တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း တွေ့ဆုံညှိနှိုင်း အစည်းအဝေးကျင်းပ

တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း တွေ့ဆုံညှိနှိုင်း အစည်းအဝေးကျင်းပ


Ministry of Information/ ​နေပြည်တော် / July 03, 2020
image_latest


နေပြည်တော်   ဇူလိုင်   ၃

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းတွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းဝေးသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ အထွေထွေ အတွင်းရေးမှူး မင်းဗညားစန်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၀ ကို ပိုမိုကျယ်ပြန့်စွာ ကျင်းပနိုင်ခဲ့သဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများအားလုံး ပွဲတော်သို့ လာရောက် ဆင်နွှဲခဲ့ကြသည့် အတွေ့အကြုံများသည် ပြည်ထောင်စုသားများ၏ ဖွံ့ဖြိုးမှုနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပါကြောင်း၊ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ဦးဆောင် ကာ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် တိုင်းရင်းသားလုပ်ငန်းရှင်အသင်း အဖွဲ့များ ဖွဲ့စည်း၍ အသေးစား အငယ်စား အလတ်စား စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်နိုင်ခြင်းဖြင့် ဒေသခံ တိုင်းရင်းသားများ၏ ဖွံဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုမှ တစ်ဆင့် တိုင်းရင်းသားဒေသများတွင်  အကြီးစားစီးပွားရေးလုပ်ငန်းများကို ပြည်ပနိုင်ငံများ က လာရောက်ပူးပေါင်းရင်းနှီးမြှုပ်နှံခြင်းဖြင့် ကမ္ဘာ့ရေစီးကြောင်းတွင် လိုက်ပါ ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း ပြောကြားသည်။  

ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကာ တိုင်းရင်းသားဒေသဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှမော်ဦးက ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာက မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းအနေဖြင့် တိုင်းရင်းသားများ၏ စီးပွားရေး အခွင့်အလမ်းများ ဖော်ဆောင်ပေးမှု အခြေအနေ၊ တိုင်းရင်းသားဒေသများတွင် အသေးစား အငယ်စား အလတ်စား စီးပွားရေးလုပ်ငန်းများကို တိုင်းရင်းသားအစုအဖွဲ့များဖြင့် ဒေသ၏ အရင်းအမြစ်များကို ဖော်ထုတ်ဆောင်ရွက်နေသည့်အခြေအနေ၊ အနာဂတ်တွင် စီးပွားရေး လုပ်ငန်းများကို လူမျိုးစွဲဒေသစွဲ ဘာသာစွဲ မဆောင်ရွက်ဘဲ လူမျိုးပေါင်းစုံ အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေ၊ ဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွား နိုင်မှုများကို ဆွေးနွေးတင်ပြသည်။

ယင်းနောက် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးလှမော်ဦးက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ကိုဗစ်-၁၉ ကာလနှင့် ကာလအလွန် ဦးစားပေးအလိုက် ဆောင်ရွက်နိုင်မှုအခြေအနေများ၊ သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၀ မှတ်တမ်းစာအုပ် ရိုက်နှိပ် ထုတ်ဝေနိုင်ရေး၊ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းအနေဖြင့် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ သို့ အလှူငွေထည့်ဝင်လှူဒါန်းနိုင်ရေး ဆွေးနွေး ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အခမ်းအနားအပြီးတွင် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရေးအတွက် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ အလှူငွေ သွားရောက်လှူဒါန်းသည်။ လှူဒါန်းပွဲအခမ်းအနားတွင် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းကိုယ်စား ဒုတိယဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာက ငွေကျပ်သိန်း ၂၀၀ ပေးအပ် လှူဒါန်းရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။

(သတင်းစဉ်)

HOT NEWS
January 4,