ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြား လိုအပ် ချက်များ ဆောင်ရွက်ပေးနိုင်ရေး အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြား လိုအပ် ချက်များ ဆောင်ရွက်ပေးနိုင်ရေး အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Information/ နေပြည်တော် / June 05, 2020
နေပြည်တော် ဇွန် ၄
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့်အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ပိုင်း တွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက် ကြသည်။
အမှာစကား ပြောကြား
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားသည်။
ညှိနှိုင်းဆောင်ရွက်ပေး
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက တိုင်း ဒေသကြီးနှင့် ပြည်နယ် များ အလိုက် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီများ၏ ဆောင်ရွက်နေမှု၊ တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းများတွင် ယနေ့အထိ Rapid Test Kit ဖြင့် ၃၄၃၇ ဦး၊ PCR နည်းဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဌာန(ရန်ကုန်)တွင် ၂၇ ဦး တပ်မတော်ဆေးသုတေသနတပ်တွင် ၂၀၆ ဦး၊ အမှတ်(၁) တပ်မတော် ဆေးရုံကြီးတွင် ၅၄၃ ဦးနှင့် အမှတ် (၃) တပ်မတော်ဆေးရုံတွင် ၂၇ ဦး စုစုပေါင်း PCR နည်းဖြင့် ၈၀၃ ဦး၊ Cobas 6800 နည်းဖြင့် အမှတ်(၁)တပ်မတော်ဆေးရုံကြီးတွင် ၈၂၄ ဦး၊ အမှတ်(၂) တပ်မတော်ဆေးရုံကြီးတွင် ၆၇၀ စုစုပေါင်း Cobas 6800 နည်းဖြင့် ၁၄၉၄ ဦး စစ်ဆေးပေးနိုင်ခဲ့ပြီး ပိုးတွေ့ရှိသူ ငါးဦးရှိသည့် အခြေအနေ၊ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့် အရာရှိ၊ စစ်သည် ၁၈ ဦးအနက် လေးဦးတွင် ရောဂါပိုး တွေ့ရှိရပြီး တပ်မတော်အသည်းရောဂါ အထူးကုဆေးရုံကြီးတွင် ဆေးဝါး ကုသမှု ခံယူလျက် ရှိကာ ကျန်းမာရေး ကောင်းမွန်လျက်ရှိသည့် အခြေအနေ များကို ဆွေးနွေး တင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။
အကျိုးရှိစေမည်
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် မှ ပြည်သူ့ ဆေးရုံ များသို့ ဆေးအကာ အကွယ်ပစ္စည်းများလှူဒါန်းမှုနှင့် ဆေးရုံတက်လူနာများအား အာဟာရ ဖြည့်စွက် စာကျွေးမွေးမှုသည် ကောင်း မွန်သည့် ဆောင်ရွက်မှုများဖြစ်ပြီး ဆေးရုံ တက်ရောက် နေသည့် လူနာ များနှင့် ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် စားရေး သောက်ရေးတွင် အခက် အခဲများ ကြုံတွေ့ရနိုင်ကြောင်း၊ ထို့ကြောင့် ပြည်နယ်နှင့် တိုင်းဒေ သ ကြီးများ အလိုက် လူနာများပြားသည့် ဆေးရုံများတွင် တန်ဖိုးသင့် ထမင်း၊ ဟင်းလျာများ ရောင်းချ ပေးခြင်း အားဖြင့် လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေး ဝန်ထမ်းများအတွက် အကျိုးရှိ စေမည်ဖြစ်ကြောင်း။
ကြိုတင် ကာကွယ်ပြင်ဆင်
COVID-19 ရောဂါနှင့် တုပ်ကွေး ရောဂါတို့သည် ရောဂါလက္ခဏာအချို့ တူညီနေသဖြင့် အဆိုပါ အချက်အလက်များကို ပြည်သူလူထုသိရှိအောင် ပညာပေးမှုများ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျရောက် လာနိုင်သော သဘာ၀ဘေးအန္တရာယ် တို့အတွက် ကြိုတင် ကာကွယ်ပြင်ဆင် မှုများကိုဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံများ တွင် COVID-19 နှင့် အခြားရောဂါများ ဖြစ်ပေါ်လျက်ရှိရာ ဆက်စပ်လျက်ရှိသော နယ်မြေများတွင် အထူးသတိထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး