နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပဲခူးခရိုင်အတွင်းရှိ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပဲခူးခရိုင်အတွင်းရှိ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / March 15, 2019
image_latest


နေပြည်တော် မတ် ၁၅

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၌ ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဒေါက်တာ မျိုးသိမ်းကြီးနှင့်  ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော် မြတ်ကြီးသို့ ရောက်ရှိကြပြီး ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီး၊ ဆွမ်းနှင့် အမွှေး နံ့သာတိုင်များ ကပ်လှူပူဇော်ကြည်ညိုကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် စေတီတော်ဂေါပကအဖွဲ့အား ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်ရန် လှူဒါန်းငွေကျပ် ၅ သိန်းကို ပေးအပ် လှူဒါန်းပြီး စေတီတော်ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် စေတီတော် အင်္ဂါထောင့်ရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီး၊ ဆွမ်းနှင့် အမွှေးနံ့သာတိုင်များ ကပ်လှူပူဇော် ကြည်ညိုပြီး  စေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမြော် ကြည်ညိုသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပဲခူးမြို့နယ်ခန်းမ၌ ပဲခူးခရိုင်အတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ သည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းမြင့်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်သန်းဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးခရိုင်အတွင်းရှိ ဒေသခံပြည်သူများ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျွန်မတို့ တိုင်းနဲ့ပြည်နယ်တွေကို လှည့်လည် သွားပြီးတော့ ပြည်သူတွေနဲ့ တွေ့ဖို့ ကြိုးစားတယ်ဆိုတာဟာ ပြည်သူတွေရဲ့ အခြေအနေတွေ၊ အစိုးရအဖွဲ့တွေရဲ့ အခြေအနေတွေ၊    အုပ်ချုပ်ရေးပိုင်း ဆိုင်ရာဖြစ်တဲ့ ဝန်ထမ်းတွေရဲ့ အခြေအနေတွေကို သိချင်လို့ ဖြစ်ပါတယ်။ ပြည်သူ၊ အစိုးရနဲ့ ဝန်ထမ်းတွေ အားလုံး တစ်စည်း တစ်ပေါင်းတည်း ဖြစ်မှသာလျှင် ကျွန်မတို့လိုရာပန်းတိုင်ကို မြန်မြန်ဆန်ဆန်နဲ့ ကောင်းကောင်း မွန်မွန် ချောချော မွေ့မွေ့ရောက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီသုံးဦးသုံးဖလှယ်ဟာ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆွေရင်းသဖွယ် စိတ်ထဲမှာထားဖို့ လိုပါတယ်။

ပြည်သူတွေက အုပ်ချုပ်ရေးဆိုင်ရာကို ရန်သူလိုမြင်နေရင်တော့ ဒါတစ်ခုခု မှားနေပြီ၊ အများ အားဖြင့်တော့ အုပ်ချုပ်ရေး ဘက်က မှားခဲ့တာကများပါတယ်။ အခုနောက်ပိုင်းမှာတော့ ပြန်ပြီးပြုပြင်ဖို့လိုပါတယ်။ များသောအားဖြင့် ကျွန်မတို့ ပြည်သူ တွေရဲ့ တောင်းဆိုချက်တွေဟာ မလွန်ဘူးလို့ ကျွန်မကတော့ မြင်မိပါတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဝန်ထမ်းတွေ ဘက်ကလည်း ပြည်သူတွေရဲ့ဆန္ဒတွေကို အပြည့်အဝ ဖြည့်ဆည်းမပေးနိုင်တာ ဝန်ထမ်းတွေရဲ့ အပြစ်ချည်း ပဲလည်း မဟုတ်ပါဘူး။ ကျွန်မတို့စနစ်နဲ့လည်း အများကြီးဆိုင်ပါတယ်။ ဒီစနစ်ကို ကျွန်မတို့ ပြုပြင်ပြောင်းလဲနေပါတယ်။ ပြုပြင်ပြောင်းလဲနေတာနဲ့အမျှ ကျွန်မတို့ရဲ့ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ ဝန်ထမ်းတွေကလည်း ပြုပြင်ပြောင်းလဲ လာလိမ့်မယ်လို့ ကျွန်မအနေနဲ့ မျှော်လင့် ပါတယ်။

နောက်အစိုးရပိုင်းပါ။ ဒီမိုကရေစီအစိုးရဆိုတာ ပြည်သူလူထုကနေပြီးတော့ ရွေးချယ်တင်မြှောက် ထားတဲ့ အစိုးရ၊ ဒါကြောင့် ပြည်သူကို တာဝန်ခံရပါတယ်။ ပြည်သူ့ရဲ့အကျိုးအတွက် တာဝန် ထမ်းဆောင်ရမှာဖြစ်တယ်။ ပြည်သူ့အတွက် အကောင်းဆုံး၊ နိုင်ငံအတွက် အကောင်းဆုံး ကိစ္စရပ်တွေကို လုပ်ရမှာဖြစ်တယ်။ နိုင်ငံအပေါ်မှာ စေတနာထားရမယ်၊ ပြည်သူအပေါ်မှာ စေတနာထားရမယ်။ စေတနာထားတဲ့အပြင် လုပ်ရည်ကိုင်ရည်လည်း ရှိဖို့လိုပါတယ်။ တချို့က စေတနာ ရှိတယ်၊ လုပ်ရည်ကိုင်ရည်မပြည့်ဝဘူး၊ တချို့က လုပ်ရည်ကိုင်ရည် ပြည့်ဝတယ်၊ စေတနာကျတော့ အားနည်းနေတယ်။ ဒီနှစ်ခုစလုံးက ပြည့်ဝမှဖြစ်မှာပါ။

ကျွန်မတို့နိုင်ငံမှာ အစိုးရရယ်၊ ပြည်သူရယ်၊ ဝန်ထမ်းတွေရယ် တညီတညွတ်တည်း လုပ်မယ်၊ အားလုံးက စေတနာလည်း ပြည့်ဝတယ်၊ အရည်အချင်းလည်း ပြည့်ဝတယ်ဆိုရင် ကျွန်မတို့ နိုင်ငံအနေနဲ့ မတိုးတက်စရာအကြောင်း မရှိပါဘူး။

ကျွန်မတို့နိုင်ငံ တည်ငြိမ်မှ ကျွန်မတို့နိုင်ငံ တိုးတက်မှာပါ။ ဒါမှသာလျှင် ကျွန်မတို့နိုင်ငံထဲမှာ နေတဲ့ လူတွေအားလုံး၊ နိုင်ငံသူ နိုင်ငံသားများအားလုံး၊ အစိုးရကအစ ဝန်ထမ်းတွေရော၊ ပြည်သူ ပြည်သားတွေရော လုံခြုံနိုင်မှာပါ။ ဒီလို လုံခြုံရေးအတွက် ကျွန်မတို့ အားလုံးမှာ တာဝန်ရှိပါ တယ်။

ပထမဦးဆုံးတော့ ကိုယ့်ကိုယ်ကို စိတ်လုံခြုံအောင်လုပ်ရမယ်။ ကိုယ့်ကိုယ်ကို စိတ်လုံခြုံအောင် လုပ်ရမယ်ဆိုတာကတော့ မှန်မှန်ကန်ကန် လုပ်ဖို့ပါပဲ။ ကိုယ်မှန်မှန်ကန်ကန် လုပ်တယ်ဆိုရင် ကိုယ့်စိတ်က လုံခြုံမှာပဲ။ ပြင်ပအန္တရာယ်တွေကနေ လုံခြုံအောင် လုပ်ဖို့ဆိုတာကတော့ တရား ဥပဒေစိုးမိုးရေးအရ အုပ်ချုပ်နေတဲ့ အစိုးရက ဖြစ်မြောက်အောင် လုပ်ပေးရမှာပါ။ တရားဥပဒေ စိုးမိုးရေးဆိုတာ ဥပဒေတွေကိုလိုက်နာရမယ်။ ဒီဥပဒေတွေကလည်း တရားမျှတရမယ်။ တရားမမျှတတဲ့ ဥပဒေတွေဆိုရင် ပြုပြင်ပြောင်းလဲပြီး တရားမျှတအောင်လုပ်ရမှာ ဖြစ်ပါတယ်။ ဥပဒေတွေဆိုတာ လူတွေက လုပ်ထားတဲ့ ကိစ္စပါ။ ဒါကြောင့် လိုအပ်ရင် လူတွေကပြန်ပြီးတော့ ပြုပြင်နိုင်ရမယ်။ ပြောင်းလဲနိုင်ရမယ်။ ခေတ်နဲ့ညီအောင်လုပ်ရမယ်။ အားလုံးအတွက်ညီမျ ှအောင်၊ အားလုံးအတွက် တရားမျှတမှုရှိအောင် လုပ်သွားရမှာဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေဟာ ဥပဒေကို လေးစားတဲ့၊ ဥပဒေကိုလိုက်နာတဲ့ နိုင်ငံသူ နိုင်ငံသားတွေ ဖြစ်စေချင် ပါတယ်။ ကမ္ဘာကြီးကို ကြည့်လိုက်မယ်ဆိုရင် တိုးတက်မှု အများဆုံး၊ အမြန်ဆုံး နိုင်ငံတွေဟာ ပြည်သူပြည်သားများ စည်းကမ်းရှိလို့သာ ဖြစ်တယ်ဆိုတာကို တွေ့ရပါ လိမ့်မယ်။

ကျွန်မတို့နိုင်ငံဟာ တစ်ချိန်တစ်ခါတုန်းက အရှေ့တောင်အာရှမှာ လျှမ်းလျှမ်းတောက် အထွန်း ကားဆုံးဖြစ်မယ့် နိုင်ငံဆိုပြီး တစ်ကမ္ဘာ လုံးကသတ်မှတ်ခဲ့ပါတယ်။ အဲဒီအခြေအနေတွေက ပြောင်းလဲပြီး အခုဆိုရင် ဒေသတွင်းမှာ တောင်မှဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတွေထဲမှာ ပါနေပါတယ်။ ဒါပေမယ့် တစ်ချိန်တစ်ခါက တိုးတက်ခဲ့တယ် ဆိုတဲ့အင်အားနဲ့ ပြန်ပြီးတော့ လုပ်ဖို့လိုပါတယ်။ အရင်တုန်းက တိုးတက်သလို အခုဒါထက်ပိုပြီး တိုးတက်အောင် လုပ်မယ်ဆိုတဲ့ ဇွဲ၊ ဝီရိယ၊ သန္နိဋ္ဌာန်နဲ့ ဆက်ပြီးလုပ်ရင် ဒီနိုင်ငံဟာ မတိုးတက်စရာ အကြောင်းမရှိပါဘူး။

ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုဖြစ်တဲ့အလျောက် စိန်ခေါ်မှုတွေအင်မတန်မှ များပါတယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ကိုးကွယ်တဲ့ဘာသာပေါင်းစုံ၊ ပြောတဲ့ဘာသာ စကားပေါင်းစုံ ဒီလိုပေါင်းစုံနဲ့ဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးဆိုတော့ စိန်ခေါ်မှု တွေတော့ရှိမှာပါ။ ဒါပေမယ့် မတူကွဲပြားမှုတွေကို ကျွန်မတို့စုစည်းပြီး အင်အားတစ်ခု ဖြစ်အောင်လုပ်မယ်ဆိုရင် တခြား နိုင်ငံတွေနဲ့ မတူတဲ့အင်အားတွေ ကျွန်မတို့ဆီမှာပွားများလာနိုင်ပါတယ်။ မတူတဲ့အရည်အချင်း တွေကို ပေါင်းလိုက်ရင် ပိုပြီး ပြည့်စုံသွားပါတယ်။

ကျွန်မတို့ဒီလိုခရီးတွေသွားတဲ့အခါမှာ ပြည်သူလူထုကိုမေးဖို့ စီစဉ်ပါတယ်။ မေးဖို့ဆိုတာ ပြည်သူလူထုတွေရဲ့စိတ်ထဲမှာ ဘယ်လိုစိုးရိမ်သောကတွေ ရှိတယ်ဆိုတာကို ကျွန်မတို့ သိနိုင်ဖို့ ဖြစ်ပါတယ်။ တကယ်တော့တချို့ကိစ္စတွေဟာ တိုင်းနဲ့ ပြည်နယ် အစိုးရတွေက ပြည်သူလူထုနဲ့ ထိတွေ့ပြီးဖြေနေရမယ့် မေးခွန်းတွေဖြစ်ပါတယ်။ ဒါလည်း ကျွန်မသွားတိုင်း ပြောပါတယ်။  တိုင်းနဲ့ပြည်နယ် အစိုးရတွေမှာတာဝန်ရှိတယ်။  ပြည်သူလူထု ကြားထဲကိုဆင်းရမယ်။ ပြည်သူ လူထုနဲ့ တစ်ချိန်လုံး ထိတွေ့ရမယ်။ ပြည်သူလူထုရဲ့အသံ တွေကိုနားထောင်ရမယ်။ သိချင်တဲ့ မေးခွန်းတွေကိုပြန်ဖြေရမယ်။ အရေးကြီးတာက ပြည်သူကိုတာဝန်ခံတဲ့အစိုးရတစ်ခုဆိုတာ ဘာပဲလုပ်လုပ်ဘာကြောင့် လုပ်တယ်ဆိုတာ ပြည်သူကို ရှင်းပြနိုင်တဲ့အခြေအနေ တွေရှိရမယ်။ ဘာကြောင့်လုပ်တာကို မရှင်းပြနိုင်ရင်တစ်ခုခုမှားနေပြီ။ ဒါကြောင့် အစိုးရတာဝန်ကို ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်များအားလုံးဟာ ပြည်သူတွေရဲ့မေးခွန်းကို ဖြောင့်ဖြောင့်မတ်မတ် ဖြေနိုင်ရမယ်။ တစ်ခါတစ်လေ နိုင်ငံရဲ့လုံခြုံရေးအရ၊ လိုအပ်ချက်အရ အလုံးစုံမဖြေနိုင်ဘူးဆိုရင် ဖြေသမျှဟာ မှန်မှန်ကန်ကန်ပဲ ဖြစ်ရမယ်။ အဖြေမပေး နိုင်ပါဘူးဆိုတာကို မှန်မှန်ကန်ကန် ပြောပါ။ ပြည်သူကို တစ်ပတ်ရိုက်ဖို့၊ လှည့်ဖျားဖို့မစဉ်းစားပါနဲ့။ ပြည်သူကလည်း သိပါတယ်လို့ ကျွန်မအနေနဲ့ သတိပေးချင်ပါတယ်။

ပြည်သူများဟာ အစိုးရရဲ့လုပ်ရပ်တွေ၊ ဝန်ထမ်းတွေရဲ့လုပ်ရပ်တွေကို ဝေဖန်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ ဒါပေမယ့် ဒီဝေဖန်နိုင်တဲ့ အခွင့်အရေးကို သုံးတဲ့အခါမှာ ကျွန်မတို့နိုင်ငံရဲ့ ညီညွတ်ရေး၊ စည်းလုံးရေး၊ တည်ငြိမ်ရေးကို ဦးတည်ပြီးတော့ စေတနာနဲ့ဝေဖန်ပါ။ အပြုသဘောနဲ့ဝေဖန်ပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။ ဒါကြောင့် စေတနာ၊ မေတ္တာနဲ့ ပြုပြင်ပေးချင်တယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အစိုးရပိုင်းကိုရော ဝန်ထမ်းအပိုင်းကိုရော ပြည်သူလူထုကနေပြီး ပြုပြင်ဖို့ကြိုးစားပေးကြပါ။ အစိုးရပိုင်းနဲ့ ဝန်ထမ်းပိုင်းကလည်း ပြည်သူအပေါ်မှာ မေတ္တာ၊ စေတနာ အပြည့်အဝနဲ့ ပြည်သူ တွေရဲ့ အကျိုးအတွက် လုပ်ပေးကြပါ။ တကယ်စေတနာမှန်မှန်နဲ့ ပြည်သူအပေါ်မှာ လုပ်ပေးတဲ့ပုဂ္ဂိုလ်များဟာ ဘာတစ်ပြားမှမရှိဘဲနဲ့ ဒီလောကကြီးထဲကနေ ထွက်သွားရပေမယ့် ကျန်ခဲ့တဲ့ အမွေအနှစ်တွေက လူတွေ သုံးလို့၊ ဖြုန်းလို့ မကုန်ပါဘူးဆိုတာ ကျွန်မအမြဲ သတိပေးပါတယ်။ နိုင်ငံသူ နိုင်ငံသားတွေအတွက် သုံးလို့၊ ဖြုန်းလို့ မကုန်တဲ့ အမွေတွေ ထားပစ်ခဲ့ချင်ရင် အစိုးရ တာဝန်ယူနေတဲ့သူများ၊ နိုင်ငံ ဝန်ထမ်းများအားလုံးဟာ မှန်မှန်ကန်ကန်နဲ့ နိုင်ငံအပေါ်မှာ စေတနာထားပြီး လုပ်ပေးစေချင်ပါ တယ်။

ကျွန်မတို့ ဒီမှာ အမေးအဖြေတွေလုပ်ရင် အမြဲပဲ သတိပေးပါတယ်။ မေးချင်တာကို တိုတိုနဲ့ လိုရင်းပဲ မေးလိုက်ပါ။ ဖြေတဲ့ အခါကျရင်လည်း တိုတိုနဲ့လိုရင်းပဲ ဖြေစေချင်ပါတယ်။” ဟု ပြောကြားသည်။

ထို့နောက် ဒေသခံပြည်သူများကြိုတင် တင်ပြထားသည့် ပဲခူးခရိုင် နှစ်စဉ်နီးပါး ရေကြီး နစ်မြှုပ် သည့် ဘေးဒုက္ခ လျော့ပါးသက်သာစေရန် ကူညီဆောင်ရွက်ပေးနိုင်ရေး၊ ညောင်လေးပင်မြို့နယ် တွင် အချို့သော မူလတန်းလွန်ကျောင်းများ၌ ကျောင်းသားနှင့်ဆရာဦးရေ မမျှခြင်းနှင့် နယ်မြေ ဒေသလမ်းပန်းဆက်သွယ်ရေး စသည်တို့ကိုပြန်လည်သုံးသပ်၍ မူလတန်းလွန်ကျောင်း အချို့အား ကျောင်းအဆင့်ပြန်လည်လျော့ချပေးရေး၊ ပဲခူးခရိုင် ဒိုက်ဦးမြို့နယ် စက်မှုဝန်ကြီးဌာန အချိုမှုန့်စက်ရုံ (ယခုကော်ဖီစက်ရုံ) နိုင်ငံပိုင်စိုက်ကွင်းမြေအတွင်း အသုံးပြုခြင်းမရှိသည့် မြေဧရိယာများကို ပြန်လည်စွန့်လွှတ်ပေးပါရန်နှင့် စွန့်လွှတ်ခြင်း မရှိပါက ဒေသဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ပေးရေး၊ ဝေါမြို့နယ်အတွင်း နွေစပါးရေ ရရှိရေးအတွက် မိုးယွန်းကြီး ရေလှောင်ကန်ရေကို ဝေါ၊ သနပ်ပင်နှင့် ရန်ကုန်တိုင်းဒေသကြီး မိုင် (၃၀) စိမ်းလန်းစိုပြေရေးသို့ ပေးဝေနေ၍ ရေမလောက်ငမှုများ ဖြစ်ပေါ်လာသဖြင့် ဝေါမြို့နယ် တစ်ခုတည်းကိုသာ ပေးဝေပေးပါရန်နှင့် မရပါက ၁ ပေ အချင်း ရေလျှံတွင်းများ တူးဖော်ပေးနိုင်ရေး၊ ကျောက်တံခါးမြို့နယ် ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံကို တိုးမြှင့်ဖွင့် လှစ်ပြီး ဖြစ်သော်လည်း လူနာအရေအတွက်များပြားသဖြင့် တိုးချဲ့နှစ်ထပ်လူနာဆောင်ခွင့် ပြုချထားပေးနိုင်ရေး၊ ဟသာၤကုန်း ဘောလုံးကွင်း မြေနေရာကို စည်ပင်သာယာမှ ပြည်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး၊ ရွှေမော်ဓောစေတီတော် အတွင်းရှိ ဗုဒ္ဓအသံ ဓမ္မဗိမ္မာန်ကို ဂေါပကအဖွဲ့သို့ ငွေစာရင်းရှင်းတမ်းများနှင့်အတူ လွှဲပြောင်းပေးနိုင်ရေး၊ လွတ်လပ်ရေး ကျောက်တိုင်မြေနေရာကို အားကစားဝန်ကြီးဌာနမှ ဂရန်ထုတ်ယူ သိမ်းယူထားမှုကို အများပြည်သူအသုံးပြုနိုင်ရေး မြေနေရာအဖြစ် ပြန်လည်စွန့်လွှတ်ပေး နိုင်ရေးနှင့် ပဲခူးမြို့ရှိ (ညွန့်၊ အောင်ချမ်းသာ၊ ရဲတံခွန်၊ မော်ကန်) ရုပ်ရှင်ရုံများကို ပုဂ္ဂလိကသို့ လွှဲပြောင်းမှုများတွင် မည်သို့ဆောင်ရွက်ပေးသွားမည်ကိုသိရှိလိုခြင်း စသည့်မေးခွန်းများ နှင့်စပ်လျဉ်း၍လည်း ကောင်း၊ ခန်းမအပြင်ဘက်ရှိ ဒေသခံပြည်သူ (၁၀) ဦး က ရှမ်းကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးအား ဥပဒေမဲ့တာဝန်မှရပ်စဲမှု၊ ပဲခူးမြို့သည် နှစ်စဉ် နီးပါးရေကြီးနှစ်မြှုပ်သဖြင့် နောက်ဖေးလမ်းကြားများတူးဖော်ရေးနှင့် ပလက်ဖောင်းပေါ်ရှိ ဈေးသည်များ ကို ဖယ်ရှားရှင်းလင်းပေးရေး၊ အောက်ကမ္ဘာကျေးရွာရှိ မြေလွတ်မြေရိုင်းများတွင် မြေယာ ကျူးကျော်ခံနေရသည့် ကိစ္စရပ်များနှင့် ဒေသခံပြည်သူများ မြေယာများ ပြန်လည်ရရှိရေး၊ အမြန်လမ်း ၃၁ မိုင် ၂ ဖာလုံ၊ လှော်ကားမှ ပန်းခင်း အထိ လမ်းဖောက်လုပ်ရေး၊ ပဲခူးမြို့ မြို့တွင်းကြီးရပ်ကွက် ရတနာပုံလမ်းကို အများပြည်သူသွားလာနိုင်ရန် ဖောက်လုပ်ပေး နိုင်ရေး၊ အမှတ်(၁) ခဲယမ်းမီးကျောက်တပ်နှင့် လေတပ်တို့၏ ၁၉၉၆ ခုနှစ်နှင် ၁၉၉၇ ခုနှစ် လယ်ယာမြေ သိမ်းဆည်းမှု ဆိုင်ရာကိစ္စရပ်များ၊ ဝေါမြို့ မြစ်ကျိုးကျေးရွာ သိမ်းဆည်းခံမြေယာများ မူလပိုင်ရှင်များထံ ပြန်လည်အပ်နှံရေးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်ဖြေရှင်း ဆောင်ရွက်ပေးရေး၊ ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးထောက်ပံ့မှုများကို ရေဘေးသင့် ပြည်သူများထံ အပြည့်အဝရောက်ရှိစေရေး၊ ဝေါမြို့နယ် လက်ပံကျေးရွာတွင် လယ်ယာမြေပုံစံ - ၇ များ စနစ်တကျထုတ်ပေးနိုင်ရေး၊ အမြန်လမ်း မိုင်တိုင် ၃၁ မိုင် ၆ ဖာလုံ လှော်ကားရွာတွင် ကုမ္ပဏီများမှ မြေလွတ်မြေရိုင်းများ ခွင့်ပြုသည်ထက် ပိုမိုသိမ်းယူထားသည့်ကိစ္စရပ်များနှင့် ပဲခူးမြို့ ဥဿာမြို့သစ် အမှတ် (၈) ရပ်ကွက် အတွင်းရှိ တောင်သူလယ်သမားများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ခန်းမအတွင်းရှိ ဒေသခံပြည်သူ (၃) ဦး က အစ္စလာမ်ဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ ကျောက်တံခါးမြို့နယ် အောင်မြင်ကျေးရွာ တွင် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးနိုင်ရေး၊ ရေချို ငါးလုပ်ငန်းနည်းဥပဒေ အမြန်ဆုံး ထုတ်ပြန်ရေးဆွဲနိုင်ရေးနှင့် ဒေသခံပြည်သူများ၏ တင်ပြချက်များကို အမှန်တရား ပေါ်ပေါက် သည်အထိ အရေးယူ ဆောင်ရွက်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်းသည့် မေးခွန်းများကို တင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက်ရှင်းလင်းသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က  နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပဲခူး တိုင်းတွင် သတိထားမိသည့် အဓိကအချက် (၂) ချက်ရှိကြောင်း၊ တစ်ချက်မှာ တရားမျှတမှုကို မခံရသည့်ခံစားမှုများ တချို့ပြည်သူများတွင်ရှိကြောင်း၊ တရားမျှတမှုမရှိကြောင်း ပြည်သူများ ဘာကြောင့်ယူဆသလဲဆိုသည်ကို စဉ်စားလျှင်၊ အမှန်တကယ် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ မျှတမှု မရှိခြင်းကြောင့်  (သို့မဟုတ်) ဘာကြောင့် ကိစ္စတစ်ခုကို လုပ်ဆောင်သည်ဆိုသည်ကို သေသေ ချာချာ ပြည်သူများကို ရှင်းမပြခြင်းကြောင့် ထိုနှစ်ခုထဲမှ တစ်ခုဖြစ်ပါကြောင်း၊ မျှမျှတတ လုပ်ဆောင်ခြင်းမရှိဘူးဆိုလျှင် မိမိတို့ အစိုးရအဖွဲ့အနေဖြင့် စည်းမျဉ်းစည်းကမ်း ဥပဒေအရ အရေးယူရမည်ဖြစ်ကြောင်း၊ ပြည်သူများကို သေသေချာချာမရှင်းပြ၍ ပြည်သူများ နားမလည် သောကြောင့် နားလည်မှုလွဲသည်ဆိုလျှင် ပြည်သူများကို လေးလေးစားစားဖြင့် နားလည်အောင် ရှင်းပြသည့်တာဝန်ကို ထမ်းဆောင်သည့်နေရာတွင် ပို၍ကျေပွန်စေရန် အရည်အချင်း မြှင့်တင်ခြင်းလုပ်ပေးမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများကလည်း ပိုကြိုးစားရန် လိုကြောင်း။

နောက်တစ်ချက်မှာ တရားမျှတမှုမရှိကြောင်း တခါတရံဘေးမှ ဝိုင်းမြှောက်ပေးသည်လည်း ရှိပါကြောင်း၊ ထိုအရာများကို လည်း သတိပြုစေလိုကြောင်း၊ တချို့သည် နိုင်ငံ၏ တည်ငြိမ်မှုကို အဓိကမထားဘဲ ရန်စပွားရန်လုပ်ဆောင်လိုသည့် စိ်တ်ဓာတ်များဖြင့် လှုပ်ရှားနေသည့် အဖွဲ့အစည်းများ ပုဂ္ဂိုလ်များလည်းရှိကြောင်း။

ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း ဘေးမှမြှောက်ပေးသည်များကို မယုံသင့်ကြောင်း၊ မိမိ၏ အသိတရားဖြင့် ကိစ္စတစ်ခုကိုသေသေချာချာနားလည်ရန် ကြိုးစားသင့်ကြောင်း၊ ယခုတင်ပြ သွားသည့် ကိစ္စအားလုံးထဲမှ မတရားသဖြင့် ဆက်ဆံမှုခံနေရသည်ဟုထင်သည့် ပုဂ္ဂိုလ်များ၏ တင်ပြချက်များအားလုံးကို သေသေချာချာ စိစစ်မည်ဖြစ်ပါကြောင်း၊ အားလုံးကိုစိစစ်ပြီး တွေ့ရှိချက်အရလုပ်သင့်လုပ်ထိုက်သည်ကို လုပ်ပေးမည်ဖြစ်ပါကြောင်း၊ အစိုးရဘက်မှ မည်သို့ ပင် တင်ပြ တင်ပြ၊ ယခုအခမ်းအနားတွင် ပြောသွားသည့်ပုဂ္ဂိုလ်မှ မည်သို့တင်ပြစေကာမူ၊ နှစ်ဖက်စလုံးကို မျှမျှတတစိစစ်မည် ဖြစ်ကြောင်း၊ စိစစ်ပြီး မှန်သည့်ဘက်မှ ရပ်တည်သွားမည် ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံတွင် ပြဿနာများကို ညှိနှိုင်းဖြေရှင်းသည့် အလေ့အထတစ်ခုကို ထူထောင်ရန် အင်မတန် အရေးကြီးပါကြောင်း၊  ယဉ်ကျေးသိမ်မွေ့သည့် လူ့အသိုင်းအဝိုင်းတွင် ယခုလိုပင် လုပ်ရပါကြောင်း၊ ယဉ်ကျေးသည့် ပုဂ္ဂိုလ်များသည် သဘော တူညီချက်မရှိလျှင်  သဘောတူညီ ချက်ရသည်အထိ အေးအေးဆေးဆေးညှိနှိုင်းရမည်၊ တိုင်ပင်ရမည်၊ အပေးအယူ လုပ်ရ မည်၊ နှစ်ဖက်စလုံးအတွက် အဆင်ပြေမည့် အဖြေကို ရှာရမည်ဖြစ်ပါကြောင်း။

ပဲခူးသည် အစဉ်အလာအရ နိုင်ငံရေးပိုင်းတွင် အင်မတန်တက်ကြွသော တိုင်းဖြစ်သည့်အတွက် လေးလေးနက်နက်ဖြင့် ပြည်သူများ၏အသံကို နားထောင်ပါကြောင်း၊ နားထောင်ပြီး နိုင်ငံတွင် မည်သို့သော ပြဿနာရှိသည်ကို သိရသည့်အတွက် များစွာ အကျိုးရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ဆွေးနွေးပွဲကို ဝိုင်းဝန်းပံ့ပိုးပေးသည့် ပြည်သူများအားလုံးကို ကျေးဇူးတင် ပါကြောင်း၊ အများအတွက် အကောင်းဆုံးဖြစ်ရန် ကြိုးစားသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဦးတင်စိုးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ငြိမ်းချမ်းလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် အလှူငွေ ကျပ်သိန်း (၂၀၀) ကို ပေးအပ်လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ဆက်လက်၍  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရွှေဝါထွန်း ဟိုတယ် ဧည့်ခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တွေ့ဆုံပွဲတွင် ဒေသခံပြည်သူများက လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြေယာဆိုင်ရာကိစ္စရပ်များကို တင်ပြကြပါကြောင်း၊ အမှုအခင်းများ ဖြစ်ပေါ်လာပါက ကူညီဆောင်ရွက်ဖြေရှင်း ပေးကြရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရနှင့် တိုင်းဒေသကြီးဥပဒေရုံးတို့ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး အမြန်ဆုံး ဖြေရှင်းဆောင်ရွက် ပေးကြရမည်ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် လယ်ယာမြေကို အားထားသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများ၏ အရေးကိစ္စများကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မော်တော်ယာဉ်များဖြင့် ဝင်္ဂဘော် ဆင်စခန်းသို့ ရောက်ရှိပြီး ရှင်းလင်းဆောင်၌ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး စောဂျွန်ရွှေဘက ဆင်စခန်းဆိုင်ရာ အချက်အလက်များ၊ ဆင်စခန်းများ၏ ရည်ရွယ်ချက်၊ အနာဂတ်မျှော်မှန်းချက်နှင့် ရည်မှန်းချက်၊ ဆင်စခန်းဝန်ဆောင်မှု လုပ်ငန်းများ၊ ဆင် ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများနှင့် ဆင်ထိန်းသိမ်းရေးအခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာ များကို Video Projector ဖြင့်ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဝင်္ဂဘော်ဆင်စခန်းအတွင်း လှည့်လည် ကြည့်ရှုပြီး အမိမဲ့ဆင်ကလေးများအတွက် နို့ဖိုးငွေကျပ် ၅ သိန်းကို ပေးအပ်လှူဒါန်းသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာခဲ့ကြပြီး မွန်းလွဲ ၂ နာရီခွဲ တွင် ရေတာရှည်မြို့နယ်အတွင်းရှိ ဆွာချောင်း ရေလှောင်တမံ သို့ရောက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ၂၀၁၈ ခုနှစ် ဩဂုတ် ၂၉ ရက်က ဆွာချောင်းရေလှောင်တမံမှ ရေပိုလွှဲ ထိခိုက်ပျက်စီးခဲ့သည့်နေရာနှင့် အဆိုပါနေရာအနီး ယာယီကျောက်ဖြည့်တမံ ဆောင်ရွက်ထားရှိမှုအား မော်တော်ယာဉ်များဖြင့် သွားရောက်ကြည့်ရှု စစ်ဆေးသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်တို့က ဆွာချောင်း ရေလှောင်တမံမှ ရေပိုလွှဲထိခိုက်ပျက်စီးမှု ဖြစ်ပွားပြီးနောက်ပိုင်း လုပ်ငန်းများအချိန်နှင့် တစ်ပြေးညီဆောင်ရွက်ခဲ့ မှု၊ ယာယီ ကျောက်ဖြည့်တမံဆောင်ရွက်ထားရှိမှု၊ နောင်အလားတူ အဖြစ်မျိုး ဖြစ်ပွားမှု မရှိအောင် ပြည်ပပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများရှင်းလင်းတင်ပြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လိုအပ်သည်များကို ဖြည့်စွက် မှာကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရေဘေးဒဏ်ခံခဲ့ရသော ကျွန်းတောစု ကျေးရွာ ပြန်လည်ထူထောင်ရေး အတွက် ကျေးရွာသစ် ပြန်လည်နေရာချထားသည့်နေရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောက်လုပ်လှူဒါန်း ထားသည့် ကျွန်းတောစု ကျေးရွာသစ် အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ပေ(၃၀× ၆၀) ရှိ RC အမျိုးအစား တစ်ထပ် ကျောင်းဆောင် ၂ ဆောင် အသစ်ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အသစ်ဆောက်လုပ်နေသည့် ကျွန်းတောစု ကျေးရွာသစ် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ခန်းမဆောင်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ဆွာချောင်း ရေလှောင်တမံ ရေပိုလွဲကျိုးပေါက်မှုကြောင့် ထိခိုက်ပျက်စီးပြီး ရေဘေးဒဏ်ခံခဲ့ရသော ရေတာရှည်မြို့နယ် ကျွန်းတောစုကျေးရွာအား ပြန်လည်နေရာချထားပေးရန်အတွက် ကျေးရွာသစ် တည်ဆောက်နေ မှု အခြေအနေအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာသည့် ဒေသခံပြည်သူများက သိုင်း၀ ကျေးရွာအုပ်စုတွင် ၂၀၁၀ ခုနှစ်က ကုမ္ပဏီ က သိမ်းယူထားသည့် လယ်ယာမြေများအား ပြန်လည်ရရှိရန်အတွက် ရှင်းလင်းပေးရန်၊ တပ်မတော်မှသိမ်းယူခဲ့ပြီး ပြန်လည်စွန့်လွှတ်သည့် လယ်ယာမြေများအား မူလပိုင်ရှင်များမရရှိသည့်အပေါ် စီစစ်ပေးရန်၊ စပါးစိုက်ပျိုးရန်အတွက် ဆည်မြောင်းမှ ရေပေး တူးမြောင်းဖောက် လုပ်ပေးရန်၊ မြေသိမ်းဆည်းခံရမှုအား စီစစ်ပေးရန်၊ ရွာမြေနေရာအနီး တိုးပွား လာသည့် အိမ်ထောင်စုများအတွက် မြေနေရာချထားပေးရန်၊ ရွာမြေ မတရားရောင်းစား ထားမှုအား စိစစ်ပေးရန် စသည်ကို တင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဆောင်ရွက်ပေးမည့် အခြေအနေများကို ပြန်လည်ရှင်းလင်းကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အကျယ်တဝင့် ဖြည့်စွက် ရှင်းလင်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့နိုင်ငံတွင် လယ်ယာမြေများနှင့် ပတ်သက်၍ တရားမျှမျှတတ ဖြစ်စေရန် ၂၀၁၂ ခုနှစ်၌ လွှတ်တော်က ဆုံးဖြတ်လိုက်ပြီး နောက်ပိုင်းမှစ၍ ဆောင်ရွက်ခဲ့ရာ  ၆ နှစ် မပြည့်သေးပါကြောင်း၊ ပထမနှစ်များတွင် အရှိန်မရ သေး၍ မဖြစ်မြောက်ပါကြောင်း၊ သို့သော် တစ်လထက်တစ်လ ပို၍အရှိန်ရလာပြီး ပြီးပြတ် လာပါကြောင်း၊ အထူးသဖြင့် ပဲခူးတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကို အားကိုးနေ သည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး စိုက်ပျိုးမြေကိစ္စသည် အင်မတန်အရေးကြီး သည့်အတွက် အမြန်ဆုံး ဖြေရှင်းပေးမည် ဖြစ်ပါကြောင်း။

မိမိတို့တွေ့ရှိရသည့် အဓိကအချက်တစ်ခုမှာ မြေစာရင်းဌာနကို အင်အားဖြည့်ပေးရန် လိုအပ်နေ ပါကြောင်း၊ မြေစာရင်း ဌာနကို အင်အားဖြည့်ပြီးသည့်အခါ အမှုကိစ္စများကို ပိုမို၍ မြန်မြန် ဆန်ဆန် စစ်ဆေးဖြေရှင်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ရွာသူရွာသားများနှင့် တွေ့ဆုံနိုင်သည့် အခွင့်အရေးရသည့်အတွက် ဝမ်းသာပါကြောင်း၊ ထိုသို့ တွေ့ဆုံရာ တွင် ပြည်သူ များအနေဖြင့် ပြောချင်သည့်စကားများ မကုန်ဘူးဆိုသည်ကို သိရှိပါကြောင်း၊ တစ်ဖက်က မိမိတို့ကလည်း ပြည်သူများကို ပြောချင်သည့်စကားများ မကုန်နိုင်ပါကြောင်း။

နိုင်ငံပြောင်းလဲလာသည်နှင့်အမျှ၊ တိုးတက်လာသည်နှင့်အမျှ စိန်ခေါ်မှုများကလည်း များပြား လာပါကြောင်း၊ ထိုကဲ့သို့ စိန်ခေါ်မှုများလာသည့်အခါ မိမိတို့အားလုံးသည် တစ်ညီတစ်ညွတ် တည်းဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှား ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ရင်ဆိုင်ကျော်လွှား နိုင်သည့်  အစွမ်းအစများရှိမှသာ မိမိတို့နိုင်ငံသည် တိုးတက်နိုင်မည် ဖြစ်ပါ ကြောင်း။

 မိမိတို့အနေဖြင့် တိုးတက်သည်ဆိုရာတွင် မိမိတို့ ပြည်သူပြည်သား အားလုံး၏ ကိုယ်လုံခြုံမှု၊ စိတ်လုံခြုံမှု နှစ်မျိုးစလုံး ရှိစေချင်ပါကြောင်း၊ မိမိတို့ နိုင်ငံသည် မကြာတော့သည့်အချိန်တွင် ဖွံ့ဖြိုးတိုးတက်ရမည်ဆိုသည့် ယုံကြည်ချက် ရှိပါကြောင်း၊ ယင်းယုံကြည်ချက်ကို မိမိတို့ ပြည်သူ လူထု အားလုံးကလည်း နှလုံးသားထဲတွင် မွေးမြူထားစေလိုပါကြောင်း၊ ယုံကြည်ချက်ရှိမှ တိုးတက်နိုင်မည်ဖြစ်ပါကြောင်း၊ ယုံကြည်ချက်သည် အကြီးမားဆုံး အင်အားဖြစ်ပါကြောင်း၊ ကိုယ်လုပ်သည့်အလုပ်ကို ယုံကြည်ချက်မရှိလျှင် အောင်မြင်မည် မဟုတ်ပါကြောင်း၊ မည်မျှပင်ခက်ခဲသည့် အလုပ်ဖြစ်စေ ကာမူ ယုံကြည်မှုနှင့် လုပ်မည်ဆိုပါက တစ်ချိန်တွင် အောင်မြင်မှု ရရှိမည်ဖြစ်ပါကြောင်း။

မိမိအနေဖြင့် တိုင်းဒေသကြီးအစိုးရကိုလည်း မှာကြားခဲ့ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ပြည်သူများ ကြားထဲကိုသွားပြီး ပြည်သူများနှင့် အမြဲပင်ထိတွေ့မှုရှိပါ၊ ပြည်သူများ၏ အသံကို နားထောင်ပါ၊ ပြဿနာကို မည်သို့ဖြေရှင်း ပေးရမည်ဆိုသည်ကို စဉ်းစားကြပါ ဟုပြောလိုပါကြောင်း၊ မိမိတို့ ဗဟိုအစိုးရကလည်း တတ်နိုင်သမျှ ပံ့ပိုးပေးမည် ဖြစ်ပါကြောင်း။

လူငယ်များကို အထူးမှာကြားလိုသည်မှာ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါး သုံးစွဲမှုကို စမ်းသပ်ပြီး အပျော်သဘော လုပ်ကြည့်ရမည့်ကိစ္စ မဟုတ်ပါကြောင်း၊ အင်မတန်အန္တရာယ်များ ပါကြောင်း၊ ကွမ်းလည်း မစားကြစေလိုကြောင်း၊ ကျန်းမာရေးအတွက် မကောင်းသည့်အတွက် ရှောင်ကြဉ်စေလိုကြောင်း၊ စာကြိုးစားကြရန်လည်း မှာကြားလိုပါကြောင်း၊  စာသင်ယူနိုင်သည့် အခွင့်အလမ်းရှိသည့်အချိန်တွင် ကြိုးစားကြစေလိုပါကြောင်း၊ ပညာသင်သည်၊ စာသင်သည် ဆိုသည်မှာ မိမိဘဝ ရပ်တည်ရေးအတွက် ဖြစ်ပါကြောင်း။

သို့သော် ပညာတတ်သည်ဆိုသည်မှာ ကျောင်းပညာရှိမှ ပညာတတ်သည် မဟုတ်ပါကြောင်း၊ မိမိဘဝအတွက် ရပ်တည် နိုင်မည်ဆိုလျှင် ပညာတတ်ဖြစ်ပါကြောင်း၊ မိမိတို့ လူငယ်များ အလုပ်ရရှိရေးကို ဦးစားပေးဆောင်ရွက်နေပါကြောင်း၊ လူငယ်များသည် အလုပ်ရှိမှဘဝတွင် ဦးတည်ချက်ရှိလာပါကြောင်း၊ အလုပ်မဲ့လူငယ်များသည် ဦးတည်ချက် ပျောက်နေ မည် ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် ကြိုးစားပြီး ကျောင်းနေချင်သည့် လူငယ်များ ကျောင်းဆက်ပြီး နေနိုင်ရန်၊ ကျောင်းထွက်ပြီး အလုပ်လုပ်ချင်သည့် လူငယ်များ အလုပ် ရရှိစေရန် ဦးတည်ကြိုးစားပေးသွားမည်ဖြစ်ပါကြောင်း၊ သို့သော် ကာယကံရှင် ကိုယ်တိုင် ကလည်း  ကြိုးစားရမည်ဖြစ်ပါကြောင်း။

အစိုးရအနေဖြင့် ပြည်သူလူထုအားလုံး ဘဝတိုးတက်ရန်အတွက် တတ်နိုင်သည့်ဘက်က ပံ့ပိုး ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်သူလူထုကလည်း ဘဝတိုးတက်ရေးအတွက် ဝါယမ စိုက်ထုတ်ပြီး ကြိုးစားကြစေလိုကြောင်း၊ အားလုံး အတူတူ ကြိုးစားပါက အောင်မြင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသခံပြည်သူများနှင့် စုပေါင်း မှတ်တမ်း တင်ဓာတ်ပုံရိုက်ပြီး ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြရာ ညနေပိုင်းတွင် နေပြည်တော် သို့ ပြန်လည်ရောက်ရှိသည်။

(သတင်းစဉ်)

HOT NEWS
January 4,