ဒုတိယဝန်ကြီး ဦးလှကျော် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဆည်ရေသောက်စနစ်များ ကွင်းဆင်းစစ်ဆေး

ဒုတိယဝန်ကြီး ဦးလှကျော် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဆည်ရေသောက်စနစ်များ ကွင်းဆင်းစစ်ဆေး


Ministry of Information/ နေပြည်တော် / January 24, 2021
image_latest


နေပြည်တော် ဇန်နဝါရီ ၂၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်အတွင်းရှိ ဆည်ရေသောက်စနစ်များ၊ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းများနှင့် မြန်မာ့စိုက်ပျိုးရေး ကဏ္ဍ ရှင်သန်နိုးကြားမှုမြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများ အား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိ မြို့နယ် ကျွဲရှင်းကျေးရွာအနီးရှိ ငလိုက်ရေလှောင်တမံသို့ ရောက်ရှိကြရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်နှင့် ညွှန်ကြားရေးမှူး ဦးခင်ဇော်တို့က တမံအတွင်း ရေသိုလှောင် ထိန်းသိမ်းထားရှိမှု၊ မြို့ရေပေးဝေရေးစနစ်အတွက် ရေပို့ လွှတ်ပေးနေမှု၊ တမံကြံ့ခိုင်မှုနှင့် ရေပိုလွှဲပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ငလိုက် ရေလှောင်တမံသည် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အတွင်း နှစ်စဉ် ပျမ်းမျှစီးဝင်ရေ ၈၅၀၃၆ ဧကပေ ရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်အတွင်း မိုးရေချိန်သိသာစွာကျဆင်းခဲ့မှု ကြောင့် ဝင်ရေ ၂၉၃၇၇ ဧကပေသာရှိခဲ့သဖြင့် ရေအနည်းလို သီးနှံများ အစားထိုးစိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများ ပူးပေါင်း၍ ရေတိုရေရှည်အစီအမံများ ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင်လည်း ရေလှောင် တမံများ ဝင်ရေလျော့နည်းကျဆင်းလာမှုအပေါ် ရေကူ ဖြည့်တင်းခြင်းနည်းလမ်းများ ရှာဖွေဖော်ထုတ်ဆောင်ရွက် ကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ငလိုက်ရာဘာ ရေလွှဲဆည်သို့ရောက်ရှိကြပြီး ရာဘာရေလွှဲဆည်အတွင်း နုန်းဆည်ယူရန်လိုအပ်နေမှု၊ တူးမြောင်းမကြီး ပြုပြင်မွမ်းမံ နေမှုနှင့် ဆည်ရေသောက်စနစ် အဆင့်မြှင့်တင်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကြသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနား ဟောင်းအုပ်စု၊ ကြို့ပင်(အလယ်)ကျေးရွာသို့ ရောက်ရှိကြပြီး ကျေးရွာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ တာဝန်ရှိသူများက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်းဆိုင်ရာများ၊ ကျေးရွာရေရရှိရေးအတွက် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း၊ ဂါလန် ၂၄၀၀ ရေစင်တည်ဆောက် ခြင်းလုပ်ငန်းနှင့် ကျေးရွာ ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနေမှု တို့ကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့နယ် ပေါစံခေါကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ရေး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု နှင့် စီမံကိန်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ အသိပညာနည်းပညာပြန့်ပွားရေး ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယ ဝန်ကြီးက ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် သီးနှံအမယ်သစ်များ ပြောင်းလဲစိုက်ပျိုးရေး၊ ဈေးကွက်ဝင် ဈေးကောင်းရ အရည်အသွေးကောင်းသီးနှံများ စိုက်ပျိုး ထုတ်လုပ်ရေးအတွက် နည်းပညာနှင့်လိုအပ်ချက်များ ပံ့ပိုး ကူညီပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်း ဆည်ရေသောက်စနစ်အတွင်း စနစ်ကျ စက်မှုလယ်ယာမြေ ဖော်ထုတ်ခြင်း လုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊ ပေါင်းလောင်းရေလှောင်တမံကြံ့ခိုင်မှု၊ ဆည်ရေသိုလှောင် ထားရှိမှု၊ ဝင်ရေ / ထွက်ရေနှင့် မြို့ပြသုံးရေ အကျိုးပြုနေမှု တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,