အန္တရာယ်ရှိသော မူးယစ်ဆေးဝါးများနှင့် စပ်လျဉ်းသည့် AIPA အကြံပေးကောင်စီ၏ တတိယအကြိမ် အစည်းအဝေးကျင်းပ

အန္တရာယ်ရှိသော မူးယစ်ဆေးဝါးများနှင့် စပ်လျဉ်းသည့် AIPA အကြံပေးကောင်စီ၏ တတိယအကြိမ် အစည်းအဝေးကျင်းပ


Ministry of Information/ ​နေပြည်တော် / June 29, 2020


နေပြည်တော် ဇွန် ၂၉  

အန္တရာယ်ရှိသော မူးယစ်ဆေးဝါးများနှင့် စပ်လျဉ်းသည့် AIPA အကြံပေးကောင်စီ၏ တတိယအကြိမ် အစည်းအဝေး (3rd AIPACODD Meeting) ကို ယနေ့နံနက် ၈ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုလွှတ်တော်၊ အာဆီယံပါလီမန်များညီလာခံ (AIPA) ဆိုင်ရာ ပူးပေါင်းကော်မတီဥက္ကဋ္ဌ၊ ဦးဇော်သိန်း ဦးဆောင်သည့် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။

အစည်းအဝေး၌ ဗီယက်နမ်အမျိုးသားလွှတ်တော် 1st Vice-President - Mdm. Tong Thi Phong နှင့် AIPA အထွေထွေအတွင်းရေးမှူးချုပ်၊ Ms. Nguyen Tuong Van တို့က အမှာစကား ပြောကြားသည်။

ထို့နောက် မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) မှ ကိုယ်စားလှယ်၊ မူးယစ် ဆေးဝါးဆိုင်ရာ အာဆီယံအဆင့်မြင့် အရာရှိကြီးများအဖွဲ့ (ASOD)၏ ကိုယ်စားလှယ်တို့က ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း မူးယစ်ဆေးဝါး ကာကွယ်တားဆီးခြင်း အခြေအနေများနှင့် အကျိုး သက်ရောက်မှုများ၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများနှင့် စိန်ခေါ်မူများ၊ နယ်စပ်ဖြတ်ကျော် မူးယစ် ဆေးဝါးကုန်ကူးမှုနှင့် သုံးစွဲမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ဗီယက်နမ်နိုင်ငံ အလုပ်သမား၊ မသန်စွမ်းသူများ (War Invalids)နှင့် လူမှုရေးရာဝန်ကြီးဌာနက ဗီယက်နမ်နိုင်ငံ၏ မူးယစ်ဆေးစွဲမှု ကုသခြင်းနှင့် ကာကွယ်တားဆီးခြင်းဆိုင်ရာ အတွေ့အကြုံများကို မျှဝေခဲ့သည်။

ယင်းနောက် AIPA အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့များက နိုင်ငံအလိုက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် စိန်ခေါ်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ အတွေ့အကြုံများကို အပြန်အလှန်မျှဝေ ဆွေးနွေးခဲ့ကြသည်။

ယင်းအစည်းအဝေး၌ “Turning Words into Actions towards a Drug-free ASEAN Community” နှင့်စပ်လျဉ်းသည့် အဆိုမူကြမ်းကို ဆွေးနွေးအတည်ပြုခဲ့သည်။ အဆိုပါအဆို မူကြမ်းတွင် “ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ်တွင် ဒေသတွင်း၊ နိုင်ငံတကာနှင့် ကမ္ဘာတစ်ဝန်းရှိ မူးယစ်ဆေးဝါးနှင့် စပ်လျဉ်းသည့် ပြဿနာများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စေရန် စွမ်းရည်မြှင့်တင်ခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များပေးခြင်း၊ အစီအမံများ ဆောင်ရွက်ခြင်း၊ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သတင်းအချက်အလက် ဝေမျှခြင်းတို့မှတစ်ဆင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြှင့် ဆောင်ရွက်ရန်” တိုက်တွန်းထားသည်။ ထို့နောက် ဗီယက်နမ်အမျိုးသားလွှတ်တော်မှ Mdm. Nguyen Thuy Anh က နိဂုံးချုပ်အမှာစကား ပြောကြားသည်။          

အစည်းအဝေးသို့ AIPA ပူးပေါင်းကော်မတီဝင်များဖြစ်ကြသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာပြည့်စုံဝင်းတို့ ပါဝင် တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,