ကာကွယ်ဆေးထိုးနှံခြင်းသည် အကောင်းဆုံးကာကွယ်နည်း

ကာကွယ်ဆေးထိုးနှံခြင်းသည် အကောင်းဆုံးကာကွယ်နည်း


Ministry of Information/ Naypyitaw / March 23, 2022
image_latest


ကမ္ဘာပေါ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ပိုး(ကိုဗစ်-၁၉) ရောဂါသည် ၂၀၂၀ ပြည့်နှစ်တွင် စတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၀-၂၀၂၁ ခုနှစ် ရောဂါ ကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်း၊ တတိယလှိုင်း ကာလများအတွင်း ပြည်သူများ၏ဘဝများနှင့် အသက်ခန္ဓာများစွာ ထိခိုက်ဆုံးရှုံး ခဲ့ရသည်။ ထို့နောက် ၂၀၂၂ ခုနှစ်တွင် ကိုဗစ်-၁၉ စတုတ္ထလှိုင်း ထပ်မံဖြစ်ပွားလာပြီး တစ်ဆက်တည်းတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးသစ်များ ဆက်လက်ပြန့်ပွားလာသည်။

ကမ္ဘာပေါ်တွင် ကူးစက်ရောဂါကပ်ဘေးဆိုးကြီး ဆက်လက်ဖြစ်ပွားရာ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါသည် မျိုးရိုးဗီဇပြောင်းလဲပြီး ဒယ်လ်တာ၊ အိုမီခရွန်စသည်ဖြင့် မျိုးကွဲသစ်များ ပေါ်ထွက်လာသည်။ ယခုအခါတွင် SARS-COV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးသစ်တစ်မျိုး ထပ်မံတွေ့ရှိပြန်ရာ ကမ္ဘာပေါ်တွင် ကူးစက်ရောဂါပျံ့နှံ့ဖြစ်ပွားနေမှု အနေအထား၊ ကူးစက်ရောဂါ ပိုးသစ်တို့၏သဘာဝနှင့် ပြည်သူများ ရောဂါကူးစက်ခံရခြင်းမရှိအောင် နေထိုင်ပြုမူ လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို သိရှိနားလည်ထားကြရန် လိုအပ်ပေသည်။

ကမ္ဘာပေါ်ရှိနိုင်ငံအချို့တွင် ယခုရက်ပိုင်းကာလ၌ တစ်ရက်တာအတွင်း ရောဂါပိုးကူးစက်ခံရသူ သိန်းသောင်းဂဏန်း တွေ့ရှိရသည့်သတင်းများကို မြင်တွေ့ရမည် ဖြစ်သည်။ အိုမီခရွန်နှင့် ရောဂါမျိုးကွဲသစ်ဘီအေ-၂ ဗီဇပြောင်းဗိုင်းရပ်စ်ပိုးသစ်သည် ကူးစက်မှုနှုန်း အလွန်မြန်သောကြောင့် ရောဂါပိုးတွေ့သူ သိန်းသောင်းဂဏန်း ကူးစက်လာခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ဥရောပ နိုင်ငံအများစုသည် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများကို ဖြေလျှော့ပေးလိုက်သဖြင့် ယခုကဲ့သို့ ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အလျင်အမြန် မြင့်မားလာခြင်းဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာပညာရှင်များက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇ ပြောင်းဗိုင်းရပ်စ်ပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် များဖြင့် ပြန်လည်ဝင်ရောက်လာသူများ၊ မြန်မာနိုင်ငံ၌ အစုလိုက်ကူးစက်ဖြစ်ပွား မှုများနှင့် ပြည်တွင်းကူးစက်မှုများကို ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး ဖြစ်နိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ ၃၁ ခုတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်)ရောဂါပိုးကူးစက်ခံရသူ ၃၁ ဦး တွေ့ရှိခဲ့သည်။

အိုမီခရွန် ရောဂါပိုး ဘီအေ-၂ တွေ့ရှိသူများအား ကိုဗစ်-၁၉ ရောဂါပိုးဓာတ်ခွဲအတည်ပြုစဉ်ကပင် သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ၎င်းတို့အားလုံး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက် ရှိပါသည်။ နိုင်ငံတကာ လေ့လာ တွေ့ရှိချက်များအရ အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ-၂သည် အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ-၁ ထက် ကူးစက်မှုနှုန်း ပိုမိုမြန်ဆန်သော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသူများတွင် ရောဂါလက္ခဏာ ပြင်းထန်မှုနှင့် သေဆုံးမှုတို့ လျော့နည်းကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် အိုမီခရွန်ရောဂါပိုးသစ် တစ်မျိုးပြီးတစ်မျိုး တွေ့ရှိသော်လည်း မူလကိုဗစ်-၁၉ရောဂါပိုးကဲ့သို့ ထိခိုက်ဆုံးရှုံးမှုမပြင်းထန်ဘဲ ကျန်းမာရေး လမ်းညွှန်ချက်များပါအတိုင်း လိုက်နာလုပ်ဆောင်သွားပါက စိုးရိမ်ဖွယ်ရာမရှိဘဲ သက်သာပျောက်ကင်း ကြသည်ကို တွေ့ရမည်ဖြစ်သည်။

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်၍ ကျန်းမာရေးလမ်းညွှန်ချက်များကို သတိမူလိုက်နာလုပ်ကိုင် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ နိုင်ငံတကာတွင် သုတေသနပြုလေ့လာတွေ့ရှိချက်များအရ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံခြင်းကို ခံယူထားခြင်းအားဖြင့် ရောဂါပိုးဝင်ရောက်ကူးစက်နိုင်မှုကို ငါးဆအထက်၊ ရောဂါကြောင့် ဆေးရုံတက်ရောက်ကုသရမှုကို ၁၀ ဆအထက်၊ ရောဂါကြောင့် အသက် သေဆုံးရမှုကို ၁၀ ဆအထက် လျှော့ချနိုင်သည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးရမှုများကိုလေ့လာသုံးသပ်ကြည့်ရာတွင် ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံမှုခံယူထားခြင်းဖြင့် ရောဂါကြောင့် အသက်သေဆုံးမှုကို ခုနစ်ဆခန့်အထိ လျှော့ချနိုင်သည်ကို တွေ့ရှိရသည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲ ဗိုင်းရပ်စ်ပိုးအသစ်များ ပေါ်ထွက်နေမှုနှင့်ပတ်သက်၍ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် ရေရှည်အတွက် အကောင်းဆုံးနည်းလမ်းမှာ ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် မပျက်မကွက် ထိုးနှံမှုခံယူထားခြင်းသည် အကောင်းဆုံး ဖြစ်ပါကြောင်း။

HOT NEWS
January 4,