ဂုဏ်ယူဖွယ်ရာ မြန်မာ့ရုပ်ရှင်ရာပြည့်သဘင်

ဂုဏ်ယူဖွယ်ရာ မြန်မာ့ရုပ်ရှင်ရာပြည့်သဘင်


Ministry of Information/ ​နေပြည်တော် / June 05, 2020
image_latest


 

ရာပြည့်သဘင်အခမ်းအနားဆိုသည်မှာ နှစ်တစ်ရာမှ တစ်ကြိမ်သာ ကြုံတောင့်ကြုံခဲ ဆုံတွေ့ ရသဖြင့် ခမ်းနားသိုက်မြိုက်စွာ ဆင်ယင် ကျင်းပရမည့် ပွဲသဘင်ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ် ကာလမှ စတင်ခဲ့သည့် မြန်မာ့ရုပ်ရှင်သည် ၂၀၂၀ ပြည့်နှစ်တွင် နှစ်တစ်ရာပြည့်ခဲ့ပြီဖြစ်ရာ ဖြတ်သန်း လာခဲ့သော မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်ကာလတစ်လျှောက်၌ ထွန်းတောက် ခဲ့သည့် အနုပညာဂုဏ်မြောက်မှုများကို မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်း အမွေဝေမျှ ပေးကြ ရမည်ဖြစ်သည်။

မျက်မှောက်ကာလ ၂၀၂၀ ပြည့်နှစ်အစတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူ လူထုရောဂါ ကင်းဝေးရေး အတွက် လူစုလူဝေးနှင့်ပြုလုပ်သည့် အခမ်းအနားများကို ရှောင်ရှားနေစဉ် ကာလဖြစ်ရာ နှစ်တစ်ရာပြည့် အခမ်းအနားများသာမက အခြားပွဲလမ်း သဘင်အခမ်း အနား များကို ခေတ္တ ဆိုင်းငံ့ထားသောအချိန်အခါနှင့် ကြုံကြိုက်နေ ပါသည်။ ထိုအခါ မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်အခမ်းအနားများကို ကျင်းပပြုလုပ်နိုင်ရန် အခွင့်အရေး မရရှိသေးသော်လည်း သမိုင်းဂုဏ်မြောက်သည့် ထွန်းတောက်ခဲ့သော မြန်မာ့ရုပ်ရှင်ကို ဖြစ်နိုင်သမျှ ဖော်ထုတ်ပြသ ကြဖို့လိုမည်ဖြစ်သည်။

လက်ရှိအချိန်အခါ၌ သင့်လျော်ရာ လူထုဆက်သွယ်ရေးယန္တရားများ မှတစ်ဆင့် သမိုင်းဝင် မြန်မာ့ ရုပ်ရှင်ဇာတ်ကားများ ဖော်ထုတ်ပြသရေး၊ သမိုင်းဝင်ဇာတ်ကားများတွင် ပါဝင်သရုပ် ဆောင်ခဲ့ကြသည့် ထူးချွန်ဝါရင့် သရုပ်ဆောင်များ၊ အနုပညာရှင်များနှင့် ရုပ်ရှင်ပညာရပ် နယ်ပယ်တွင် ထူးချွန်ထင်ရှားခဲ့သည့် ပုဂ္ဂိုလ်များအား တွေ့ဆုံမေးမြန်းရေး၊ ကိုယ်တွေ့ သတင်း ဆောင်းပါးများ ရေးသားရိုက်ကူးဖော်ပြရေး၊ သမိုင်းဝင်ရုပ်ရှင် ဇာတ်ကားများ၊ ရုပ်ရှင်တေးသီချင်းများ၊ ရုပ်ရှင်ရာပြည့်အစီအစဉ်များနှင့် ရုပ်ရှင်အကယ်ဒမီ သမိုင်း ကြောင်းများ ပြသနိုင်ရေးနှင့် ရုပ်မြင်သံကြား အစီအစဉ်တွင် ထုတ်လွှင့်ပြသရေးတို့ကို စီစဉ်ဆောင် ရွက်နေပြီဖြစ်သည်။

မြန်မာ့ရုပ်ရှင်သည် ဖြတ်သန်းလာခဲ့သည့် သမိုင်းကြောင်းတစ်လျှောက် တွင် အနုပညာ ဂုဏ်မြောက်သည့် ဆန်းသစ်တီထွင်မှုများဖြင့် ပြောင်မြောက်အောင် စွမ်းဆောင်နိုင် ခဲ့ပေသည်။ တစ်ခေတ်တစ်ခါက ရုပ်ရှင်လောက သားများ၊ ရုပ်ရှင်စက်ကိရိယာပစ္စည်းများ၊ မှတ်တမ်းဓာတ်ပုံများကို မြန်မာ့ ရုပ်ရှင် ငွေရတု၊ ရွှေရတု၊ စိန်ရတုအခမ်းအနားများတွင် ခင်းကျင်းပြသနိုင်ခဲ့ပြီး ယင်းမှတ်တမ်းများကိုလည်း ယခုအခါ ပြန်လည်ဖော်ထုတ် ပြသကြရ မည်ဖြစ်သည်။ ခေတ်အဆက်ဆက် ရိုက်ကူးပြသခဲ့သော မြန်မာ့ရုပ်ရှင်စင်မြင့် ပေါ်မှ မြန်မာ့ယဉ်ကျေးမှု ဆင်ယင်ထုံးဖွဲ့မှုနှင့် မြန်မာတို့၏ဓလေ့စရိုက် ဟန်ပန်အမူအရာများမှာ နှောင်းလူတို့ သိရှိလေ့လာမှတ်သားဖွယ်ရာများ ဖြစ်သည်။

ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်ပေါ်ရေးသည် ဝတ္ထု၊ ဇာတ်ညွှန်း တစ်ခုအပေါ်တွင် တည်မှီ သဖြင့် စာပေသည် ရုပ်ရှင်ဇာတ်လမ်းတစ်ခုအတွက် ရေသောက်မြစ်ဖြစ်သည်။ ပုဂံခေတ် ရာဇ ကုမာရ် ကျောက်စာအရ မြန်မာ စာပေသည် ကျေးဇူးတရား သိတတ်ခြင်းများနှင့် စခဲ့သည်ဟု ဆိုသည့်အတိုင်း စာပေကိုအခြေခံသည့် မြန်မာ့ရုပ်ရှင်သည်လည်း တိုင်းပြည်နှင့်လူမျိုးကို အကျိုးပြုသည့် ကျေးဇူးတရားများကို ဖော်ညွှန်းခဲ့ပေသည်။ ထိုသို့ဖော်ညွှန်းခဲ့သော တစ်ခေတ် တစ်ခါက အနုပညာဂုဏ်မြောက်သည့် မြန်မာ့ ရုပ်ရှင်ကို နှစ်တစ်ရာပြည့် ကာလတွင် အမြတ်တနိုးတန်ဖိုးထား၍ ပြန်လည် ဂုဏ်ပြုထုတ်ဖော်ရန် သက်ဆိုင်သူ အသီးသီးတို့၌ တာဝန်ရှိပေသည်။

ရုပ်ရှင်သည် စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ အနုပညာရတနာသိုက်ကြီး ပင်ဖြစ်သည်။ ရုပ်ရှင်မှ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ သုတ၊ ရသ ပေါင်းစုံတို့ ကို ပေးစွမ်းနိုင်သည်။ ထိုထိုသော ဂုဏ်အင်များကို ပေးစွမ်းနိုင်သည့် မြန်မာ့ရုပ်ရှင်လောကကြီး ခိုင်မာရင့်ကျက် တည်တံ့ လာစေရန် အားထုတ် ကြိုးပမ်းလုပ်ဆောင်ခဲ့သော ရုပ်ရှင်လောကသားများအားလုံးကို ဂုဏ်ပြုရ မည်ဖြစ်သည်။ ရွှေရတုခေတ်၊ ငွေရတုခေတ်၊ စိန်ရတုခေတ် ခေတ်အဆက် ဆက် မြန်မာ့ရုပ်ရှင်ကို မြှင့်တင်ဖော်ဆောင်ခဲ့ကြသည့် ရုပ်ရှင်ပညာရှင်ကြီး များ၏အမွေကို လက်ဆင့်ကမ်း ခံယူကြရမည်ဖြစ်သည်။

မြန်မာ့ရုပ်ရှင်သည် အကြောင်းအမျိုးမျိုးကြောင့် လက်ရှိကာလတွင် မှေးမှိန်နေသော်ငြား လည်း နှစ်တစ်ရာပြည့်သည့် ယခုအချိန်တွင် တစ်ခေတ် တစ်ခါက ထွန်းတောက်ခဲ့သည့် မြန်မာ့ရုပ်ရှင်ကို ပြန်လည်ဖော်ထုတ်ပြသ ခြင်းဖြင့် ဂုဏ်ယူဖွယ်ရာ စိတ်ဓာတ်ခွန်အားများ တိုးပွားလာအောင် ကြိုးပမ်း အားထုတ်ကြရမည်ဖြစ်သည်။ အစဉ်အလာကြီးမားသည့် နိုင်ငံနှင့် လူမျိုး၏ ဂုဏ်ယူမြတ်နိုးတန်ဖိုးထားဖွယ်ရာ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ထုံးတမ်း စဉ်လာဓလေ့စရိုက်များကို ဖော်ဆောင်ပေးကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ လူမှုလောက ဖြစ်ပျက်ပြောင်းလဲလာမှုနှင့်အတူ မြန်မာ့ ရုပ်ရှင်သည်လည်း မှေးမှိန် တိမ်မြုပ်နေခြင်းမရှိဘဲ အစဉ်ရှင်သန်ဖြစ်တည်နေ စေရန်အတွက် စိန်ရတု၊ ရွှေရတု၊ ငွေရတု ခေတ်မှ ထင်ရှားကျော်ကြားသည့် မြန်မာ့ရုပ်ရှင်နှင့် ရုပ်ရှင်အနုပညာရှင်များ၏ ဂုဏ်ဒြပ် တို့ကို မျိုးဆက်သစ် အနုပညာရှင်များနှင့် မျက်မှောက်ကာလ ပြည်သူများအား ပြန်လည် ဖော်ထုတ်အသိပေးခြင်းဖြင့် မြန်မာ့ရုပ်ရှင်ကို ဝိုင်းဝန်းအားပေးကြရမည် ဖြစ်ပါကြောင်း။ ။

HOT NEWS
January 4,