ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ၊ ဇာတ်ကားတစ်ခုလုံး၏ တစ်ဝက်နီးပါး ဇာတ်ဝင်ခန်း ၅၃ ခန်းရိုက်ကူးပြီးစီး

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ၊ ဇာတ်ကားတစ်ခုလုံး၏ တစ်ဝက်နီးပါး ဇာတ်ဝင်ခန်း ၅၃ ခန်းရိုက်ကူးပြီးစီး


Ministry of Information/ ​နေပြည်တော် / December 14, 2019
image_latest


ရန်ကုန် ဒီဇင်ဘာ ၁၄

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ ကမ္ဘောဇရိပ်သာ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အဖွင့်အမှာစကားပြောကြားရာတွင် ယခုအခါတွင် ရုပ်ရှင်ဇာတ်ကားကြီး တစ်ခုလုံး၏ တစ်ဝက်နီးပါး၊ ဇာတ်ဝင်ခန်း ၅၃ ခန်းကိုရိုက်ကူး ပြီးစီးပြီဟု သိရသည့်အတွက် ရိုက်ကူးပြီးစီးမှုများကို ပြန်လည်သုံးသပ်ဆွေးနွေးပြီး အားသာချက်၊ အားနည်းချက်များကို ဌာဆိုင်ရာများ အပါအဝင်အခြားသော အသိပညာရှင်၊ အတတ်ပညာရှင်၊ ကော်မတီ၊ ဆပ်ကော်မတီများနှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်ကြရန် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ရိုက်ကူးမှု အားလုံးပြီးဆုံးသွားသည့် အခါတွင် ရုပ်သံတည်းဖြတ်ခြင်း၊ နောက်ခံ တေးဂီတများဖန်တီးခြင်း၊ ကွန်ပျူတာ ဂရပ်ဖစ်ဆိုင်ရာ အထူးပြုလုပ်ချက်များထည့်သွင်းခြင်း စသည့် နည်းပညာလုပ်ငန်းများလည်းများစွာ ဆက်လက်ဆောင်ရွက်ရန်ရှိမည် ဖြစ်ကြောင်း။

သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး၏ အတ္ထုပ္ပတ္တိသည် လူအများနားလည်ထားသည့် သာမန်ရုပ်ရှင်ဇာတ်ကား တစ်ကားကဲ့သို့ ဇာတ်ကွက်၊ ဇာတ်လမ်းများ၊ စိတ်ကူးယဉ် ဇာတ်ကောင်၊ ဇာတ်ဆောင်များ အနိမ့်အမြင့်တက်ကျ ရသမျိုးစုံ အချက်အလက်များနှင့် ပြည့်စုံချင်မှပြည့်စုံမည်ဖြစ်သော်လည်း ဆက်စပ်ပြေပြစ်ချောမွေ့သည့် ရသစာတမ်း တစ်စောင်ကဲ့သို့မျိုး ခံစားခွင့်ရကြမည်ဖြစ်ကြောင်း၊ သမိုင်းတွင်ကျန်ခဲ့မည့် အတ္ထုပ္ပတ္တိ ဇာတ်ကားတစ်ကားပေါ်ထွန်းရန် ညှိနှိုင်းပေါင်းစပ်မှုများဖြင့် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး(၂) ဦးလူမင်းက ရိုက်ကူးထုတ်လုပ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဆပ်ကော်မတီများနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဉ်ကို ရုပ်ရှင်အဖြစ် မှတ်တမ်းတင်ခြင်းဖြင့် သမိုင်းအထောက်အထားတစ်ခု ကျန်ရစ်စေရန်၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားဖြောင့်မတ်မှု၊ သစ္စာရှိမှု၊ သတ္တိရှိမှု၊ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်မှု အစရှိသည့် ကောင်းမြတ်သည့် ဂုဏ်အင်္ဂါ အရည်အသွေးများကို မျိုးဆက်သစ်များက သိရှိနားလည်ပြီး အတုယူ အားကျစေရေး တင်ဆက်ပေးနိုင်ရန်၊ ဗိုလ်ချုပ်နှင့်တကွအာဇာနည် ပုဂ္ဂိုလ်ကြီးများ ရယူပေးခဲ့သည့် လွတ်လပ်ရေးကို တန်ဖိုးထားပြီး အဒွန့်ရှည်တည်တံ့ရေးကို ထိမ်းသိမ်းနိုင်ရန် စသည့် လုပ်ငန်းရည်မှန်းချက်သုံးရပ်ဖြင့် အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-လှမိုး

 

HOT NEWS
January 4,