပါကြောင်း၊  ဥစားကြက် မွေးမြူမှု အနေဖြင့် ကောင်ရေ(၂၀၄) သိန်းခန့် ရှိပါကြောင်း၊ နေ့စဉ်ကြက်ဥ အလုံးရေ (၁၁၇) သိန်း ထုတ်လုပ်ပေးလျက်ရှိပါကြောင်း။

လက်ရှိအခက်အခဲမှာ မြေယာကိစ္စဖြစ်ပါကြောင်း၊ မွေးမြူရေးသမားများသည် လူသူ နီးကပ်သည့်နေရာတွင် မွေးမြူ၍ မရပါကြောင်း၊ လူနှင့်ဝေးကွာသည့်နေရာတွင် မွေးမြူရ ပါကြောင်း၊ ၂၀၀၀ ပြည့်နှစ် က ညောင်နှစ်ပင် မွေးမြူရေးဇုန်ကို ဖော်ဆောင်ပေးခဲ့ပါကြောင်း၊ မွေးမြူရေးသမားများအနေဖြင့် လက်ရှိငါးမွေးမြူရေး လုပ်ငန်းများအတွက် မြေယာ အသုံးချခွင့် ဧက(၅)သိန်းကျော် ရရှိထားပြီး မိမိတို့ အနေဖြင့် ဧက (၁၉၂၀)သာရှိပါကြောင်း၊ ယင်းအခက်အခဲများကြားမှ နေ့စဉ်ပြည်သူလူထု စားသုံးနိုင်ရေးအတွက် ရိက္ခာကို မွေးမြူရေး သမားများက ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ မွေးမြူရေး တိုးတက်မှုသည် အခြားနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက နောက်ကျနေပါကြောင်း၊ ယင်းမှာ မြေယာအခက်အခဲကြောင့် ဖြစ်ပါ ကြောင်း၊ မြေယာကို အခြားသုံးစွဲခွင့်ရရှိရေးအဓိက တင်ပြလိုပါကြောင်း။

လက်ရှိ မွေးမြူရေးပုံစံများကို တင်ပြလိုပါကြောင်း၊ ယနေ့မွေးမြူနေသူများ၏ ပုံစံသည် ကျေးလက်ပြည်သူများ၊ တစ်ပိုင်တစ်နိုင်မွေးမြူရေးသမားများနှင့် အသေးစား၊ အလတ်စား သမားများက မွေးမြူထားခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှု နည်းပါးသူများဖြစ်သည့်အတွက် ဝါးဖြင့်ဆောက်လုပ်၍ မွေးမြူသည့် ခြံ လက်ရှိ ၆၅ ရာခိုင်နှုန်း ရှိပါကြောင်း၊ သစ်သားဖြင့် ဆောက်လုပ်၍ မွေးမြူသည့် ခြံ ၂၅ ရာခိုင်နှုန်း ရှိပါကြောင်း၊ ငွေကြေး တတ်နိုင်သူများ အနေဖြင့် အလုံပိတ်စနစ်ဖြင့် မွေးမြူသည့် ခြံ  ၁၀ ရာခိုင်နှုန်း ရှိပါကြောင်း၊ တိုင်းရင်းကြက် များကို လွှတ်ကျောင်းမွေးမြူမှု အနေဖြင့် ၂ ရာခိုင်နှုန်းရှိပါကြောင်း၊ ယင်း ကိန်းဂဏန်းကို ကြည့်မည်ဆိုပါက မိမိတို့၏ ထုတ်လုပ်မှု တန်ဖိုး၊ စရိတ်မြင့်မည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ရရှိမှသာ ပြည်ပကို ယှဉ်၍ ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း။

ထို့ပြင် လက်ရှိဖြစ်ပျက်နေသည့် ဈေးကွက်အခက်အခဲသည် အင်မတန်မှ အရေးကြီး ပါကြောင်း၊ တစ်ပိုင်တစ်နိုင်မွေးမြူသည့် လုပ်ငန်းများကို ပြည်ပမှ ရင်းနှီးမြှုပ်နှံပြီး လာရောက် လုပ်ကိုင်နေသည့်သူများက မွေးမြူရေး သမားများ၏နေရာကို ဝင်လုပြီး လုပ်ကိုင်နေသည့် အခြေအနေ ဖြစ်နေပါကြောင်း၊ ၎င်းတို့သည် ငွေကြေးများများဖြင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများအပေါ် ဝင်ရောက်လုပ်ကိုင်နေခြင်းကြောင့် အသေးစား၊အလတ်စား မွေးမြူရေးသမားများ နေရာဖယ်ပေးရမည့် အခြေအနေဖြစ်နေပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ကြီးမားသူများ၏ မွေးမြူခြင်းနှင့် ထုတ်လုပ်ကုန်များကို တားမြစ်ခြင်း မဟုတ်ပါကြောင်း၊ သို့သော် ၎င်းတို့၏ ထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမှသာလျှင် အဆင်ပြေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်ပြီး ထုတ်ကုန်များကို ပြည်တွင်း၌ ရောင်းချနေမည်ဆိုပါက ထုတ်ကုန်နှင့် ဝယ်လိုအား မမျှတဘဲ စားသုံးမှုနေရာတွင် အသေးစားမွေးမြူရေးများက မယှဉ်ပြိုင်နိုင်ပါကြောင်း၊ ၎င်းတို့အနေဖြင့် ပြည်ပသို့ ဈေးကွက် ထိုးဖောက်ရှာဖွေပြီး ဖော်ဆောင်သင့်ပါကြောင်း။

ပြည်ပမှ အေးခဲအသားများ နယ်စပ်ဒေသမှ ဝင်ရောက်မှုများသည် မွေးမြူရေး သမားများကို လာရောက်ထိခိုက်နေပါကြောင်း၊ ယင်းကိစ္စများကိုလည်း နိုင်ငံတော်မှ တားမြစ် ပိတ်ပင်ပေးရန် လိုအပ်ပါကြောင်း၊ FDI လုပ်ငန်းများကိုလည်း ဥပဒေပြဋ္ဌာန်းရန် လိုအပ် ပါကြောင်း၊ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ ပျောက်မည့်အနေအထားမျိုး ကြုံတွေ့နေရပါကြောင်း၊ မွေးမြူရေးအစာ ထုတ်လုပ်မှုအပိုင်းအနေဖြင့် အဓိက တင်ပြ လိုသည်မှာ ပြောင်းကိစ္စဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် မွေးမြူရေးအစာ တန်ချိန်ပေါင်း သိန်း ၂၀ ၊ ၂၀၁၈ ခုနှစ်တွင် ၂၃ သိန်းနှင့် ၂၀၁၉ ခုနှစ်တွင် ၂၆ သိန်းခွဲ ထုတ်လုပ်ခဲ့ပါကြောင်း၊ ယခု ၂၀၂၀ပြည့်နှစ်တွင် သိန်း ၃၀ ထုတ်လုပ်နိုင်ရန် လျာထားပါကြောင်း၊ လက်ရှိ ပြောင်း ထွက်ရှိမှု ပမာဏနှင့် သုံးစွဲမှုပမာဏသည် တစ်ဝက်နီးပါး ဖြစ်ပါကြောင်း၊ ပြည်ပသို့ တင်ပို့ရောင်းချနေမှုသည် ထုတ်လုပ်မှုပမာဏနည်းပါးပါကြောင်း၊ ထို့ကြောင့် ပြည်တွင်း ပြောင်းဈေးသည်  လက်ရှိတွင် ဈေးနှုန်းမြင့်တက်မှုနှင့်အတူ ထုတ်လုပ်မှု ခက်ခဲလာ ပါကြောင်း၊ ပြည်ပသို့ရောင်းချနေမှုကို ကန့်ကွက်ခြင်းမဟုတ်ပါကြောင်း၊ ပြည်တွင်း လုံလောက်မှုရှိအောင် ညှိနှိုင်းပြီး ရောင်းချပေးစေလိုပါကြောင်း။

ပဲပုတ်ကို ပြည်ပမှ တင်သွင်းနေရပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ပဲပုတ်တန်ချိန်ပေါင်း ၆၆၅၀၀၀ တင်သွင်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် တန်ချိန်ပေါင်း ၈ သိန်း တင်သွင်းရန် ခန့်မှန်း ထားပါကြောင်း၊ ပြည်ပမှ တင်သွင်းရသည့် ပဲပုတ်သည် နိုင်ငံခြားငွေနှင့် သုံးစွဲနေရခြင်း ဖြစ်ပါကြောင်း၊ အမှန်တကယ် ပဲပုတ်ကို တင်သွင်းလိုခြင်း မဟုတ်ပါကြောင်း၊ ယခင် ၁၀ နှစ်က ပြည်တွင်း ထုတ်လုပ်သည့် ပဲဖတ်နှင့်နှမ်းဖတ်များကို အဓိက သုံးစွဲခြင်းဖြစ်ပါကြောင်း၊ ယနေ့  ပဲဖတ်နှင့် နှမ်းဖတ်သည် ပဲပုတ်ဈေးထက်များနေပြီး ထုတ်လုပ်မှုသည်လည်း လုံလုံ လောက်လောက် မရရှိခြင်းကြောင့် ပဲပုတ်ကို အစားထိုး တင်သွင်းရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံဖြစ်သည့်အတွက် ပဲပုတ်ကို လုံလုံလောက်လောက် စိုက်ပျိုးပေးနိုင်မည်ဆိုပါက ပြည်ပငွေကြေး သုံးစွဲမှုကို လျှော့ချနိုင်ပြီး ပြည်တွင်း စားသုံးသည့် ဆီကိုလည်း ရရှိမည်ဖြစ်ပါကြောင်း၊ ယင်းကိစ္စကို စိုက်ပျိုးရေးဘက်မှ အကျယ်တဝင့် ကူညီဆောင်ရွက်ပေးပါက မွေးမြူရေး လောကအတွက် အင်အားရရှိမည်ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြသည်။

ဆွေးနွေးတင်ပြချက်များ နှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က မိမိတို့နိုင်ငံအား စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံပြီး တိုးတက်ဖွံ့ဖြိုးသည့် စက်မှုနိုင်ငံ ဖြစ်စေ လိုပါက အသေးစားနှင့် အလတ်တန်းစားလုပ်ငန်းများကို အားပေးရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး အစားအစာကို ပိုမိုစိတ်ဝင်စားလာကြပါကြောင်း၊ ကျန်းမာရေး နှင့် ကိုက်ညီသည့် အော်ဂဲနစ်အစားအစာများကို ပိုမို စားသုံးလိုကြပါကြောင်း။

ငါးပုစွန်မွေးမြူရေးနှင့် ပတ်သက်၍လည်း ယခုကိုဗစ်ကာလတွင် ထိခိုက်မှု နည်းပါးစေရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် စဉ်းစားရမည် ဖြစ်ပါကြောင်း၊ ဈေးကွက်ကို မိမိကိုယ်တိုင် ဖန်တီးရန် လိုအပ်ပါကြောင်း၊ ဈေးကွက်ရှာခြင်းနှင့် ဈေးကွက် ဖန်တီးခြင်းသည် မတူညီပါကြောင်း၊ ဈေးကွက်ရှာခြင်းသည် ရှိပြီးသားဈေးကွက်ကို လိုက်ရှာခြင်းဖြစ်ပါ ကြောင်း၊ ဈေးကွက်ဖန်တီးခြင်း၊ ဈေးကွက်ထွင်ခြင်းသည် မိမိတို့ ထုတ်လုပ်နိုင်သည့် ပစ္စည်းများကို အခြားသူများဝယ်ချင်အောင် လုပ်ဆောင်ရခြင်း ဖြစ်ပါ ကြောင်း၊ နှစ်ခုစလုံး သည် အရေးကြီးပါကြောင်း၊ နိုင်ငံအတွက် သွားသင့်သည့် လမ်းကြောင်း အပေါ် အခြေခံပြီး ရေရှည်အတွက် စီစဉ်ရမည်ဖြစ်ပါကြောင်း၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများနှင့် အရည်အသွေးကို ထိန်းသိမ်းနိုင်သည့် အသေးစားလုပ်ငန်းများကို အားပေးလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ငါးအမျိုးအစားပေါင်း များစွာရှိပါကြောင်း၊ မြန်မာနိုင်ငံကထွက်သည့် ငါးအမျိုးအစား အနည်းငယ်ကိုသာ နိုင်ငံခြားသားများက သိရှိ ပါကြောင်း၊ ကျန်ငါးအမျိုးအစားများကိုလည်း သိရှိလာအောင်နှင့် ဈေးကွက်ရှာဖွေပေးခြင်း တို့ကို ဆောင်ရွက်စေလိုပါကြောင်း၊ ကြာရှည်ထားရန် မလွယ်သည့် ရေထွက်ပစ္စည်းများကို ကြာရှည်ထားနိုင်သော တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်နိုင်ပါက ငါးပုစွန် ကဏ္ဍအတွက် အလွန်အကျိုးအမြတ်ရှိမည်ဟု ထင်ပါကြောင်း။

နိုင်ငံတစ်နိုင်ငံတွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို အသေလုပ်ထားခြင်း မဟုတ်ပါ ကြောင်း၊ နိုင်ငံ၏လိုအပ်ချက်အရ ပြောင်း၍ရပါကြောင်း၊ ပြောင်းလဲမည်ဆိုပါက အဖက်ဖက်ကို သုံးသပ်ရကြောင်း၊  စီးပွားရေးအရ ပြောရလျှင် Business Confident ယုံကြည်မှုရှိရန် အားလုံးက ဝိုင်းဝန်းဆောင်ရွက်ရပါကြောင်း၊ စီးပွားရေးလုပ်ရန် သင့်တော် သည့်၊  ကောင်းမွန်သည့် ပတ်ဝန်းကျင်ဖြစ်ရန် လိုပါကြောင်း၊ ဥပဒေနှင့်ဆက်စပ်ပြောရလျှင် တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတိုင်းအတွက် အရေးကြီးပါကြောင်း၊ ထို့ကြောင့် တရား ဥပဒေစိုးမိုးရေးကို အင်မတန်မှ အလေးထားပါကြောင်း၊ တရားဥပဒေစိုးမိုးရေးရှိမှ နိုင်ငံ တစ်နိုင်ငံက တည်ငြိမ်မည်ဖြစ်ပါကြောင်း၊ သို့မှသာ နိုင်ငံအတွင်း နေထိုင်သည့် ပုဂ္ဂိုလ်များ အားလုံးနှင့် လာရောက် စီးပွားရေးလုပ်နေကိုင်နေသည့် ပြင်ပကပုဂ္ဂိုလ်များအားလုံး လုံခြုံမှုရှိမည်ဖြစ်ပြီး အနာဂါတ်အတွက် အာမခံချက်ရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တရားဥပဒေ စိုးမိုးရေးသည် အင်မတန်မှ အရေးကြီးပါကြောင်း။ စီးပွားရေးကဏ္ဍနှင့်လည်း အင်မတန်မှ နီးနီးကပ်ကပ် ပတ်သက်မှုရှိပါကြောင်း။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန်အတွက်ဆိုလျှင် မိမိတို့နိုင်ငံသည် အဖက်ဖက်မှ တိုးတက်နိုင်သည့် အလားအလာရှိကြောင်းကို ပြသရန် အင်မတန် အရေးကြီး ပါကြောင်း၊ နိုင်ငံအတွင်းက လုပ်သားများ၏ အရည်အချင်းသည်လည်း အရေးပါ ပါကြောင်း၊ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကြသည့် မိမိတို့နိုင်ငံသား အများစုသည် ရေလုပ်ငန်း များနှင့် ဆက်စပ်သည့်လုပ်ငန်းများတွင် လုပ်ဆောင်နေကြပါကြောင်း၊ ကိုဗစ်ကာလတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ အလုပ်သမားပေါင်းများစွာ သိန်းနှင့်ချီ ပြန်လာကြပါကြောင်း၊ ယနေ့အထိ နေ့စဉ်ထောင်ကျော် ပြန်လာနေကြပါကြောင်း၊ ထိုင်းတွင် အလုပ်လုပ်သည့် မြန်မာနိုင်ငံက အလုပ်သမားများသည် ထိုင်းသို့ ပြန်သွားပြီး အလုပ်လုပ်ရန် အခက်အခဲများ ရှိနိုင်ပါကြောင်း၊ ၎င်းတို့တွင် ကျွမ်းကျင်မှုများ ရှိပါကြောင်း၊ မိမိ လိုအပ်ချက်နှင့် နိုင်ငံတော်၏ လိုအပ်ချက်နှစ်ခုကို ဆက်စပ်ပြီး လုပ်နိုင်မည်ဆိုပါက အားလုံး အတွက် များစွာအကျိုး ရှိပါကြောင်း၊ ရေလုပ်ငန်း၊ ငါးပုစွန် လုပ်ငန်းများကို နိုင်ငံတော်က အားပေးပါကြောင်း၊ တစ်ချိန်ထဲတွင် နိုင်ငံတော်၏ အဓိက မူဝါဒတစ်ခု ဖြစ်သည့် အလုပ် အကိုင် ဖန်တီးရေးအတွက် လုပ်ငန်းရှင်များကလည်း ဝိုင်းဝန်းကူညီပေးစေလိုပါကြောင်း။

မည်သည့်လုပ်ငန်းဖြစ်စေ နိုင်ငံတော်၏ မူဝါဒတစ်ခုဖြစ်သည့် အသက်မွေး ဝမ်းကျောင်း ပညာကို အားပေးခြင်းနှင့် ဆက်စပ်၍ စဉ်းစားပေးစေလိုပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်သည့် အသက်မွေးဝမ်း ကျောင်းပညာကျောင်းများ၊ သင်တန်းများ၊ အသက်မွေးဝမ်းကျောင်းပညာ ရေတို၊ ရေရှည်သင်တန်းများကို လုပ်ငန်းရှင်များနှင့် အစိုးရ ဘက်က စဉ်းစားစေလိုပါကြောင်း။

မိမိတို့နိုင်ငံတွင် အားတက်စရာကောင်းသည်မှာ ကိုဗစ်အချိန်တွင် အားလုံးက ဝိုင်းပြီး ပူးပေါင်းဆောင်ရွက်ကြပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး ပံ့ပိုးကြပါကြောင်း၊ ယင်းမှာ ကိုဗစ် ကာလ၏ အကျိုးဆက် ကောင်းကျိုး တစ်ခုဖြစ်ပါကြောင်း၊ ယင်းကို ဆက်လက် ထိန်းသိမ်း ထားစေလိုပါကြောင်း၊ ကိုဗစ်ကာလအတွင်းရသည့် သင်ခန်းစာများကို ဆက်လက် ထိန်းသိမ်း ထားနိုင်မည်ဆိုပါက များစွာတိုးတက်နိုင်ပါကြောင်း၊ ငါး၊ ပုစွန် လုပ်ငန်းသည် ကိုဗစ်ကာလ တွင် ဆက်လက်လုပ်ဆောင်နိုင်သည့် လုပ်ငန်းတစ်မျိုး ဖြစ်ပါကြောင်း၊ ကျန်းမာရေး လိုအပ်ချက်များနှင့် ကိုက်ညီအောင် လုပ်နိုင်သည့် လုပ်ငန်း မျိုးဖြစ်ပါကြောင်း။

ငါးပုစွန်ကဏ္ဍတွင် ပြည်ပက မသိသေးသည့် ငါးမျိုးများကို ပြည်ပက သိရှိအောင်၊ လိုချင်အောင်၊  တောင်းဆိုချက်များ များလာအောင် လုပ်နိုင်မည်ဆိုပါက အကျိုးအမြတ် ရှိနိုင်ပါကြောင်း၊ မြန်မာနိုင်ငံက ထွက်သည့်ပစ္စည်း များသည် တချို့နိုင်ငံတွင် အင်မတန်မှ ဈေးကြီးကြီးဖြင့် ဝယ်ရပါကြောင်း၊ ခရင်းကမာနှင့် ဂဏန်းပျော့ဆိုလျှင် အချို့ အနောက် နိုင်ငံများတွင် ရှားပါးပြီး အလွန်ဈေးကြီးပါကြောင်း၊ ယင်းပစ္စည်းမျိုးကို ဆန်းသစ်တီထွင်မှုဖြင့် ကမ္ဘာ့ဈေးကွက်ပေါ်တွင် တိုး၍ရအောင်၊ ပြည်တွင်း၌လည်း နိုင်ငံခြားသားများ စားသည့်အခါ အရသာတွေ့အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပပို့ကုန်အနေဖြင့် များစွာတန်ဖိုးရှိ သွားနိုင်ပါကြောင်း။

မိမိတို့နိုင်ငံတွင် နှစ်အနည်းအငယ်အတွင်း ဆိတ်မွေးမြူရေး တိုးတက်လာသည်ကို သိရပါကြောင်း၊ ဆိတ်များသည် မွေးမြူရလွယ်ကူပြီး အညာဒေသ၏ ရာသီဥတုနှင့် ကိုက်ညီပါကြောင်း၊ အညာဒေသမှ ပြည်သူများသည်လည်း ဆိတ်နှင့် ယဉ်ပါးနေသည့် အတွက် ဆိတ်မွေးမြူရေးသည် ခက်ခက်ခဲခဲ မဟုတ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် နွားမွေးမြူရေးကို အားသန်ပုံ မရပါကြောင်း၊ နွားမွေးမြူရေးသည် နို့ထွက်ပစ္စည်းများကြောင့် အရေးကြီးပါ ကြောင်း၊ မိမိတို့နိုင်ငံသို့ ဝင်လာသည့် နို့မှုန့်၊ နို့စိမ်းစသည့် ပစ္စည်းများကို ထုတ်နိုင်မည်ဆိုပါက တင်သွင်းစရာလိုတော့မည် မဟုတ်ပါကြောင်း၊ တချို့ အရှေ့တောင် အာရှနိုင်ငံများ၏ ရာသီဥတုနှင့် မိမိတို့နိုင်ငံ၏ ရာသီဥတုသည် မကွာခြားလှပါကြောင်း၊ ၎င်းနိုင်ငံများတွင် နွားမွေးမြူရေး၊ နို့ထွက်ပစ္စည်းထုတ်လုပ်ရေးကို အောင်မြင်မြင် လုပ်ဆောင်နိုင်လျှင် မိမိတို့နိုင်ငံတွင်လည်း မလုပ်နိုင်စရာ အကြောင်းမရှိပါကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် နယ်စပ်မှ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်မှုကို နိုင်ငံတော်အစိုးရက တတ်နိုင်သမျှ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းပြည်ပ နှစ်ခုဆက်စပ်နေသည့် ကိစ္စရပ်ကို များစွာချင့်ချိန်ဆောင်ရွက်ရပါကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု မလိုအပ်သည့်အဆင့် မရောက် သေးပါကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုကို အတိုင်းအတာတစ်ခုအထိ အားကိုးနေရသေး ပါကြောင်း၊ သို့မှသာ မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှုသည် အရှိန်အဟုန်ဖြင့် သွားနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် တချို့နေရာများတွင် ပြည်တွင်းနှင့် ပြည်ပ နှစ်ဖက်ချိန်ခွင်လျှာ ညီမျှအောင်ဆိုလျှင် ပြည်တွင်းကလည်း ပိုမိုဝါယမစိုက် ထုတ်ရမည် ဖြစ်ပါကြောင်း၊ ပြည်သူများ၏ အရည်အချင်း ပိုမိုတိုးတက်လာစေရန်၊ ပြည်တွင်းနှင့် သက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းများ ပိုမိုဆီလျော်စေအောင် လုပ်ဆောင်ပေး၍ ရပါကြောင်း၊ ပြည်ပမှ လာရောက်လုပ်ကိုင်သူများကို ယှဉ်ပြိုင်၍မရအောင် ကန့်သတ်မှုများ ဆောင်ရွက်မည်ဆိုလျှင် ပြည်ပမှ လာရောက်လုပ်ကိုင်မည့် စီးပွားရေးလုပ်ငန်းများ များစွာကျဆင်းသွားမည် ဖြစ်ပါကြောင်း၊ ကျဆင်းသွားပါက မိမိတို့၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းကိစ္စကို အမြဲချိန်ဆ နေရပါကြောင်း၊ ပြည်တွင်းကို တိုးတက် စေလိုပါကြောင်း၊ မိမိပြည်တွင်းကိုသာအားကိုး နိုင်ခြင်းသည် အကောင်းဆုံး ဖြစ်ပါကြောင်း။

ပြည်ပမှ ကျွမ်းကျင်သည့်ပုဂ္ဂိုလ်များကို များစွာအားကိုးရသည့်အခါ ၎င်းတို့မလာ ရောက်နိုင်သည့်အခါတွင် လုပ်ငန်းများ ဆက်လက်လည်ပတ်၍ မရပါကြောင်း၊ မိမိတို့နိုင်ငံ အတွင်း၌ ကျွမ်းကျင်သည့် ပုဂ္ဂိုလ်များ လုံလုံလောက် လောက်ရှိပါက ယင်း ပြဿနာ မရှိနိုင် ပါကြောင်း၊ ပြည်တွင်းအား မပြည့်သေးသည့်အတွက် ပြည်ပအားကို အတိုင်းအတာ တစ်ခုအထိ အသုံးပြုနေရခြင်းဖြစ်ပါကြောင်း၊ အကျိုးအမြတ်ရှိမှသာ လာရောက် ရင်းနှီးမြှုပ်နှံမည် ဖြစ်ပါကြောင်း၊ ပြည်ပမှ စီးပွားရေးလုပ်ငန်းများအနေဖြင့် မည်သို့မျှ အကျိုးအမြတ်မရှိဘဲ လာရောက်ရင်းနှီးမြှုပ်နှံမည် မဟုတ်ပါကြောင်း၊ ပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံချင်အောင် ဆွဲဆောင်မှုပေးရန်လည်း လိုအပ်ပါကြောင်း။

နယ်စပ်မှ တရားမဝင်သည့် ပစ္စည်းများ၊ အဆင့်မမီသည့် ပစ္စည်းများ တင်သွင်းခြင်း များကို တရားဉပဒေစိုးမိုးရေးဘက်မှ တတ်နိုင်သမျှ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွင်းက အရည်အသွေး မြင့်တက်နိုင်အောင် မိမိတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းရ မည်ဖြစ်ပါကြောင်း၊ ယင်းကိစ္စကို နိုင်ငံတော်အစိုးရပဲ လုပ်၍ မရပါကြောင်း၊ နိုင်ငံတော် အစိုးရ လုပ်ဆောင်နိုင်သည်မှာ ပညာရေးဖြစ်ပါကြောင်း၊ ပညာရေးဘက်ဆိုင်ရာတွင် မိမိတို့ ပြည်သူများ အရည်အသွေးမြင့်လာစေရန် အစိုးရက လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ အလုပ်လုပ်ရင်းဖြင့် လုပ်သားများ အရည်အချင်းမြင့်တက်သွားစေရန်၊ လုပ်ရည်ကိုင်ရည် တစ်ချိန်လုံးတိုးတက်စေရန် လုပ်ငန်းရှင် များကလည်း အတိုင်းအတာတစ်ခုအထိ တာဝန်ယူ စေလိုပါကြောင်း၊ မိမိလုပ်ငန်းတွင် လုပ်ကိုင်နေသည့်လုပ်သားများကို အနာဂတ်အတွက် အလားအလာရှိသည့် ပြည်သူများအဖြစ် မြင်စေလိုပါကြောင်း၊ လုပ်ငန်းခွင်တွင် ရှိနေသည့် အချိန်အခါတွင် လုပ်ငန်းကျွမ်းကျင်မှုများ ဖြစ်လာစေလိုပါကြောင်း၊ လုပ်ငန်းကို စိတ်ပါဝင်စား စေလိုပါကြောင်း၊ အလုပ်သမားတစ်ယောက်သည် ၎င်း၏အလုပ်ကို သေချာစွာ ကောင်းကောင်းမွန်မွန် လုပ်ဆောင်ရန် ဆိုလျှင် အလုပ်ကို တန်ဖိုးထားတတ်ရမည်၊ ဂုဏ်ယူ နိုင်ရမည် ဖြစ်ပါကြောင်း။

လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ အလုပ်သမားများကို မိမိနိုင်ငံအတွက် အလား အလာရှိသည့် ပြည်သူများဆိုသည့်အမြင်ကို မပျောက်ကွယ်စေဘဲ ပြုစုပျိုးထောင်ပေးရမည် ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့်လည်း ချေးငွေရရှိရေး၊ လိုအပ်သလို စည်းမျဉ်းစည်းကမ်း၊ ဥပဒေများပြောင်းလဲပြုပြင်ရေးကို တတ်နိုင်သမျှ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ လုံလောက်သည့် ရေရရှိရေး၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများ၊ ချေးငွေ ရရှိရေး ကိစ္စများကို နိုင်ငံတော်က ကြည့်ရှုပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ နယ်စပ်သည် ရှည်လျား ပါကြောင်း၊ တစ်နိုင်ငံထက်မက နယ်စပ်ချင်းဆက်စပ်နေပါကြောင်း၊ ထိုသို့ဆက်စပ်နေသည့် အတွက် တစ်နိုင်ငံလုံး လုံခြုံအောင် လုပ်ဆောင်ရန် ယခုအချိန်ထိ မဖြစ်မြောက်သေး ပါကြောင်း၊ ယင်းကိစ္စကိုလည်း ဦးတည်ဆောင်ရွက်နေပါကြောင်း၊ တရားမဝင် ကုန်သွယ်မှု များလည်း များပြားပါကြောင်း၊ ယင်းကိစ္စများကိုလည်း ကာကွယ်တားဆီးရန် တစ်ချိန်လုံး ကြိုးစားရပါကြောင်း၊ စီးပွားရေးတိုးတက်လာသည်နှင့်အမျှ ကာကွယ်တားဆီးရေးကိစ္စများ လုပ်ဆောင်နိုင်သည့်အစွမ်းလည်း တိုးတက်လာမည် ဖြစ်ပါကြောင်း၊ လုံခြုံရေး လုံလုံလောက် လောက်ရှိစေအောင် လုပ်ဆောင်ခြင်းသည် ငွေရေးကြေးရေးနှင့် သက်ဆိုင်ပါကြောင်း၊ နောက်ဆုံးတွင် နိုင်ငံ၏ တိုးတက်ရေးသည် ပြည်သူလူထု၏ အရည်အသွေး၊ အရည်အချင်းနှင့် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုအပေါ်တွင် အခြေခံပါကြောင်း။

ကိုဗစ်-၁၉ ကိစ္စကို အကြောင်းပြု၍ ယနေ့တွေ့ဆုံရသည့်အခါတွင် မိမိတို့နိုင်ငံ အတွက် အားတက်စရာကောင်းသည်မှာ နိုင်ငံက ချမ်းသာမှုမရှိသော်လည်း ကိုဗစ်-၁၉ ကို ယခုအချိန်ထိ ထိထိရောက်ရောက်ကိုင်တွယ်နိုင်ပါကြောင်း၊ နောက်ပိုင်း ရောဂါတွေ့ရှိသည့် ပြည်သူများသည် ပြည်ပမှ ကူးစက်ခဲ့သူများဖြစ်ပါကြောင်း၊ ပြည်တွင်းမှကူးစက်မှု မရှိသည်မှာ ကြာမြင့်ပြီဖြစ်ပါကြောင်း၊ အခြားနိုင်ငံများတွင် နှစ်ပတ်ကျော်ကျော်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိလျှင် ကိုဗစ်-၁၉ ကင်းစင်လွတ်မြောက်ပြီဟု ကြေညာသည့် နိုင်ငံများ ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ထိုသို့ပြော၍မရပါကြောင်း၊ ပြည်တွင်းတွင် ကူးစက်မှု မရှိသော်လည်း မိမိတို့၏ ပြည်သူများ ပြည်ပမှ ကူးစက်ခဲ့ကြပါကြောင်း၊ မိမိတို့နိုင်ငံတွင် ယခုကဲ့သို့ ထိန်းချုပ်နိုင်ခြင်းမှာ အားလုံးပူးပေါင်းဆောင်ရွက်မှုကြောင့်ဟု ယုံကြည်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များကလည်း တတ်နိုင်သမျှ ပံ့ပိုးလှူဒါန်းပါကြောင်း၊ အစိုးရ အနေဖြင့်လည်း စီးပွားရေးကဏ္ဍတွင် တတ်နိုင်သမျှ လုပ်ဆောင်ပေးပါကြောင်း၊ စတင် ဆောင်ရွက်ခဲ့သည့် အချိန်ကပင် ကျန်းမာရေးဘက်က ကြည့်ရုံဖြင့် မလုံလောက်ကြောင်း၊ စီးပွားရေးဘက်ကလည်း ကြည့်ရမည်ကို သိရှိပါကြောင်း၊ ကိုဗစ်-၁၉ ၏ အကျိုးဆက်သည် စီးပွားရေးအပေါ်သက်ရောက်မှု များစွာရှိနိုင်သည်ဆိုသည့် အမြင်ဖြင့် အစောပိုင်း ကတည်းကပင် ပြင်ဆင်ထားသည့်အတွက် ယခုအချိန်ထိ ရပ်တည်နိုင်ခြင်းဖြစ်ပါကြောင်း။

မိမိအနေဖြင့် မကြာခဏသတိပေးနေသည်မှာ ကိုဗစ်-၁၉ ကိစ္စသည် မပြီးပြတ်သေး ပါကြောင်း၊ ယင်းစိန်ခေါ်မှုသည် အဆုံးအထိ မရောက်သေးပါကြောင်း၊ ဆက်လက်ရပ်တည် ရုန်းကန်ကြိုးစားရမည်ဖြစ်ပါကြောင်း၊ ပြည်ပမှပြန်လည်ဝင်ရောက်လာသည့် အလုပ်သမား များ အလုပ်အကိုင်ရရှိရေးကို နိုင်ငံတော်က ကြိုးစားဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များကလည်း ကြိုးစားပေးစေလိုပါကြောင်း၊ အားလုံး ပူးပေါင်း ဆောင်ရွက် မည်ဆိုပါက ရေရှည်တွင် အားလုံးအတွက် အကျိုးရှိမည်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံသားများအနေဖြင့် ပြည်ပတွင် သွားရောက်၍ အလုပ်မရှာဖွေရအောင်နှင့် ပြည်တွင်း လုပ်ငန်းများလည်း ပိုမိုကျွမ်းကျင်သည့်အလုပ်သမားများ ရရှိပြီး ပိုမိုတိုးတက်လာနိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နှစ်ဦးနှစ်ဖက်အတွက် အကျိုးရှိပါကြောင်း၊ နိုင်ငံတော် အနေဖြင့် အားလုံးအတွက် အကျိုးရှိအောင် တတ်နိုင်သမျှ ကြိုးစား ဆောင်ရွက် ရပါကြောင်း၊  ထိုသို့ကြိုးစားဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် ဘက်မလိုက်ပါကြောင်း၊ အလုပ်သမားနှင့် လုပ်ငန်းရှင် နှစ်ဖက်စလုံးသည် နိုင်ငံသူနိုင်ငံသားများ၊ မိမိတို့နိုင်ငံ၏ သားသမီးများ ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဘက်မှ လိုအပ်သည့်အကူအညီများကိုလည်း ပွင့်ပွင့်လင်းလင်း ပြောကြားသည့်အတွက် ဝမ်းသာမိပါကြောင်း၊ လိုအပ်ချက်များအတွက် အစိုးရကို ပြောနိုင်ရမည် ဖြစ်ပါကြောင်း၊ လောကတွင် ရုန်းကန်ရသည်ဆိုခြင်းမှာ အရည်အချင်း၊ အရည်အသွေး တိုးတက်ရန်နှင့် ခံနိုင်ရည် ရှိရန်ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံသည် ချမ်းသာမှုမရှိသေးသော်လည်း အားမငယ်စေလိုပါကြောင်း၊ အားလုံး ဝိုင်းဝန်းပူးပေါင်း၍ ရုန်းကန်နိုင်သည့်အင်အားသည် မိမိတို့နိုင်ငံ၏ မျှော်လင့်ချက် ဖြစ်ပါကြောင်း၊ မျှော်လင့်ချက်သာမကဘဲ မိမိတို့နိုင်ငံ၏ အနာဂတ်အတွက် အာမခံချက် ဖြစ်ပါကြောင်း၊ ဝင်ရောက်ဆွေးနွေးကြသည့်အတွက် အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ယခုကဲ့သို့ Video Conferencing များတွင် ပြောကြားသည့်အချက်များကို မှတ်သားထားပါကြောင်း၊ သက်ဆိုင်ရာဌာနများကလည်း ယင်းအချက်များကို မည်သို့ ဆက်လက်ဆောင်ရွက်မည်ကိုလည်း လေ့လာ၍ ဆက်လက်ပြီး အလေးထား ဆောင်ရွက် ကြစေလိုပါကြောင်းနှင့် အားလုံးကျန်းမာကြပါ စေကြောင်း ပြောကြားသည်။

 (သတင်းစဉ်)

Newspaper



    • Vol.VII, No. 111, Wednesday, 5 August 2020


      • Publisher : New Light
      • Publication Date : 2020
      • Page : 16
      • Language : English
      • Download
    • Vol. VII, No.110, Tuesday, 4 August 2020


      • Publisher : New Light
      • Publication Date : 2020
      • Page : 15
      • Language : English
      • Download
    • Vol. VII, No.109, Monday, 3 August 2020


      • Publisher : New Light
      • Publication Date : 2020
      • Page : 15
      • Language : English
      • Download