(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနား ဘားအံမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနား ဘားအံမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / November 08, 2018


ဘားအံ နိုဝင်ဘာ ၇

 (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်း၌ နိုဝင်ဘာ ၇ ရက်၊ ကရင်ပြည်နယ်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
 အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးစောစံလင်းတို့က သဘာပတိအဖြစ် ဆောင်ရွက်ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ၊ ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများနှင့်ရဲဘော်အပေါင်းအား အလေးပြုကြကာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှပေးပို့သည့် ၂၀၁၈ခုနှစ် (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ သဝဏ်လွှာကို ဖတ်ကြားသည်။
 ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အဖွင့်မိန့်ခွန်းပြောကြားရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ စုစည်းနေထိုင်လာကြတဲ့ နိုင်ငံဖြစ်သလို ငြိမ်းချမ်းရေးအရ အရေးပါတဲ့နေရာမှာတည်ရှိတဲ့ ပြည်နယ်ဖြစ်ပါကြောင်း၊ ဒီနေ့ ဒီအချိန်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်နေတာကတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပဲဖြစ်ပါကြောင်း၊ ဒါကြောင့်လည်း မိမိတို့အစိုးရအနေနဲ့ ပြည်သူတွေရဲ့ တောင့်တချက်၊ နိုင်ငံတော်ရဲ့ လိုအပ်ချက်ဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မျက်ခြေပျက်မခံဘဲ တစ်စိုက်မတ်မတ်နဲ့ ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါကြောင်း၊ ထိုက်သင့်တဲ့ အောင်မြင်မှုတွေလည်း ရရှိနေပြီလို့ ဆိုနိုင်ပါကြောင်း၊ အားလုံးက ပြင်းပြတဲ့စိတ်ဆန္ဒရှိမယ်ဆိုရင် မကြာခင်မှာ ငြိမ်းချမ်းသာယာတဲ့ မြန်မာနိုင်ငံကြီးဖြစ်လာမယ်ဆိုတာ ယုံကြည်ပါကြောင်း၊ ကရင်ပြည်နယ် ငြိမ်းချမ်းသာယာရေး၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ ကရင်ပြည်နယ်သူ/ပြည်နယ်သား ညီအစ်ကို မောင်နှမတွေရဲ့၊ လူနေမှုဘဝ မြင့်မားရေး၊ ကရင်ပြည်နယ်အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်မတို့အစိုးရအနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်ဆောင်ရွက်နေပါကြောင်း၊ ဒီလိုဆောင်ရွက်ရာမှာ ပြည်သူနဲ့အတူဆိုတဲ့အတိုင်း ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအနေနဲ့လည်း တက်ကြွစွာပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းနှိုးဆော်ပါကြောင်းဖြင့် ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများက ပြည်နယ် ဂုဏ်ထူးဆောင် ထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။
 ဆက်လက်၍ ၂၀၁၈ခုနှစ် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများနှင့် ပျော်ပွဲရွှင်ပွဲမုခ်ဦးဖွင့်ပွဲကို ကျင်းပရာ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် နှုတ်ခွန်းဆက်စကားပြောကြားပြီး အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံတို့က ပြခန်းများနှင့် ပျော်ပွဲရွှင်ပွဲမုခ်ဦးဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ငြိမ်းချမ်းရေးအထိမ်းအမှတ် ချိုးငှက်များ လွှတ်ပေးခဲ့ကြ သည်။
 ယင်းနောက် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ၂၀၁၈ခုနှစ် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဌာနဆိုင်ရာများနှင့် NGO ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
 အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးစောစံလင်း၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ ကရင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

 

 

 

 

 

HOT NEWS
January 4,