ခပ်ခွာခွာနေကြရသည့်တိုင်

ခပ်ခွာခွာနေကြရသည့်တိုင်


Ministry of Information/ ​နေပြည်တော် / May 30, 2020
image_latest


ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉)သည် ကမ္ဘာ့နိုင်ငံများနှင့် ဒေသများ စုစုပေါင်း ၂၁၆ နိုင်ငံတွင် ဖြစ်ပွားနေပြီး အတည်ပြုလူနာ ၅၇၀၁၃၃၇ ဦး၊ ရောဂါကြောင့် သေဆုံးသူ ၃၅၇၆၈၈ ဦးသို့ ရောက်ရှိ လာပြီဖြစ်သည်။ အဆိုပါ ကိန်းဂဏန်းများမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက မေလ ၂၉ ရက်နေ့ ဂရင်းနစ်စံတော်ချိန် ၀၆:၃၀ တွင် ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းများပင်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု အရှိန်လျော့ကျလာမည့် အရိပ်အယောင်အချို့ မြင်တွေ့ရသော်လည်း ရောဂါအတည်ပြု လူနာတွေ့ရှိမှုနှင့် သေဆုံးမှု ကိန်းဂဏန်းများ ဆက်လက် တိုးမြင့်နေဦးမည်ဖြစ်သည်။ ကျန်းမာရေးနှင့် စီးပွားရေး ဘာကိုရွေးချယ်မလဲ ဟူသော မေးခွန်းများနှင့်အတူ ကန့်သတ်ပိတ်ဆို့ထားမှုများကို ပြန်လည်ဖယ်ရှားရန် ကြိုးပမ်းနေကြသည့် နိုင်ငံများရှိသလို အတားအဆီး အကန့်အသတ်များ ပိုမိုတိုးမြှင့် ကန့်သတ်လိုက်သည့် နိုင်ငံများလည်း ရှိနေသည်ကိုတွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှင့် ကုသရေးအတွက် ဆေးဝါးများ ပေါ်ထွက်လာရန် စောင့်ဆိုင်းကြရဦးမည့် အခြေအနေတွင် ရှိနေပြီး ငှက်ဖျားရောဂါကာကွယ်ဆေး ဖြစ်သည့် ဟိုက်ဒြောက်ဆီကလိုရိုကွင်းဆေးကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် သုံးသင့် မသုံးသင့် အပေါ်တွင်လည်း ကမ္ဘာနှင့်ချီ၍ အငြင်းပွားနေကြဆဲဖြစ်သည်။ ကမ္ဘာကျော်လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီကြီးများ၊ မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးများအပါအဝင် နိုင်ငံတကာအဆင့် ဧရာမကုမ္ပဏီကြီးများမှာ ၎င်းတို့ ဆက်လက်ရှင်သန် ရပ်တည်နိုင်ရေးအတွက် ဝန်ထမ်းလုပ်သား အင်အားအမြောက်အမြားကို လျှော့ချကာ ရုန်းကန်နေကြရပြီ။ ကမ္ဘာကြီး၏ မဝေးလှသည့် အနာဂတ်ကာလ လာမည့်နှစ်နှစ်၊ သုံးနှစ် ကာလအထိ ကိုဗစ်-၁၉ က ပေးသည့် ဒဏ်ရာဒဏ်ချက်များကို ကုစားကြရဦးမည်ဟု ခန့်မှန်းနေကြသည်။

စင်စစ်အားဖြင့် ကမ္ဘာ့နိုင်ငံကြီးငယ် အသီးသီးတို့ကို ကိုဗစ်-၁၉ ၏ စိန်ခေါ်မှုက အတူတူသာဖြစ်သည်။ သိပ္ပံနှင့် နည်းပညာများ ရှေ့တန်းရောက်သောနိုင်ငံ၊ ဥစ္စာဓန ပြည့်စုံကြွယ်ဝသည့်နိုင်ငံ၊ သိပ္ပံပညာ နည်းပညာတို့ ခေတ်နောက်ကျနေသည့် နိုင်ငံ၊ ဆင်းရဲသည့် နိုင်ငံ စသည်ဖြင့် နိုင်ငံအသီးသီးတို့ ဆူကြုံနိမ့်မြင့် မည်သည့်အခြေအနေ၌ ရှိနေစေကာမူ လူသားတို့၏ ပြုမူတုံ့ပြန်မှု အပေါ်တွင်သာ မူတည်ကာ ရောဂါကူးစက် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးဆိုင်ရာ အကြံပြု နိုးဆော်မှုများကို အလေးမထား၊ ကျင့်သုံးမှုနည်းပါးသည့် နိုင်ငံများမှာ ရောဂါဖြစ်ပွားနှုန်း မြင့်မားသလို အဖိတ်အစဉ် ကိန်းဂဏန်းကလည်း ကြီးသည်။ လက်ကိုမကြာမကြာ ဆေးရန်၊ ပါးစပ်နှာခေါင်းစည်းတပ်ရန်၊ ခပ်ခွာခွာနေရန် ဆိုသည့်အချက်များကို တိတိကျကျ လိုက်နာကျင့်သုံးနိုင်သည့် နိုင်ငံများမှာမူ ရောဂါကူးစက်မှုနှင့် အဖိတ်အစဉ်ကိန်းဂဏန်းတို့ နည်းပါးသည်။

တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်ဟု ဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာအရ တစ်ဦးနှင့်တစ်ဦး တစ်မီတာမှ နှစ်မီတာအထိ ခွာ၍ နေကြရခြင်း ဖြစ်သည်။ အခြေအနေအရ လိုအပ်လာလျှင်လည်း သည့်ထက်ပို၍ ခွာနေကြရမည်ဖြစ်သည်။ ရုပ်ပိုင်းအရ ခွာနေကြရသည့်အခါ စိတ်ပိုင်းအရ နီးစပ်ရန်လိုအပ်လာသည်။ ဗုဒ္ဓအဘိဓမ္မာအရ စိတ်၏ တည်ရှိရာ နေရာသည် ဟဒယနှလုံးအိမ်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါနှင့် ရင်ဆိုင်ဖြတ်သန်းနေရသည့် ကာလအတွင်း မိမိတို့နိုင်ငံသားများ၏ မွန်မြတ်သည့် စိတ်ထားများနှင့် လှပသည့် နှလုံးသားများကို မကြာခဏဆိုသလို ထင်ရှားစွာ တွေ့မြင်ခွင့်ရသည်။ သိပ္ပံ၊ နည်းပညာနှင့် ရုပ်ဝတ္ထုတို့ အားနည်းချက် ရှိသည့်တိုင်အောင် အများအကျိုးဆောင်လိုမှု၊ စာနာထောက်ထားကာ မျှဝေလိုမှုစသည့် မေတ္တာ၊ ကရုဏာ အခြေခံသည့် စိတ်ထားနှလုံးသား အားသာချက်တို့ကို မိမိတို့နိုင်ငံတွင် တွေ့မြင်နိုင်သည်။ ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးနိုင်ရေးအတွက် ခပ်ခွာခွာ နေကြရသည့်တိုင်အောင် မွန်မြတ်သည့် စိတ်နှလုံးဖြင့် စည်းလုံးညီညွတ်စွာ သူ့တာကိုယ့်တာ ကျေပွန်စွာ ထမ်းရွက်ကြကာ ကိုဗစ်-၁၉ စိန်ခေါ်မှုကို ကျော်လွှားနိုင်ကြပါစေကြောင်း။ ။

HOT NEWS
January 4,