၂၀၁၈ ခုနှစ်၊ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စစ်တမ်းအစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားကျင်းပ

၂၀၁၈ ခုနှစ်၊ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စစ်တမ်းအစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားကျင်းပ


Ministry of Information/ နေပြည်တော် / January 11, 2019
image_latest


နေပြည်တော် ဇန်နဝါရီ  ၁၁

၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုစစ်တမ်းအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ မူးယစ်ပြတိုက်၌ ကျင်းပသည်။

အခမ်းအနားတွင် မူးယစ်ဗဟိုအဖွဲ့ဝင်၊  ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ယခု ထုတ်ပြန်သည့် အစီရင်ခံစာသည် မူးယစ်ဗဟိုနှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ၂၀၁၈  ခုနှစ် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု စစ်တမ်းကောက်ယူခြင်း ရလဒ်များအား တင်ပြသည့် အစီရင်ခံစာဖြစ်ပါကြောင်း၊ မူးယစ်ဗဟိုနှင့် UNODC တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို ၂၀၀၁ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ပါကြောင်း၊ စစ်တမ်းကောက်ယူခြင်းရဲ့ ရည်ရွယ်ချက်မှာ မြန်မာ နိုင်ငံရဲ့ တရားမဝင်သီးနှံစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို သိရှိနိုင်ဖို့နဲ့ ယင်းဒေသမှာရှိတဲ့ ဒေသခံတွေရဲ့ ဘိန်းစိုက်ပျိုးမှုအပေါ်မှီခိုနေရတဲ့ လူမှုစီးပွား အခြေအနေများကို သိရှိနိုင်ဖို့ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုသည် ၂၀၀၆ ခုနှစ်တွင် ဟက်တာ ၂၁၅၀၀ ထိ အနိမ့်ဆုံးသို့ရောက်ရှိခဲ့ပြီး၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ပြန်လည် မြင့်တက်ခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ဘိန်းစိုက်ပျိုးမှုသည်အထိုက်အလျောက် ကျဆင်းခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုမှာ ဟက်တာ ၅၅၀၀၀ ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ဟက်တာ ၄၁၀၀၀ ထိရှိခဲ့၍ ၂၅ ရာခိုင်နှုန်း လျော့ကျခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ဟက်တာ ၃၄၃၀၀ စိုက်ပျိုးမှုရှိခဲ့၍ ၂၀၁၇ ခုနှစ်ထက် ထပ်မံ၍ ၉.၁ ရာခိုင်နှုန်း လျော့ကျခဲ့သည်ကို တွေ့ရမှာ ဖြစ်ပါကြောင်း၊ ဘိန်းစိုက်ပျိုးမှုကို ရှမ်းပြည်နယ်တွင် အများဆုံး စိုက်ပျိုးပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်များတွင်လည်း စိုက်ပျိုးသည်ကို တွေ့ရှိရ ပါကြောင်း၊ ၁၉၉၉ ခုနှစ်တွင် မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းနှင့် နောက်တိုး ၅ နှစ် စီမံကိန်းတွေကို ၂၀၁၉ ခုနှစ်ထိရေးဆွဲကာ မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက် ရှိပါကြောင်း။

ယခုအခါ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB)တို့နှင့် ပူးပေါင်းပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်များတွင် ရေရှည်တည်တံ့မည့် အစားထိုးဖွံ့ဖြိုရေး လုပ်ငန်းများ ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မူးယစ်ဗဟိုအဖွဲ့အနေဖြင့် UNODC အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး  မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ထုတ်လုပ်မှုလျော့ချရေးနှင့်  အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျော့ချရေး၊ နိုင်ငံ တကာ ပူးပေါင်း ဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ရေးနှင့် လူ့အခွင့်အရေး ပြဌာန်းချက်များနှင့် အညီ ဖြစ်စေရေး စသည့်ကဏ္ဍအသီးသီးကိုအခြေခံ၍ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒ အသစ်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ အတည်ပြုနိုင်ပြီး၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်မှာ နိုင်ငံတကာသို့ ထုတ်ပြန်ကြေငြာခဲ့ပြီး  ဖြစ်ပါကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း ထောက်ခံကြိုဆိုပြီး အသစ်ရေးဆွဲပြီးသော မူဝါဒလုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မူးယစ်ဗဟို အဖွဲ့အနေဖြင့် အမျိုးသားမဟာဗျူဟာ စီမံချက် (National Strategic Plan) ရေးဆွဲထားရှိပြီး ဘိန်းစိုက်ပျိုးမှုလျော့ချရေးကို အဓိက အခန်းကဏ္ဍအဖြစ် ထည့်သွင်းရေးဆွဲ ထားရှိပါကြောင်း၊ ရေးဆွဲပြီးတဲ့ မူဝါဒသည် ပြည်သူ့ ကျန်းမာရေးကို ဦးစားပေးသောချဉ်းကပ်မှုများ၊ ဖွံ့ဖြိုးရေးကိုဦးစား ပေးသော ချဉ်းကပ်မှုများကို အလေးပေးရေးဆွဲခဲ့ခြင်းဖြစ်ပြီး ရေရှည်တည်တံ့သောဖွံ့ဖြိုးရေးစီမံချက် အောင်မြင်ရေးအတွက် အထောက်အကူဖြစ်မှာဖြစ်ပါကြောင်း၊ ယင်း အစီရင်ခံစာတွင်ပါရှိသော ဘိန်းစိုက်ဧရိယာ အကျယ်အဝန်း၊ ဘိန်းထုတ်လုပ် စိုက်ပျိုးမှုပုံစံများအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာချမှတ်သူများအတွက် မရှိမဖြစ် လိုအပ်သည့် အချက်အလက် များဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)မှ Ms.Miwa Kato မှ အမှာစကားပြောကြားပြီး ဌာနေ ကိုယ်စားလှယ် Mr.Jeremy Douglas မှ အစီရင်ခံစာအချက်အလက် များအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ယင်းနောက် တက်ရောက်လာသည့် သတင်းမီဒီယာသမားများနှင့် သတင်းနှင့်စာနယ်ဇင်း ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို မူးယစ်ဗဟိုအဖွဲ့မှ တာဝန်ရှိသူများ၊ UNODC ကိုယ်စားလှယ်များမှ ရှင်းလင်းဖြေကြားသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မူးယစ်ဗဟိုအဖွဲ့ဝင်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန် တိုင်းဒေသကြီး (မူး/စိတ်/တား) အဖွဲ့၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ NGO နှင့် INGO ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း MANA အဖွဲ့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်စားလှယ်များ၊ အမျိုးသမီးရေးရာ အဖွဲ့မှကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပသတင်း မီဒီယာသမားများနှင့် သတင်းနှင့် စာနယ်ဇင်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,