ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တောင်နဝင်းရေလှောင်တမံနှင့် သရက်-အောင်လံ ဧရာဝတီမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းတို့အား ကြည့်ရှုစစ်ဆေး

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တောင်နဝင်းရေလှောင်တမံနှင့် သရက်-အောင်လံ ဧရာဝတီမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းတို့အား ကြည့်ရှုစစ်ဆေး


Ministry of Information/ ​နေပြည်တော် / March 15, 2019
image_latest


မကွေး မတ် ၁၅

အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်နဝင်း ရေလှောင်တမံ ကြံ့ခိုင်မှု၊ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်နေမှုနှင့် မကွေးတိုင်း ဒေသကြီးအတွင်းရှိ သရက်-အောင်လံ ဧရာဝတီမြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းတို့အား လှည့်လည်ကြည့် ရှုစစ်ဆေးသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်မြင့်နွယ်၊ ဒေါက်တာရဲမြင့်ဆွေ၊ ဦးကျော်လင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့ရှိ တောင်နဝင်းရေလှောင်တမံ စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိကြသည်။

ထိုသို့ရောက်ရှိစဉ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးဘိုဘိုကျော်က တောင်နဝင်းရေလှောင်တမံ နောက်ခံသမိုင်းအကျဉ်း၊ ရေလှောင်တမံ ဆိုင်ရာ အချက်အလက်များ၊ ရေသိုလှောင်နိုင်မှု၊ အကျိုးပြုဧက၊ ရေလှောင်တမံကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယသမ္မတက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးပြီး ရေလှောင်တမံကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံရေးအတွက် လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို ဒေသခံပြည်သူများအား ပွင့်လင်းမြင်သာစွာ ရှင်းလင်းရန်နှင့် ပြည်သူများ အမှန်တကယ် ဘေးကင်းလုံခြုံမှုရရှိစေရန် အစွမ်းကုန် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပတ်ဝန်းကျင် ဘေးကင်းလုံခြုံရေးအတွက် တမံ၏ထူးခြား ပြောင်းလဲမှုများကို နည်းပညာနှင့် ဝန်ထမ်းအင်အား အသုံးပြု၍ အမြဲမပြတ် စောင့်ကြည့်ခြင်းနှင့် ယင်းအတွက် ဌာနဆိုင်ရာများနှင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်ပါကြောင်း၊ ထို့ပြင် နိုင်ငံအတွင်းရှိ သက်တမ်းကြာရှည်သည့် ဆည်တမံများ ရေရှည်တည်တံ့ရေးအတွက် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ယခင်ကထက်ပိုမို အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း မှာကြားသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် တမံ၏ ထိပ်ပြင် မြေသားဖယ်ထုတ် ပြန်ဖို့ခြင်း နှင့် မြေသားပိုး၍ ဖို့နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး တောင်နဝင်းရေလှောင်တမံ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်နေသည့် ဂျပန်နိုင်ငံမှ တမံဆိုင်ရာနှင့် ဘူမိဗေဒဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် အောင်လံမြို့ရှိ သရက်-အောင်လံ ဧရာဝတီ မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထိုသို့ရောက်ရှိစဉ် တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေနှင့် ညွှန်ကြား ရေးမှူး ဦးထွန်းလင်းတို့က တံတားတည်ဆောက်ရခြင်း၏ နောက်ခံသမိုင်းအကျဉ်း၊ တံတား ဆိုင်ရာ အချက်အလက်များ၊ ဘဏ္ဍာငွေရရှိမှု၊ လုပ်ငန်းပြီးစီးမှု၊ ဆက်လက်ဆောင်ရွက် သွားမည့် အခြေအနေများနှင့် အရည်အသွေးစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဦးကျော်လင်းက ဘဏ္ဍာငွေရရှိမှု အခြေအနေနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

ထို့နောက် ဒုတိယသမ္မတက တံတားတည်ဆောက်ရေး စီမံကိန်းနှင့်စပ်လျဉ်း၍ ရရှိသည့် ဘဏ္ဍာ ရန်ပုံငွေအပေါ်မူတည်၍ အကျိုးရှိရှိ စနစ်တကျအသုံးချရန် လိုအပ်ပါကြောင်း၊ တံတား တည်ဆောက်ရေးအတွက် အမှန်တကယ် လိုအပ်သည့် မြေပမာဏကိုသာ ရယူအသုံးပြုရန်နှင့် ဒေသခံပြည်သူများအား တံတားတည်ဆောက်ရေးစီမံကိန်းမှ ရရှိလာမည့် အကျိုးကျေးဇူးများ ကို နားလည်လက်ခံလာအောင် ရှင်းလင်းဆွေးနွေး ရန်မှာကြားပြီး စီမံကိန်းလုပ်ငန်းများ ပြီးစီးမှုနှင့် ဆောင်ရွက် နေမှုအခြေအနေများကို ကြည့်ရှုသည်။

သရက်-အောင်လံ ဧရာဝတီမြစ်ကူးတံတားသည် မကွေးတိုင်းဒေသကြီး သရက်ခရိုင်တွင် တည်ရှိပြီး အောင်လံမြို့နှင့် သရက်မြို့ကို ဆက်သွယ်ပေးထားကြောင်း၊ ကျောက်ဖြူ အထူး စီးပွားရေးဇုန်မှ သရက်၊ အောင်လံ၊ နေပြည်တော်ကိုဖြတ်ပြီး ရွှေလီအထိ ဆက်သွယ်နိုင်သော စီးပွားရေးစင်္ကြန်လမ်းမကြီးပေါ်တွင် တည်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,