ကိုဗစ်- ၁၉ အသိပညာပေး စကားဝိုင်း

ကိုဗစ်- ၁၉ အသိပညာပေး စကားဝိုင်း


Ministry of Information/ ​နေပြည်တော် / April 02, 2020
image_latest


ဗိုင်းရပ်စ်ကူးစက်ခံထားရပြီဆိုရင် ရောဂါလက္ခဏာ ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ၊ ကိုယ်က ရောဂါပိုးရှိတယ်လို့သိပြီဆိုတာနဲ့ အများသူငါဘယ်သူ့ကိုမှ မကူးအောင် ကိုယ့်ကိုယ်ကိုယ် တစ်ကိုယ်ရေ ထိန်းချုပ်ပြီးတော့ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်အတိုင်း နေသင့်တယ် (စိုင်းစိုင်းခမ်းလှိုင်)

ကိုဗစ် - ၁၉ ရောဂါနှင့်ပတ်သက်ပြီး မှန်ကန်သော သတင်းအချက်အလက်ရရှိရေးနှင့် သတင်းမှားများဖြင့် အထိတ်တလန့်ဖြစ်စေမှုများကိုရှောင်ရှားရန် အသိပညာပေးဆွေးနွေးပွဲကို မတ်လ ၂၆ ရက်နေ့ ညပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးသူအဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာခင်မောင်လွင်၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုး၊ စာရေးဆရာမ ဂျူး၊ ရုပ်ရှင်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်နှင့် တေးသံရှင် ဖြိုးပြည့်စုံတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

(ယမန်နေ့မှအဆက်)

ဒေါက်တာခင်မောင်လွင်

အကယ်၍သာ မပြောကောင်းပြောကောင်း စိုင်းစိုင်းမှာ ကိုဗစ် - ၁၉ ရှိခဲ့မယ်ဆိုရင် အဲဒီကို ရောက်သွားခဲ့တဲ့ ကလောက တောသူတောင်သားတွေမှာ ဘယ်လိုဖြစ်သွား နိုင်မယ်ထင်သလဲ။

စိုင်းစိုင်းခမ်းလှိုင်

ဒီရောဂါက ကျွန်တော့်ရဲ့ ဗဟုသုတအရကတော့ ဒါသည် အလွယ်တကူ ကူးစက်နိုင်တဲ့ရောဂါလို့ ကျွန်တော် နားလည်ထားပါတယ်။ ဒါကြောင့် ဘယ်သူမဆိုကိုယ့်မှာသာ ဒီဗိုင်းရပ်စ် ကူးစက် ခံထားရပြီဆိုရင် ရောဂါလက္ခဏာ ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ၊ ကိုယ်ကရောဂါပိုးရှိတယ်လို့ သိပြီ ဆိုတာနဲ့ အများသူငါ ဘယ်သူ့ကိုမှမကူးအောင် ကိုယ့်ကိုယ်ကိုယ် တစ်ကိုယ်ရေထိန်းချုပ်ပြီးတော့ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်အတိုင်း တစ်ခန်းတည်းမှာပဲဖြစ်ဖြစ်၊ တစ်နေရာတည်းမှာပဲဖြစ်ဖြစ် ဒီလိုနေသင့်တယ်လို့ ကျွန်တော် နားလည်ပါတယ် ဆရာ။

ဒေါက်တာခင်မောင်လွင်

ကလောကအေးရင် ရေခဲတယ်နော်။ ကလောလို နေရာမျိုးက ကိုဗစ်-၁၉ ကူးနိုင်တဲ့ နေရာမျိုးလို့ရော မထင်ဘူးလား။

စိုင်းစိုင်းခမ်းလှိုင်

ကမ္ဘာပေါ်က မည်သည့်နေရာမဆို ကူးနိုင်တဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီးဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကြေညာထားတယ်လို့ ကျွန်တော်နားလည်ပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ မည်သည့်နေရာက မည်သည့်ပုဂ္ဂိုလ်မဆို၊ မည်သည့်လူမျိုးမဆို၊ မည်သည့်အသားအရောင်မဆို၊ မည်သည့်အသက် အရွယ်မဆို ကာကွယ်ဖို့ ဆင်ခြင်ဖို့အတွက် ကျန်းမာရေး လမ်းညွှန်ချက်တွေကို လိုက်နာဖို့လိုတယ်လို့ ကျွန်တော် ထင်ပါတယ်ဆရာ။

ဒေါက်တာခင်မောင်လွင်

လောလောဆယ် ကလောတို့၊ ရွာငံတို့ အဲဒီဒေသတွေ ကလူတွေ ဒီရောဂါမကူးစက်အောင် ဘာတွေလုပ်သင့်တယ် လို့ ထင်သလဲ။

စိုင်းစိုင်းခမ်းလှိုင်

ဒီရောဂါမကူးစက်ဖို့အတွက် ကာကွယ်ဖို့နေထိုင်ရမယ့် ပုံစံတွေကို ကျွန်တော်တို့ သတင်းတွေ မှာလည်းဖတ်ရတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်းထုတ်တယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း ထုတ်တယ်။ ဒီလမ်းညွှန်ချက်တွေကို ဒီလူတွေ၊ ပြည်သူတွေက အကုန်လုံးအချိန်နဲ့ တစ်ပြေးညီသိအောင် သတင်းရောက်အောင် ပို့ဆောင်ပေး နိုင်ရမယ်လို့ ကျွန်တော်ယူဆပါတယ်။

ဒေါက်တာခင်မောင်လွင်

ကလောမှာ အသိပညာပေးတာနဲ့ တခြားနေရာတွေလည်း သွားသေးတာကိုး။ အဲဒီနေရာမှာ တစ်ခုနဲ့တစ်ခု ကွာခြားမှုကို စိုင်းစိုင်းသတိထားမိလား။

စိုင်းစိုင်းခမ်းလှိုင်

မှန်ပါတယ်ခင်ဗျာ။ ကျွန်တော်က အဆိုတော်တစ် ယောက်အနေနဲ့ မြန်မာတစ်နိုင်ငံလုံးကိုပတ်ပြီးတော့ သီချင်းဆိုရတယ်။ ကျွန်တော်မွန်ပြည်နယ်ရောက်ပါတယ်။ ကချင်ပြည်နယ် ရောက်ပါတယ်။ ရှမ်းပြည်နယ်ရောက်တယ်။ မကွေးတိုင်းဒေသကြီး ရောက်တယ်။ တစ်နေရာနဲ့ တစ်နေ ရာမှာ ဓလေ့ထုံးစံလည်းမတူဘူး။ ရာသီဥတုလည်းမတူဘူး။ ပြီးတော့ ဘာသာစကား မျိုးစုံရှိတယ်ဆိုတော့ တစ်နေရာနဲ့တစ်နေရာမှာတော့ ကျွန်တော်တို့ရဲ့ မှန်ကန်တဲ့သတင်းတွေရောက်ဖို့အတွက်က မှန်ကန်တဲ့တင်ပြပုံလိုအပ်မယ်လို့ ကျွန်တော် ယူဆပါတယ် ဆရာ။

ဒေါက်တာခင်မောင်လွင်

ကျန်းမာရေးဝန်ကြီးဌာနက အသိပညာပေးတဲ့နေရာမှာ ဘယ်လိုတွေလုပ်နေတယ်ဆိုတာ ဆရာ သန်းနိုင်စိုးက နည်းနည်းပြောပြစေချင်တယ်။

ဒေါက်တာသန်းနိုင်စိုး

ကျွန်တော်တို့ကတော့ ကိုဗစ် -၁၉ စဖြစ်ကတည်းက ဇန်နဝါရီလ ၈ ရက်ပေါ့နော်။ အဲဒီနေ့ ကတည်းကစပြီး Framework တစ်ခု ဆောက်လိုက်တာပေါ့။ Framework ဆိုတာ ဗဟိုမှာ ကျွန်တော်တို့ယူနစ်ကတော့ IEC Materia တွေပါ။ ကျွန်တော်တို့ရဲ့ အဓိကကတော့ WHO နဲ့ USCDC ပေါ့။ အဲဒီ Source နှစ်ခုက ပြန်ယူရတာပေါ့။ ယူပြီးတော့ တစ်ဦးချင်း ဘယ်လိုကာကွယ်မလဲ၊ ပြည်သူတွေအနေနဲ့ ဘယ်လိုကာကွယ်မလဲ၊ ဒေသတစ်ခုအနေနဲ့ ဘယ်လိုကာကွယ်မလဲ၊ သတင်းစကားတွေ ကျွန်တော်တို့ ရှာရတာပေါ့။ ရှာပြီးသိတဲ့အခါ လက်ဆေးခြင်းဆိုလည်း လက်ဆေး နည်းပုံတွေ၊ ဗီဒီယိုတွေ၊ အသံဖိုင်တွေ အဲဒါတွေ ကျွန်တော်တို့ ရှာပြီးတော့ လုပ်တယ်။

တိုင်းရင်းသားဘာသာ ၁၇ မျိုး

လုပ်ပြီးရင် ဝက်ဘ်ဆိုက်နဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ကျွန်တော်တို့က အရင်တင်လိုက်တယ်။ တင်လိုက်တဲ့အခါကျတော့ လူမှုမီဒီယာသုံးတဲ့သူတွေက ရသွားတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒီဝက်ဘ်ဆိုက်ပေါ်မှာပဲ One Stop Service ဆိုပြီး ကျန်းမာရေးအသိပညာပေးတွေကို တိုင်းရင်းသား ဘာသာ ၁၇ မျိုးနဲ့ အသံဖိုင်တွေကို MP3 နဲ့ တင်ထားတယ်။ နောက်ပြီးတဲ့ အခါကျရင် ကချင်၊ ရှမ်း ၊ တရုတ်နယ်စပ် အတွက်ကလည်း တရုတ်ဘာသာနဲ့ လုပ်ထားတဲ့အပြင် အခုကျွန်တော်တို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးတော့ ဘာသာစကား ၆၇ မျိုး ပြန်ဖို့အတွက်လည်း အခုလုပ်နေပါပြီ။ ဒီတော့ အဲဒီဟာတွေ အကုန်လုံးကို ကျွန်တော်တို့ ဝက်ဘ်ဆိုက်နဲ့ ဖေ့စ်ဘွတ်ပေါ်တင်တယ်။ ဒီလို တင်ပြီးတဲ့အခါကျရင် တချို့ဟာတွေကျတော့ Hard Copy ထုတ်ရတယ်။ ဘာလို့လဲဆိုတော့ လက်လှမ်းမမီတဲ့ နေရာတွေကို ဒီစာရွက်လေးတွေ ပေးမှရတယ်။

တိုင်းဒေသကြီးနဲ့ပြည်နယ်မှာ ကျန်းမာရေးဦးစီးဌာန တွေရှိတယ်။ အဲဒီဦးစီးဌာနတွေက တိုင်းဦးစီးမှူးတွေက ကျွန်တော်တို့ ဝက်ဘ်ဆိုက်ပေါ်မှာ နေ့စဉ်နောက်ဆုံးအခြေအနေကို ပြုစုတယ်။ တစ်ရက်ကိုတစ်ခု၊ နှစ်ခုအဲဒီလိုမျိုးတင်တယ်။ အမြဲတမ်းသူ့ပရိသတ်နဲ့ ကိုက်မယ့်ဟာပေါ့။ အဲဒါတွေကို သူတို့ကယူတယ်။ ယူပြီးတဲ့အခါကျတော့ သူတို့က အွန်လိုင်းပေါ်ကရယူပြီးတော့ Hard Copy ပြန်ထုတ်တယ်။ တစ်ပြိုင်နက်တည်းလည်း ကျွန်တော်တို့က ပြန်ကြားရေးဝန်ကြီးဌာနကို ပို့တယ်။ ပို့တဲ့အခါကျရင် မြန်မာ့ရုပ်မြင်သံကြား မှာလည်း ကျွန်တော်တို့ Breaking News တွေရော၊ ကိုဗစ် - ၁၉ နဲ့ ပတ်သက်တဲ့ ပိုစတာ တွေရော တောက်လျှောက်လွှင့်ပေးနေတာပေါ့။

အဲဒါတွေ လွှင့်ပေးတဲ့အပြင် မြို့နယ်အဆင့်ကလည်း ကျွန်တော်တို့ အွန်လိုင်းကနေ Direct Access လုပ်လို့ရတယ်။ မြို့နယ်အဆင့်မှာ ရပ်ကွက်တွေ၊ ကျေးရွာတွေပါလာပြီ။ အဲဒီအခါကျတော့ ကျွန်တော်တို့ လော်စပီကာနဲ့အော်ဖို့ပေါ့။ ဘာလို့လဲဆိုတော့ ဒါက ကျေးရွာအဆင့်မှာဆိုရင် အုပ်ချုပ်ရေးမှူးရုံးကနေပြီးတော့ လော်စပီကာနဲ့ အော်လိုက်ရင် တစ်ရွာလုံးက လူစုလို့လည်းရတယ်။ နောက်ပြီးတော့ နာဂစ်ဒေသမှာဆိုလို့ရှိရင် ဆူနာမီ Alarm System လည်းရှိတယ်။ အဲဒီအခါကျတော့ သူကရွာထဲမှာကို စပီကာလေးတွေ တပ်ထားတာ အများကြီးပဲ။ ဧရာဝတီတိုင်းဒေသကြီးမှာပေါ့။

လိုက်နာကျင့်သုံးဖို့လည်း အရေးကြီး

အဲဒီလိုဆိုရင်လည်း အဲဒီစပီကာကတစ်ဆင့် အော်ပေးပါပေါ့။ အုပ်စုငယ်လေးတွေရှိတယ်။ ဥပမာဆိုရင် ငါးယောက်တစ်တွဲ၊ ဆယ်ယောက်တစ်တွဲ ကျွန်တော်တို့ လက်ကိုင်စပီ ကာလေး တွေနဲ့ ကျွန်တော်တို့ ပြောခိုင်းတယ်။ လက်ကိုင် စပီကာဆိုလည်း ကျွန်တော်တို့ အများကြီး ဝယ်ထားပြီးပြီ။ တကယ်လည်း ထိရောက်တယ်။ သူက အပြန်အလှန် မေးလို့ရတယ်။ လော်စပီကာကြီးနဲ့ကျတော့ မေးလို့မရဘူးပေါ့။ လက်ကိုင်စပီကာရဲ့ ကောင်းတဲ့အချက်က MP3 ထည့်ထား လို့ရတယ်။ Memory Card လေးတွေ စိုက်ထားရင် ထပ်ကာ ထပ်ကာ သူ့ဟာသူ ပြောနေတာပေါ့။ အဲလိုဆိုတော့ နည်းလမ်းပေါင်းစုံနဲ့ပါ။ အဓိကကတော့ နံပါတ်(၁)က အသိပညာပေးပေါ့။ သတိပေးတယ်။ သတိပြုစေချင်တယ်။ ဒါကြီးက တကယ့်ကို ကျွန်တော်တို့ အတွက် ခြိမ်းခြောက်မှုကြီးပါပဲ။ ကမ္ဘာတစ်ဝန်းလုံးတောင်မှ ဖြစ်နေတဲ့အရာပါ။ သိပြီးရင် လည်း သိရုံနဲ့မပြီးသေးဘူး။ လိုက်နာကျင့်သုံးဖို့လည်း အရေးကြီးတယ်။

ဒါတွေကို တကယ်ကျင့်သုံးဖို့အတွက်ကိုလည်း ကျွန်တော်တို့ ရပ်ရွာပေါ့။ အဓိကကတော့ ပြည်သူတိုင်း၊ ပြည်သူတိုင်းက သိရှိလိုက်နာကျင့်သုံးဖို့က အလွန်အရေး ကြီးပါတယ်။ ဒီကိစ္စက ပြည်သူပါမှ၊ လိုက်ကျင့်မှ အောင်မြင် မှာပါ။ စိုင်းစိုင်းပြောတာ မှန်ပါတယ်။ တစ်ဦးတစ်ယောက် ချင်းက သူ့ဒေသနဲ့ကိုက်ညီအောင် အားလုံးကလည်း ဝိုင်းဝန်းပြီးတော့ အဓိကကတော့ ပြည်သူက အဓိကပေါ့။

ဖြိုးပြည့်စုံ

ကျွန်တော်တို့အားလုံးက စိတ်နဲ့အသက်ရှင်ကြတာပေါ့။ စိတ်ကဆောင်ပြီးတော့မှ နောက်ကနေ ကိုယ်ခန္ဓာက လိုက်တာပေါ့လေ။ လူအသက်ရှင်ဖို့တော့ စိတ်ကအဓိကလို့ ကျွန်တော်ကတော့ ယုံကြည်တယ်။ ကျွန်တော်တို့ အပါ အဝင် Public Figure လုပ်နိုင်မယ့် လူအများစုရဲ့စိတ်ထဲမှာ ပြန်လည်ထူထောင်ရေးမှာ အဓိက လူတွေအားလုံးကို လှုံ့ဆော်မှုဖြစ်အောင်၊ စိတ်ခွန်အား ထက်သန်အောင် ကျွန်တော်တို့ ပညာပေးဖို့လိုမယ်။ ပြီးတော့ မျှဝေမှုလုပ်ဖို့ လိုမယ်။ ပြီးတော့ ဒီကိစ္စဆိုတာ တစ်ဦးတစ်ယောက်တည်း ရင်ဆိုင်ရတာ မဟုတ်ဘူး။ ရပ်ကွက်တစ်ခုတည်းနဲ့ ဖြစ်သွား တာလည်းမဟုတ်ဘူး။ နိုင်ငံတစ်နိုင်ငံလည်း မဟုတ်ဘူး။ တစ်ကမ္ဘာလုံးဆိုတာမျိုးပေါ့။ ကျွန်တော်ထင်တာ လူတွေရဲ့ စိတ်မှာလည်း တစ်ယောက်တည်းခံစားရတဲ့အခါမှာ ငါ့မှ ဖြစ်ရလေခြင်း၊ ငကံဆိုးလိုက်တာဆိုတဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျတာ လွယ်တယ်။ အားလုံးအတူတူ ဖြစ်တာပါ။ မင်းလည်းမလဲနဲ့၊ ငါတို့လည်းမလဲဘူး။ ငါတို့လည်း ကြိုးစားမယ်၊ မင်းလည်း ရှိသလောက် ကြိုးစားပါ။ Mindset Sharingနဲ့ သွားမယ်ဆိုရင် သူတို့အတွက် တစ်ထောင့်တစ်နေရာက ပြန်ပြီးရပ်တည်ဖို့အတွက် စိတ်ခွန်အားလေးတွေ ရမယ်လို့ ထင်ပါ တယ်။

စိတ်တွေ စည်းလုံးရမယ်။ ပြန်ပြီးတော့ Build up လုပ်ရမယ်ပေါ့။ ဒါကတော့ နောက်ဆက်တွဲ နာလန်ထူဖို့ ပြော တာပါ။ ကမ္ဘာကြီးမှာ အခက်အခဲတစ်ခုခုဖြစ်ပြီဆိုရင် ဒီသီချင်း တွေကပဲ စိတ်ခွန်အားကို ပြန်လည်ပြီးတော့ ရှင်သန်စေတယ်။ ပြန်ပြီးတော့ ခွန်အားဖြစ်စေတယ်။ ဥပမာ- Heal The World ကို မိုက်ကယ်ဂျက်ဆင်လုပ်ခဲ့တဲ့ သီချင်းမျိုးပေါ့။ ဒါမျိုးတွေ အတွက်လည်း ကျွန်တော်တို့ ရုပ်ပိုင်းဆိုင်ရာ၊ အသံပိုင်းဆိုင်ရာ၊ ဇာတ်သဘင်ပိုင်းဆိုင်ရာ ပညာရှင်တွေ အားလုံး ပူးပေါင်းပြီးတော့လဲကျလည်း ပြန်ထမယ်ဆိုတဲ့ စိတ်နဲ့ကုန်းထဖို့ ကြိုးစားနေတဲ့သူတွေချည်း ပါပဲ။ အားလုံးက ဒီအခြေအနေအတွက် ပံ့ပိုးပေးကြဖို့ အသင့်ဖြစ်နေမယ် လို့ ထင်ပါတယ်ခင်ဗျ။

ဒေါက်တာခင်မောင်လွင်

ခွန်အားကိုဖြစ်စေတယ်။ ဒါဘာပဲပြောပြော ဒီဇင်ဘာ၊ ဇန်နဝါရီလကနေ ရင်ဆိုင်လာခဲ့တာ မတ်လရောက်တဲ့အထိ ဝူဟန်မှာ ကြံ့ကြံ့ခံနေတုန်းပဲ။ ဒီလိုစိတ်ဓာတ်မျိုးဟာ စိတ်ဓာတ်ကို ယူဖို့ပြောတာပါ။ ကိုယ့်ဆီမှာဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ မဆိုင်ပါဘူး။ တခြားပေါ့နော်။ သတင်းမှားတွေ မြန်မာပြည်ထဲမှာ တစ်ခုပြီးတစ်ခု ထွက်နေတုန်းပဲ။ မတ်လ ၁၄ ရက်နေ့က သတင်းစာထဲမှာတွေ့တယ် သတင်းမှားတွေ ဖြန့်တဲ့သူဆိုရင် ဥပဒေအရ အရေးယူမယ်။ ဥပဒေ ထက်ကို တစ်ယောက်နဲ့တစ်ယောက်နဲ့ ကြင်နာမှု၊ စာနာမှု၊ ပြုပြင်လို့ရတာတွေ ပြုပြင်ဖို့ ကောင်းတယ်။ မမှန်ကန်သောသတင်းနဲ့ ထိတ်လန့်နေမယ့်အစားပေါ့နော်၊ မှန်ကန်တဲ့သတင်းနဲ့ ဖြေသိမ့်လို့လည်းရတာပဲ။

ဖြိုးပြည့်စုံ

ဒီနေ့အဓိကဆွေးနွေးတဲ့ အကြောင်းအရာအတိုင်းပဲ ပေါ့လေ၊ နံပါတ်(၁)က မှန်ကန်တဲ့သတင်းကို၊ မှန်ကန်တဲ့ အချိန်မှာ ကျွန်တော်တို့ ဖြန့်ဝေပေးနိုင်ဖို့ အရေးကြီးတယ်။ ထို့အတူပဲ ဆရာ အခု ပြောသွားသလို ကိုယ်ထင်မြင်ယူဆတဲ့ သတင်းက မှားနေပါတယ်ဆိုတာကို သိပြီဆိုရင်ပဲ မှားကြောင်း ကိုယ်ကိုယ်တိုင်ဝန်ခံပြီးတော့ တာဝန်သိစိတ်နဲ့ တာဝန်ယူပြီးတော့ ပြန်ပြီးဖြုတ်ချ သင့်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာလည်း ဘယ်ကမှန်းမသိ တက်လာတဲ့ သတင်းကို ဆရာစောစောက ပြောသလို ငါဦးချင်တယ်ဆိုတဲ့ စိတ်နဲ့ တင်မိတာတွေရှိတယ်။ အဲဒီတော့တင်တဲ့အထိ မှားလားဆိုတော့ မှားတော့မှားပေမယ့် ပြင်ဖို့အချိန်ရှိသေးတယ်။ ကိုယ်မှားနေပြီဆိုရင် ချက်ချင်းပြန်ဖြုတ်ပြီးတော့ မှန်ကန်တဲ့ သတင်းဖြန့်ဝေခြင်းနဲ့ပဲ ကျွန်တော်တို့အစီအစဉ် လေးကနေပြီးတော့ ကြည့်ရှုပြီးတော့ ဒီအသိပညာလေးရပြီး အားလုံးကိုထပ်ပြီးတော့ မျှဝေပေးကြပါလို့ ကျွန်တော်ပြော ချင်ပါတယ်ခင်ဗျာ။

စိုင်းစိုင်းခမ်းလှိုင်

ကျွန်တော်က လူတွေကို အကူအညီတောင်းချင်တာ ပါခင်ဗျာ။ အရင်တုန်းကဆိုရင် သတင်းစာပဲရှိတယ်။ သတင်းစာထဲကနေ အကြောင်းအရာတွေကိုပြောတယ်။ ပြီးတော့ ကျွန်တော်တို့လို အနုပညာရှင်တွေမှာ အင်တာဗျူးတွေ ဘာတွေရှိတယ်။ ကျွန်တော်တို့ ပြောတယ်။ ဒီနေ့ ဒီခေတ်မှာတော့ လူမှုမီဒီယာနဲ့ အရပ်အခေါ်ပြောရင် လိုင်းပေါ်မှာ လူတိုင်းက အနည်းဆုံးတော့ လူတိုင်းမှာ သတင်းစာတစ်စောင်ပိုင်သလို ဖြစ်နေတာပေါ့။ Follower သုံးယောက်ပဲ ရှိရင်ရှိမယ်။ ၃၀ ရှိမယ်။ သုံးထောင်၊ သုံးသောင်း၊ သုံးသိန်း အားလုံးမှာ ကိုယ့်မှာ ပြောဖို့ ၊ ရေးဖို့ နေရာရှိတယ်။ ပြောဖို့နေရာရှိတယ်။ ဒီနေ့ ကျွန်တော်တို့ ခေါင်းစဉ်အတိုင်းပဲ သတင်းမှန်ပြန့်ပွားဖို့အတွက် ဒီခိုင်မာတဲ့၊ ခိုင်လုံတဲ့ သတင်းအရင်းမြစ်ကနေ ယူပြီးတော့ပဲ မျှဝေပေး ပါ။ တကယ်လို့ မသေချာရင် လုံးဝမမျှဝေပါနဲ့။ အကူအညီ တောင်းချင်တာက မသေချာရင် ပို့စ်မတင်တဲ့အပြင် မက်ဆင်ဂျာကနေ ကိုယ့်အချင်းချင်းကို မသေချာတဲ့သတင်း တွေ ဖြန့်ဝေတာမျိုး ဒါမျိုးကိုလည်း မလုပ်ဖို့ လူတိုင်းလူတိုင်းကို အကူအညီတောင်းချင်တာပါ။

တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေ

ကိုဗစ် - ၁၉ ကြောင့် အခုရင်ဆိုင်နေရတာက ကျန်းမာရေးပြဿနာ၊ ဒါပြီးရင် စီးပွားရေးပြဿနာ၊ စီးပွားရေး သဘောသဘာဝ အားလုံးကလည်း အကုန်လုံးက တစ်ခုနဲ့တစ်ခု ချိတ်ဆက် နေတာဖြစ်တဲ့အတွက် သတင်းအမှားတွေ ကနေပြီးတော့ စီးပွားရေးကိုလည်း ဒုက္ခပေးနိုင်တယ် လို့ ကျွန်တော်ထင်ပါတယ်။ ဥပမာအားဖြင့် ဒီလုပ်ငန်းလက်ရှိမှာ လုပ်ငန်းနှစ်ခုမှာ(A) လုပ်ငန်းကတော့ ရပ်ဆိုင်းသင့်တယ်။ (B) လုပ်ငန်းက ဆက်လုပ်လို့ရနေတဲ့ လုပ်ငန်းဖြစ်တယ် ဆိုရင် ဒါမျိုးတွေကိုလည်း သတင်းမှန်ရမယ်ဆိုရင် နှစ်ခုစလုံး ရပ်ဆိုင်းထားစရာမလိုဘဲနဲ့ တစ်ခုကတော့ ဆက်လုပ်လို့ရနေမယ်။ ဒါဆိုရင် လုပ်ငန်းမရှိတဲ့ ဒီကအလုပ်သမားတွေ လူတွေကို ဒီလုပ်ငန်းကနေပြီးတော့ ပြန်ပြီးတော့ အထောက်အပံ့ပေးနိုင်မယ်။ ဒါကြောင့် ကျန်းမာရေးအရ ရော၊ စီးပွားရေးအရရော အရာရာမှာ ကျွန်တော်တို့ သတင်းမှန်ရရှိဖို့အတွက် ကြိုးစားချင် ပါတယ်။ အဲဒီအတွက် လူတိုင်းလူတိုင်းမှာ ကိုယ့်မှာ သတင်းစာတစ်စောင်စီ ပိုင်ဆိုင်နေတာ ဖြစ်တာကြောင့် အားလုံးကနေပြီးတော့ သတင်းမှန်ကို ဖြန့်ဝေပေးဖို့ ကျွန်တော်က အကူအညီ တောင်းချင်တာပါခင်ဗျ။

ဂျူး

ကျွန်မတို့ လူတွေအကုန်လုံးကို လူသားစိတ်လေးရှိစေ ချင်တယ်။ ကိုယ်ချင်းစာတရားလေးလည်း ရှိစေချင်တာ။ ထစ်ခနဲရှိရင် ဒေါသ၊ အမုန်းတွေနဲ့ မဖြေရှင်းစေချင်ဘူးလေ။ တော်တော်များများက ကျွန်မတို့ လူမှုမီဒီယာခေတ်မှာ ကြည့်တဲ့အခါကျတော့ ကျွန်မတို့ မထင်ထားသောသူတွေရဲ့ ဒီအရေးအသားလေးတွေက တစ်ခါတလေကျတော့ ရိုင်းရိုင်းစိုင်းစိုင်း လေးတွေဖြစ်နေတာပေါ့။ သူများကို ဆဲဆိုဖို့ နည်းနည်းမှ ဝန်မလေးသော ပို့စ်လေးတွေ တော်တော်များများ မှတ်ချက်လေးတွေ တွေ့ကြတဲ့အခါကျတော့ ကျွန်မတို့ ဗြဟ္မစိုရ်တရား လေးပါးဆိုတာ မေ့သွားကြပြီ လားလို့ တစ်ခါတစ်ခါ ကျွန်မတို့ စဉ်းစားမိတယ်။ ဒါပေမယ့် ကျွန်မတို့ ကြိုးစားရမှာပေါ့နော်။

အဲဒါကြောင့် လူတွေရဲ့စိတ်ထဲမှာ နှလုံးသားလေး ဖြူစင်ဖို့အရေးကြီးတာ။ စိုင်းစိုင်းပြောသလို လူတိုင်းလူတိုင်းက သတင်းစာတစ်စောင်စီ ပိုင်ဆိုင်နေကြတဲ့အချိန်မှာ ရင်ထဲကမေတ္တာလေး နဲ့ စာရေးမယ်ဆိုရင် ဆရာဇော်ဂျီပြောတဲ့ “မေတ္တာဓမ္မ အခြေပြ၍ ဘဝအခြေခံစိတ်ကူးဉာဏ် ဖြင့် ဖန်တီးပါမှစာအလှ”ဆိုတော့ ဆရာဇော်ဂျီရဲ့ ကဗျာလေးအတိုင်း ရေးတော့မယ်၊ ပြောတော့ မယ်ဆိုရင် မေတ္တာဓာတ်ကလေး အရင်ထားပြီးမှ ရေးမယ်ဆိုရင် ဒါ ဖေ့စ်ဘွတ် အကြောင်းကို ပြောတာပါ။

ဘာကိုပဲပြောပြော မေတ္တာဓာတ်နဲ့ အလုပ်လုပ်မယ်ဆိုရင်၊ ကိုယ်ချင်းစာတရားလေးနဲ့ အလုပ်လုပ်မယ်ဆိုလို့ရှိရင် ဖြစ်နိုင်တယ်။ အဲဒီလိုသိဖို့ မေတ္တာထားဖို့ရယ်၊ နောက်ပညာဉာဏ်နဲ့ ယှဉ်ဖို့ရယ် ဒီခေတ်ကြီးထဲမှာ ပိုတောင်မှအရေးကြီး သေးတယ်လို့ထင်တယ်။ Panic Buying ဆိုတာရှိတယ်လေ။ ဟိုတစ်လောတုန်းက ဘယ်မှာလဲသွားပြီးတော့ ဝယ်ကြခြမ်းကြတာ ဘာညာ။ လူတိုင်းက လောဘစိတ်တော့ ရှိကြတာချည်းပဲ။ ငငတ်သွားရင် ဘယ့်နှယ် လုပ်မလဲဆိုတာမျိုး။ တကယ်တော့ ကိုယ်ကအဲဒီလိုဝယ်နိုင်တဲ့ အခြေအနေရှိပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေ မဝယ်နိုင်ခဲ့ရင်ကိုယ်က ငါဒါလေးကို ယူလိုက်မယ့်အစား နောက်တစ်ယောက် ယူလို့ရအောင်ထားခဲ့မယ်ဆိုတဲ့ ကိုယ်ချင်းစာတရားလေးပေါ့နော်၊ မျှဝေတဲ့ စိတ်မျိုးလေး အဲဒီလိုလေးတွေဖြစ်ဖို့ ဒီကိုဗစ်-၁၉က ကျွန်မတို့ကို သင်ကြားပေးလိမ့်မယ် လို့ ကျွန်မတော့မျှော်လင့်တယ်ဆရာ။

မှန်တယ်ထင်မှ ဝေမျှမယ်

အဲဒီတော့ ကျွန်မတော့ အမြဲတမ်းအကောင်းမြင်တဲ့ လူဖြစ်တဲ့အတွက် ဒီကနေပြီး ကျွန်မတို့ကောင်းတဲ့ သင်ခန်းစာလေးတွေ ရစေချင်တယ်။ နောက်ပြီးတော့ ကိုဖြိုးတို့၊ ကိုစိုင်းတို့ ပြောသလိုပဲ အားလုံးက မှန်ကန်တဲ့အသိတရား လေးတွေကို ဝေမျှနိုင်မယ်ဆိုရင် မှားသလား၊ မှန်သလားဆိုတာ အရင်ဆုံးစဉ်းစားရမယ်။ မှန်တယ်ထင်မှ ဝေမျှမယ်ပေါ့။ အဲဒီလို ဝေမျှတဲ့ အခါကျရင် မှန်ကန်တဲ့သတင်းဖြစ်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ တကယ့်တရားဝင်ဌာနတွေက ထုတ်ပြန်တဲ့ဟာကို ဝေမှမျှမှသာ မှန်ကန်လိမ့်မယ် လို့ ကျွန်မထင်တယ်။ အဲဒါ အားလုံးကို ကျွန်မမေတ္တာရပ်ခံချင်တာပါ။

ဒေါက်တာသန်းနိုင်စိုး

နိုဗယ်ဆုရစာရေးဆရာကြီး Daniel Kahneman ဆိုတာရှိတယ်။ သူက Thinking First and Slow ပေါ့။ ခန္ဓာကိုယ်မှာ လူတစ်ယောက်က တစ်ခုခုကို မြင်လိုက်တာပဲ ဖြစ်ဖြစ်၊ ကြားတာပဲ ဖြစ်ဖြစ်၊ ဖတ်မိတာပဲဖြစ်ဖြစ် စိတ်ထဲမှာ သူက System 1 နဲ့ System 2 နဲ့ပဲ ရှိတယ်ပေါ့။ System 1 ကတော့ ရုတ်တရက် မြင်လိုက်တဲ့အပေါ်မှာ တကယ်တမ်း ကျတော့ သရဲမဟုတ်ပေမယ့် သရဲမြင်လိုက်တယ်။ စိတ်ထဲ က စိတ်ဆိုးသွားပြီး တုံ့ပြန်လိုက်တယ်ပေါ့နော်။ ဒါတွေရှိ တယ်။ ဒါပေမယ့် System 2 ကျတော့လည်း နည်းနည်းထပ် စဉ်းစားတယ်။ ဒါတကယ်ရော သရဲဟုတ်ရဲ့လား၊ အဝတ် ကြီးလား၊ လေတိုက်တာလားပေါ့။ ဒါပေမယ့် တော်တော်များ များရဲ့ Mind-Set အရ System 1 မှာ တင်ပဲ ပြီးသွားတယ်။ အဲဒီတော့ System 1 မှာတင်ပဲ ချက်ချင်း တုံ့ပြန်လိုက် တာပေါ့။ ဆဲတာတွေ ရေးရင်လည်း ရေးလိုက်မယ်။ ဒါကြီးကို ချက်ချင်းယုံပြီးတော့ မျှဝေလိုက်တာလည်း ဖြစ်ရင်ဖြစ် မယ်။ ဒါပေမယ့် အဲဒီ System 1 ကို ထားလိုက်ပြီးတော့ System 2 ကို ပိုသုံးမယ်ဆိုရင်တော့ ကိုဖြိုးတို့၊ စိုင်းစိုင်းတို့၊ ဆရာမဂျူးတို့ ပြောခဲ့တဲ့အတိုင်းပဲ ကျွန်တော်တို့က သတင်း မှန်တဲ့ Source ကို ပိုပြီးတော့ နီးစပ်မယ်။ ပိုပြီးတော့လည်း Ethically Minded ဖြစ်မယ်။ ကျွန်တော်တို့ဘက်ကလည်း ဒီသတင်းမှန်တွေကို အချိန်နဲ့တစ်ပြေးညီ မလိမ်မညာဘဲနဲ့ ထုတ်ပြန်တယ်။ ရှေ့လျှောက်ကိုလည်း ကျွန်တော်တို့ တွေ့ရင်လည်းတွေ့သလို မတွေ့ရင်လည်းမတွေ့သလို လုပ်ရမယ့်ဟာတွေကို ကျွန်တော်တို့အပိုင်းက တာဝန်ကျေ စေရပါမယ်၊ ထုတ်ပြန်ပေးပါ့မယ်လို့ တင်ပြချင်ပါတယ်။

ဒေါက်တာခင်မောင်လွင်

ကျေးဇူးတင်တယ်။ အားလုံးက တာဝန်ကျေတယ်။ နားထောင်ရင်းနဲ့ ကျွန်တော့်ဝန်ထမ်း တစ်ယောက်အလုပ်ခန်းနံရံမှာရေးထားတဲ့ဟာကိုသွားပြီး သတိရတယ်။ “ချစ်သားအာနန္ဒာ မပြောခင် အရင်စဉ်းစား၊ ပြောပြီး ပြန်စဉ်းစား”ဆိုတဲ့ စကားလေးပါ။ ဒါလေးက အခုလူမှုမီဒီယာတွေ သုံးတဲ့သူတွေအတွက်လည်း ပိုပြီးတော့ စဉ်းစားလိုက်နာသင့်တယ်လို့ ထင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

မှတ်တမ်း - အောင်ကျော်ထက် (ပြန်/ဆက်)

ဓာတ်ပုံ - ရဲသူရအောင် (ပြန်/ဆက်)

HOT NEWS
January 4,