စည်းကမ်းလိုက်နာ၍ ဖြေလျှော့မှုများကိုရယူ

စည်းကမ်းလိုက်နာ၍ ဖြေလျှော့မှုများကိုရယူ


Ministry of Information/ ​နေပြည်တော် / May 30, 2020
image_latest


ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ် ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ပြည့်နှစ် မေလ ၃၁ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးသည့် ကိစ္စရပ်များမပါ) အား ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၅ ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ် ဆောင်ရွက်ထားပါကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက မေလ ၂၈ ရက်နေ့တွင် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးတို့ အတွက် လိုအပ်သော အမိန့်၊ ညွှန်ကြားချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာ ဆောင်ရွက်ခဲ့သည်။ ဧပြီလ ၁၆ ရက်နေ့တွင် လူ ငါးဦးဖြစ်စေ၊ လူ ငါးဦး ထက်ပို၍ဖြစ်စေ စုဝေးခြင်း ပြုနိုင်သည့်ကိစ္စရပ်များ ထုတ်ပြန်ခဲ့ပြီး ယခု ရက်တိုးခြင်းကို ထပ်မံဆောင်ရွက်ခဲ့သည်။ သို့သော် အဆိုပါကိစ္စရပ်တွင် အစိုးရဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများနှင့် စာသင်ကျောင်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြု သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခြင်း ကိစ္စများကို ထပ်မံဖြည့်စွက်ပေးထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ယခုဖြေလျှော့ပေးမှုများသည် စည်းကမ်းလိုက်နာခြင်းအားဖြင့် Covid ကာကွယ်ရေးကို ဖေးမပေးခြင်း၏ အကျိုးဖြစ်တာကြောင့် Covid ကို အနိုင်ရရေးအတွက် စည်းကမ်းထိန်းသိမ်း ခြင်းအားဖြင့် ဆက်ပြီးကူညီကြပါလို့ မေတ္တာရပ်ခံပါကြောင်း” ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် မေလ ၂၈ ရက်နေ့က သတင်းစကားပါး ရေးသားထားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု မရှိခြင်း အခြေအနေ ရက်သတ္တနှစ်ပတ်မျှ ရှိလာပြီဖြစ်ရာ ယင်းကို နောက်ထပ် ဇွန်လ ၁၅ ရက်နေ့အထိ ထိန်းသိမ်းထားနိုင်မည်ဆိုပါက ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်ထားနိုင်သည့် အဆင့်သို့ ရောက်လာပြီဟု ဆိုရမည်ဖြစ်သည်။ အခြေအနေ ကောင်းများ ရှိလာသောကြောင့် မေလ ၃၁ ရက်နေ့အထိ ရောဂါ မပြန့်ပွားရေးအတွက် ချမှတ်ထားသည့် သတ်မှတ်ချက်အချို့ကို ဇွန်လ ၁ ရက်နေ့မှစ၍ ဖြေလျှော့ပေးမည်ဖြစ်ရာ နိုင်ငံအတွင်း တဖြည်းဖြည်း အဆင့်ဆင့် ပုံမှန်လည်ပတ်နိုင်ရေးကို သတိကြီးစွာဖြင့် ဆောင်ရွက်ကြရတော့မည် ဖြစ်သည်။ ။

နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အမြဲမပြတ် စောင့်ကြည့်ပြီး ပြည်သူများ အကျိုးအတွက် စဉ်းစားချင့်ချိန်၍ အကောင်းဆုံးအဖြေကို ရှာဖွေလျက်ရှိသည်။ ယခု အခြေအနေကောင်း တစ်ခုကို ရရှိလာသဖြင့် ဖြေလျှော့မှုအချို့ကို ပြုလုပ်ပေးခြင်းသည် ညွှန်ကြားချက်များကို လိုက်နာကြခြင်း၏ အကျိုးရလဒ်ဟု ဆိုရမည်ဖြစ်သည်။ စည်းကမ်း လိုက်နာခြင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးတွင် ဖေးမပေးခြင်း၏ အကျိုးဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါကို လုံးဝအနိုင်ရရှိရေး အတွက် စည်းကမ်းထိန်းသိမ်းခြင်း၊ လိုက်နာဆောင်ရွက်ခြင်း ဆက်လက်ပါဝင် ကူညီကြရမည် ဖြစ်သည်။

သို့ဖြစ်ရာကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် သတ်မှတ်ထားသော အချိန်ကာလတိုးမြှင့်ခြင်း၊ ဖြေလျှော့ခြင်းတို့ကို ဆောင်ရွက်ခြင်းသည် ပြည်သူလူထု ကျန်းမာရေး ဘေးကင်းလုံခြုံ စိတ်ချမှု ရှိစေရန်အတွက်ဖြစ်သည်။ ယခုလက်ရှိကာလတွင်လည်း မေ ၂၈ ရက်က ထုတ်ပြန်လိုက်သည့် အသိပေး ကြေညာချက်နှင့်အညီ ညွှန်ကြားချက်များ၊ စည်းကမ်းချက်များကို လူတိုင်းလူတိုင်း အလေးထားလိုက်နာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို အောင်မြင်စွာ အနိုင်ယူကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း။ ။

HOT NEWS
January 4,