ရတနာမြတ်သုံးပါး ဖူးပွင့်လာသော ဝါဆိုလ

ရတနာမြတ်သုံးပါး ဖူးပွင့်လာသော ဝါဆိုလ


Ministry of Information/ ​နေပြည်တော် / August 03, 2020
image_latest


ဝါဆိုလသည် နွေဥတုကုန်ဆုံးသောလ၊ နွေရာသီ၏ အဆုံးအဖျားလပင်ဖြစ်၏။ ဝါဆိုဟူသော ဝေါဟာရမှာ “ဝါ”သည် ပါဠိစကားလုံး “ဝါသ”မှ ဆင်းသက်လာ၏။ “နေခြင်း” ဟုအနက်ရ၏။ “ဆို”မှာ ရွတ်ဆိုခြင်းဖြစ်၏။ ထို့ကြောင့် ဝါဆိုလသည် ဤအာရမ်အတွင်း၌ မိုးသုံး လပတ်လုံးနေပါ မည်ဟု ရွတ်ဆိုကတိပြုခြင်းကို ဆိုလို၏။ “မိုးလဦးကို ကြိုင်မြူးအေးမြတ် ပုန်းညက်စံပွင့် မြိုင်ညီလွန်၊ ရာသီလည်ပတ် ကရကဋ်” ဟူ၍ ဝါဆိုလဖွဲ့ လူးတားဖြင့် စာဆိုဦးအောင်ကြီးက ဖွဲ့ဆိုထား၏။ ဖူးပွင့်ကြသော ရာသီပန်းများဖြစ်သော ပုန်းညက်ပန်း၊ မိကျောင်းပန်းမှအစ ပန်းမျိုးစုံတို့ကို မြတ်ဘုရားရှင်အား လှူဒါန်းပူဇော်ကြသော အချိန်ကာလဖြစ်၏။

ပုဂံပြည် အနော်ရထာမင်းစောလက်ထက် ပရိယတ္တိ သာသနာစာပေကျမ်းဂန်ရောက်၍ ရဟန်းသံဃာတို့ ဝါဆို ဝါကပ်ပြုတော်မူသောကြောင့် ဝါဆိုလဟု မြန်မာဘာသာ ခေါ်ဝေါ်ရေးသားခဲ့ကြ၏။ ရှေးဝေါဟာရ မဟုတ်ပေ။ ပုဂံခေတ်ကျောက်စာအဦးပိုင်းတွင် ဝါဆိုလကိုမြှယ်တာလ ဟူ၍လည်းကောင်း၊ မြှယ်တာ ဟူ၍လည်းကောင်း ရေးသည်။ နှောင်းပိုင်းတွင် နွယ်တာဟူ၍လည်းကောင်း၊ နွေတာဟူ၍လည်းကောင်း ရေးလာကြသည်။ သို့သော် မွယ်တာသည်သာလျှင် အရင်းခံစကားဖြစ်သည်။ “ဖွယ်” ကား လယ်ယာ မိုးမြေကိုဟောသည်။ “တာ” ကား တိုင်းတာခြင်းပင် ဖြစ်သည်။ လယ်ယာမြေတို့ကို တိုင်းတာသောလဟု အဓိပ္ပာယ်ဖွင့်ရမည်။

“ဘုရားဖြစ်ကာ၊ မိဂဒါသို့၊ စကြာရွှေဖွား

ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်

မဟီတစ်သောင်း၊ တိုက်အပေါင်းမှ

ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား

ဝါဆိုလပြည့်၊ စနေနေ့ဝယ်

ကွေ့ကွေ့လျှံတက်၊ ဓမ္မစက်ကို

မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊

တရားနတ်စည်ရွမ်းတယ်ကို”

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးက ခုနစ်နေ့ဘုရားရှိခိုးတွင် မိဂဒါဝုန်၌ ဝါဆိုလဓမ္မစကြာ တရားဟောသည်ကို ထည့်သွင်းကာ ဘုရားရှိခိုးတော်မူ ခဲ့လေ၏။

ဝါဆိုလသည် ဘာသာတရားနှင့်ပြည့်စုံ၍ ထူးမြတ်သောလဖြစ်၏။ မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့က ဥရုဝေလတော နေရဉ္စရာမြစ်ကမ်းအနီးရှိ မဟာဗောဓိပင် ရွှေပလ္လင်တော်ထက်ဝယ် လောက၌ သိသင့်သိထိုက်သော အရာမှန်သမျှ ကြွင်းမဲ့ကုန်စင် ကောင်းစွာသိမြင်တော်မူကာ မြတ်ဘုရားရှင် ပွင့်တော်မူခဲ့၏။ ဥရုဝေလတောမှ တစ်ဆယ့် ရှစ်ယူဇနာဝေးသော ဗာရာဏသီပြည်အနီး မိဂဒါဝုန်တောအတွင်း၌ ပဉ္စဝဂ္ဂီငါးပါးတို့အား ဝါဆိုလပြည့် စနေနေ့တွင် ဓမ္မစကြာတရားဖြစ်သော “ဒွေးမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇို တေန သေဝိ တာ” အစရှိသော တရားရတနာများ ဟောကြားတော် မူလေ၏။ ဆင်းရဲခြင်းဒုက္ခကို အဆုံးသတ်ရန်ဖြစ်သောအကျင့်ကို ကောင်းစွာ ကျင့်ကြံလှည့်ကြပါဟု ဟောကြားဆုံးမတော်မူခြင်းဖြစ်၏။ သံသရာတစ်ကြာမှ လွတ်မြောက်ကြစေရန် အကျင့်ကောင်း ဖြစ်သော မဂ္ဂင်ဖောင်ကြီးကို တည်ဆောက်ပေးခြင်းပင်ဖြစ်ပေ၏။ အကျိုးတရားမှာ မဂ္ဂင်ရှစ်ပါး တည်းဟူသော အလယ်အလတ်ဖြစ်သော အကျင့်သည် ကိလေသာငြိမ်းခြင်းတည်းဟူသော ပါဠိဒေသနာ အရ နိဗ္ဗာန်အကျိုးငှာဖြစ်၏ဟူ၍ ဓမ္မစကြာ သုတ္တန်တွင်ဟောကြားထား၏။

မြတ်ဘုရားရှင်ဓမ္မစကြာတရားဟောရာ မိဂဒါဝုန်တောကို SARNATH ဟူ၍ သိကြသည်။ ခေါ်ဝေါ်နေကြသည်။ မြန်မာအသံထွက်အားဖြင့် ဆာနာသ်ဖြစ်ရာ ဆာနာသ်ဟူသော စကားသည်ပါဠိနှင့် သက္ကတစာပေတို့တွင် မတွေ့ရဟုဆိုကြ၏။ သုတေသီများက ထိုစကားသည် သရင်္ဂနာထဟူသော ပါဠိစကားမှ သာရထ၊ ထိုမှဆာနာသ် ဟူ၍ ရွေ့လျားလာခြင်းဖြစ်မည်ဟု တွက်ကိန်းပြုကြ၏။ သရင်္ဂနာထသည် တင့်တယ်သောကိုယ်ရှိသည့် သမင်မင်း ဟူသော အဓိပ္ပာယ်ရသည့်စကားပင်ဖြစ်၏။ မိဂဒါဝုန်တောနှင့်ပတ်သက်၍ ဝေါဟာရနှစ်ခု ရှိသည်။ မိဂဒါယနှင့် ဣသိပတနတို့ ဖြစ်သည်။ မိဂဒါယ သမင်အပေါင်းတို့ ကျက်စားရာတော၊ ဣသိပတနပစ္စေက ဗုဒ္ဓအရှင်မြတ်တို့ ကောင်းကင်မှ ဆင်းသက်ရာတာတို့ဖြစ်သည်။ အများအားဖြင့် သားသမင်တို့အား ဘေးမဲ့ပေးရာမိဂဒါဝုန်ဟူ၍ သုံးစွဲနေကြ၏။

မြတ်ဘုရားရှင်ဖွားမြင်ရာ၊ ဘုရားဖြစ်ရာ၊ ဓမ္မစကြာ တရားဦးဟောရာ၊ ပရိနိဗ္ဗာန်စံဝင်ရာ အရပ်ဌာနများသို့ အမျိုးကောင်းသားတို့ သွားရောက်သံဝေဂယူထိုက်သည်။ ထိုအရပ်များသို့လှည့်လည် ဖူးမြော်ရင်း လမ်းခရီး၌ သေခဲ့သော်ကောင်း ရာသုဂတိသို့လားရလတ္တံ့ဟုမဟာပရိနိဗ္ဗာန သုတ်ပါဠိတော် ၌လည်း ဟောကြားထားတော်မူပြီး ဖြစ်၏။

ထို့ကြောင့် မြတ်ဘုရားရှင်၏အတုမရှိသော ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူရာဌာနဖြစ်သော မိဂဒါဝုန်တောသည် သံဝေဂယူထိုက်သောဌာနတစ်ခုတွင် ပါဝင်လေ၏။ မိဂဒါဝုန်တောသည် မြတ်ဘုရားရှင်က ဓမ္မစကြာတရားဟောကြားတော်မူရာ သံဝေဇနိယဌာန ဖြစ်သကဲ့သို့ ပွင့်ထွန်းလာ သမျှသော ဘုရားရှင်အဆူဆူ တို့သည်လည်း ဤနေရာမှာပင် ဓမ္မစကြာတရားကို ဟောကြားလေ့ ရှိသဖြင့် “အဝိဇဟိတ” ဌာနဟုလည်းခေါ်၏။ “အဝိဇဟိတ” ဟူသည် ဘုရားရှင်တိုင်း မစွန့်လွှတ် သောနေရာကို ဆိုပါ၏။

မြတ်ဘုရားရှင်သည် မိဂဒါဝုန်တော၌ ပထမဝါကပ်တော်မူပြီး မပူလွန်း မအေးလွန်းသော သာရဒဥတု သီတင်းကျွတ်လလယ်သို့ရောက်သောအခါ၌တပည့်ရဟန်း သံဃာခြောက်ကျိပ်တို့ကို ...ရဟန်းတို့ သင်တို့သည် တစ်ကြောင်းတည်းသောခရီးဖြင့် နှစ်ပါးမသွားကြကုန်လင့်။ ခရီးတစ်ကြောင်းလျှင် တစ်ပါးစီသာ သွားကြ ကုန်လော့.."။ ထိုသို့ညွှန်ကြားဆုံးမလျက် ပြည်သူအတွင်းသို့ ပထမဆုံးအကြိမ် စေလွှတ်တော်မူလိုက်လေသည်။ ယင်းအဆုံးအမသည် ရဟန်းသံဃာများ၏ မဟာတာဝန်ကို ဖော်ဆောင်လိုက်ခြင်းဖြစ်ပေ၏။ ပဉ္စဝဂ္ဂီငါးပါးနှင့်တကွ စုစုပေါင်းခြောက်ကျိပ်မျှသော သံဃာ အဖွဲ့အစည်းကြီး ထွန်းသစ်ပေါ်ပေါက်ရာဒေသဖြစ်၏။ ပစ္စေကဗုဒ္ဓါ ရဟန္တာ ငါးရာ နိဗ္ဗာန် မျက်မှောက်ပြုရာဌာနတစ်ရပ်လည်းဖြစ်၏။ သာသနာတော်၏ သံဃာတော် ရဟန်းအဖွဲ့အစည်းတို့ကို စတင်၍ သာသနာပြုစေလွှတ်ရာအရပ်ဟုလည်း ဆိုနိုင်၏။

၁။ သာသနာသမိုင်းတွင် ဘုရားရှင်ပွင့်တော်မူသောကြောင့် ဘုရားရတနာပေါ်ထွန်းလာခဲ့၏။

၂။ မြတ်ဘုရားရှင်က ဓမ္မစကြာတရားဟောကြားတော်မူခဲ့သဖြင့် တရားရတနာပေါ်ထွန်းလာခဲ့၏။

၃။ တရားနာကြားရသည့် ပဉ္စဝဂ္ဂီငါးပါးတို့သည် ရဟန္တာ ဖြစ်သွားသည့်အတွက် သံဃာရတနာ များပေါ်ထွန်းလာခဲ့၏။

ထိုကဲ့သို့ သုံးပါးမြတ်ရတနာစုံညီစွာ ဖူးပွင့်လာသည့် “အဝိဇဟိတ” ဌာနကြီးဖြစ်ခဲ့လေရာ သာသနာတော် တည်တံ့နေသမျှ မေ့နိုင်ဖွယ်ရာမရှိသော ဌာနကြီးအဖြစ် တည်ရှိနေမည်သာဖြစ်ပေသတည်း။ ။

ဒေါက်တာမောင်ဖြေ

HOT NEWS
January 4,