တို့ပြည်သာယာဖို့ အဂတိလိုက်စားမှု ဖော်ထုတ်စို့

တို့ပြည်သာယာဖို့ အဂတိလိုက်စားမှု ဖော်ထုတ်စို့


Ministry of Information/ ​နေပြည်တော် / June 12, 2019
image_latest


လက်ရှိ အဂတိလိုက်စားမှုအခြေအနေအပေါ် ပြည်သူများ၏ ထင်မြင်ချက်က “အရင်အတိုင်းပဲ” ဟု ဖြေဆိုသည့် ရာခိုင်နှုန်းက များပြားခဲ့သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ ပြည်သူလူထု၏ သဘောထားအမြင်၊ အတွေ့အကြုံနှင့် ခံယူချက်၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုတို့အပေါ် ကောက်ယူသည့် စစ်တမ်းအရ သိရှိရသည်။ တရားမျှတမှုလက်လှမ်းမီရေးအဖွဲ့က ပြည်သူလူထု၏ သဘောထားအမြင်၊ အတွေ့အကြုံနှင့် ခံယူချက်၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုတို့အပေါ် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သတ်မှတ်ရွေးချယ်သော နေရာဒေသများ၌ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။

အလားတူ အဂတိလိုက်စားသည့် ပုဂ္ဂိုလ်များကို နိုင်ငံတော်က အရေးယူဆောင်ရွက်မှု အပေါ်ပြည်သူများအမြင်က ထိရောက်စွာ အရေးယူမှု အားနည်းသည်ဟု ထင်မြင်မှု များပြားလျက်ရှိသည်။ သို့သော် ပြည်သူပါဝင်ပါက အပြည့်အဝ အောင်မြင်နိုင်သည် ဟူသည့် သဘောထားထင်မြင်မှု ရာခိုင်နှုန်းကလည်း မြင့်မားလျက်ရှိသည်။

တိုင်ကြားစာအရေအတွက် များလာ

ပြည်သူပါဝင်ပါက အောင်မြင်နိုင်သည်ဟူသည့် သဘောထားကြောင့် ၂၀၁၈ ခုနှစ် အတွင်း ပြည်သူများက အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာ ၁၀၅၄၃ စောင် ပေးပို့ခဲ့ကြသည်။ ၂၀၁၈ ခုနှစ်တွင် ပေးပို့သည့် တိုင်ကြားစာ အရေအတွက်သည် ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် ငါးဆခန့် များပြားခဲ့သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုများ ပါဝင်သည့် ၂၀၁၈ ခုနှစ် နှစ်ပတ်လည် လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာကို မေ ၉ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အမြစ်ဖြတ်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားစေချင်

ပါဝင်ဆွေးနွေးခဲ့သည့် စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၅)မှ ဦးရဲထွဋ်က “အခုအစိုးရလက်ထက်မှာ အသစ်ဖွဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တော်တော်လေး ထိထိရောက်ရောက်လုပ်နိုင်တဲ့အတွက် ပြည်သူအားလုံး က သဘောကျကြပါတယ်။ အားပေးကြပါတယ်။ ဒါပေမယ့် ကော်မရှင်အနေနဲ့ အဂတိလိုက်စားမှုကို အမြစ်ဖြတ်နိုင်သည် အထိ ကြိုးပမ်းဆောင်ရွက်သွားစေချင်ပါတယ်” ဟု အကြံပြုပြောကြားသည်။

ထောက်ပြဆွေးနွေး

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများအရ အမှုတွဲများကို ဆိုင်ရာဌာနများသို့ ပြန်လွှဲပေးနေရခြင်းမျိုးသည် ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုကို နှောင့်နှေးစေနိုင် ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြဆွေးနွေးခဲ့ကြသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ နှစ်အလိုက် ပြည်သူများ တိုင်ကြားစာ ပေးပို့မှုမှာ ၂၀၁၇ ခုနှစ်တွင် ၂၀၁၄ စောင်၊ ၂၀၁၆ ခုနှစ်တွင် ၇၁၀ ၊ ၂၀၁၅ ခုနှစ်တွင် ၉၈၃ စောင်နှင့် ၂၀၁၄ ခုနှစ်တွင် ၉၆၈ စောင် ရှိခဲ့သည်။

အဓိကနှောင့်နှေးစေတာက အဂတိ

“နိုင်ငံတစ်နိုင် ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကနှောင့်နှေးစေတာက အဂတိပဲ။ ကျွန်မတို့နိုင်ငံက အဂတိလိုက်စားမှုက ကမ္ဘာ့ အဆင့်မှာဆိုရင် အနီရောင်အဆင့်မှာ ရှိနေတုန်းပါပဲ။ စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေမှာ ရှိနေတုန်းဆိုတဲ့ သဘော တရားပါ။ ကျွန်မတို့နိုင်ငံ ဟာ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဆင့်ထဲပါတဲ့အထိ အကျင့်ပျက် ခြစားမှုတွေရှိခဲ့လို့ နိုင်ငံလည်း ဖွံ့ဖြိုးမှုနည်းခဲ့တယ်။ နိုင်ငံဖွံ့ဖြိုးရေး အတွက် အဂတိ လိုက်စားမှုတွေ မရှိသင့်ဘူး။ ဒါကြောင့် အဂတိ တိုက်ဖျက်ရေးကို အခုထက်ပိုလုပ်စေချင်တယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ အခန်းကဏ္ဍကို ပိုပြီးခိုင်မာ အားကောင်း စေချင်တယ်” ဟု ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ နော်ခရစ္စထွန်း (ခေါ်) ဒေါက်တာ အားကာမိုးက ပြောသည်။

အသိပေးပြန်ကြား

ပြည်သူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ ၂၀၁၈ ခုနှစ်အတွင်း ပေးပို့ခဲ့သည့် တိုင်ကြားစာများအပေါ် စုံစမ်းစစ်ဆေးသည့် တိုင်ကြားစာ ၄၆ စောင်၊ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးပို့သည့် တိုင်ကြားစာ ၁၇၉၅ စောင်၊ ပြည်သူများထံ အကြံပြုချက်ဖြင့် အသိပေးပြန်ကြားသည့် တိုင်ကြားစာ ၅၂၆၈ စောင်၊ အရေးယူဆောင်ရွက်ပေး၍မရသော တိုင်ကြားစာ ၂၈၂၄ စောင်နှင့် စိစစ်ဆောင်ရွက်ဆဲ ၆၁၀ ရှိကြောင်း အစီရင်ခံစာအရ သိရှိရသည်။

ဝိုင်းဝန်းဖော်ထုတ်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ကြိုးပမ်းဆောင်ရွက်နေမှုကို အားရမိသော်လည်း လုပ်ထုံးလုပ်နည်းများအရ အမှုတွဲများကို ဆိုင်ရာဌာနများသို့ ပြန်လွှဲပေးနေရခြင်း၊ တိုင်ကြားမှုမရှိ၍ ဝင်ရောက်စစ်ဆေး အရေးယူမှုများ မလုပ်နိုင် သေးသောကြောင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းအချို့ အပြုံးမပျက်နှင့် ဆက်လက် အလွဲသုံးစားနေကြခြင်း ကို ဝိုင်းဝန်း ဖော်ထုတ်ကြမှသာ နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းတွင် ပါရှိသည့် အဂတိတိုက်ဖျက်ရေးဆိုသည်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မည် ဖြစ်သောကြောင့် အားလုံးက လက်ပိုက်ကြည့်မနေဘဲ ဆက်တိုက်မိအောင် တိုင်ကြား ဖော်ထုတ်ပေးကြပါရန် တိုက်တွန်းကြောင်း ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဒေါက်တာ ခွန်ဝင်းသောင်းက ကော်မရှင်၏ နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်အတွင်း ဆွေးနွေးခဲ့သည်။

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International–TI) က သတ်မှတ်သည့် အဂတိလိုက်စားမှု အညွှန်းကိန်း (Corruption Perception Index- CPI) အရ ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် ရမှတ်တစ်မှတ်နှင့် အဆင့်နှစ်ဆင့် ကျဆင်းသွားကြောင်း သိရသည်။

ခလုတ်တံသင်းဖြစ်နေ

အဂတိလိုက်စားမှုသည် လက်ရှိအစိုးရအဖွဲ့၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ခေတ်မီဖွံ့ဖြိုးသည့် နိုင်ငံတော် တည်ဆောက်ရေးတို့အတွက် ခလုတ်တံသင်းဖြစ်နေသည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတက ၂၀၁၈ ခုနှစ် ဧပြီ ၁၁ ရက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် တွေ့ဆုံကာ မျက်နှာကြီးငယ်မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ပြည်သူများအနေဖြင့် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်အာဏာ အရှိန်အဝါရှိသူများ၏ ပါဝင်ပတ်သက်မှု၊ ဝင်ရောက်စွက်ဖက်မှုများအား တိကျခိုင်လုံသည့် အချက် အလက် အထောက်အထားများနှင့် တိုင်ကြားကြရန် အထူးလိုအပ်ကြောင်း နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် အပြည်ပြည် ဆိုင်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအထိမ်းအမှတ် သဝဏ်လွှာတွင် ပါရှိသည်။

အဂတိကြောင့် လူမှန်နေရာမှန် မဖြစ်နိုင်

“ထင်သာမြင်သာရှိတဲ့ အဂတိလိုက်စားမှုတွေကို ဖော်ထုတ်အရေးယူနိုင်တယ်။ ဒါပေမယ့် ဖုံးကွယ်နေတဲ့ အဂတိ လိုက်စားမှုတွေကို ဖော်ထုတ် အရေးမယူနိုင်သေးတာရှိတယ်။ အဂတိလိုက်စားမှုကြောင့် မြန်မာနိုင်ငံမှာ ဆုံးရှုံးမှု တစ်နှစ်ကို ဒေါ်လာသန်းနှစ်ထောင်ကျော် လောက်ရှိတယ်လို့ အဂတိ လိုက်စားမှုကို စောင့်ကြည့်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုက ပြောပါတယ်။ အဂတိလိုက်စားမှုကို လျော့နည်း ကင်းစင်အောင် လုပ်နိုင်ရင် တိုင်းပြည်ဖွံ့ဖြိုးရေးကို အများကြီးဖြစ်စေမယ်။ အဂတိကြောင့် လေလွင့်ပြုန်းတီးမယ့် ငွေတွေကို ရင်းနှီးမြှုပ်နှံမှုတွေ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးတွေ ကဏ္ဍအားလုံးမှာ သုံးနိုင်တယ်။ အဂတိ ဆိုတဲ့နေရာမှာ ငွေကြေးကိစ္စ တစ်ခုတင် မဟုတ်ဘူး။ အဂတိကြောင့် လူမှန်နေရာမှန် မဖြစ်နိုင်တာမျိုးလည်း ရှိတယ်။ ဥပမာ ရာထူးတစ်ခုကို မမှန်တဲ့နည်းနဲ့ရတယ်။ သူက မထိုက်တန်ဘဲ ရာထူးရရင် တာဝန်ထမ်းဆောင်တဲ့အခါ တိုင်းပြည်အတွက် ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ ပြီးတော့ မမှန်တဲ့နည်း သုံးထားတဲ့အတွက် နောက်ထပ် မမှန်တဲ့နည်းကို ထပ်သုံးပြီး ငွေရှာမယ်၊ အလွဲသုံးစားတွေ လုပ်မယ်၊ ဒီလိုနဲ့အဂတိက လုံးချာလိုက်နေမယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်က ပြောသည်။

ပြည်သူများသည် အဂတိလိုက်စားမှုအပေါ် တိတိကျကျ နားလည်သဘောပေါက်ခြင်း မရှိသော်လည်း အဂတိလိုက်စားမှုကို မလိုလားကြပေ။ အစိုးရဌာနများထံ မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများအတွက် အချိန်မီမရရှိကြပါက လာဘ်ပေးရန် ဆန္ဒဖြစ်ပေါ်ခဲ့သော်လည်း ပြည်သူအင်အားဖြင့် တိုက်ဖျက်နိုင်သည် ဟူ၍ အပြည့်အဝ ယူဆမှုများသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အတွက် ကြီးမားသည့် အထောက် အပံ့ဖြစ်စေကြောင်း ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ရာထူးအာဏာကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်း၊ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့် ကိုက်ညီမှုမရှိဘဲ ဝန်ထမ်းများ ရာထူးတိုး၊ အပြောင်းအရွှေ့များ ပြုလုပ်ခြင်း၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေးခြင်း၊ ဌာနတွင်း အဂတိလိုက်စားမှု လျှော့ချရေး လုပ်ငန်းစဉ်များအတွက် အပြန်အလှန် ထိန်းကျောင်းနိုင်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း များရှိသော်လည်း လက်တွေ့တွင် အကောင်အထည်ဖော်မှု အားနည်းနေခြင်းတို့ကြောင့် အဂတိလိုက်စားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

အဂတိလိုက်စားမှုသည် အများအားဖြင့် ပြည်သူနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရသည့် ဌာန၊ အဖွဲ့အစည်းများ၊ မြေယာ၊ ဓာတ်ပုံအထောက်အထား ထုတ်ယူရသည့် နေရာများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ဆက်စပ်နေသည့် နေရာများ လုပ်ပိုင်ခွင့်အာဏာ ရှိသည့် နေရာများ၊ ငွေကြေးကိုင်တွယ်သုံးစွဲမှု များပြားသည့် နေရာများတွင် အများဆုံးဖြစ်သည်ကို တွေ့ရ ပါကြောင်း လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးခင်ချိုက လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

အရေးယူဆောင်ရွက်

၂၀၁၈ ခုနှစ်အတွင်း အဂတိလိုက်စားမှုကြောင့် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ တစ်ဦး၊ အဆင့်မြင့် အရာရှိ ကိုးဦး၊ အရာထမ်း ၁၃ ဦး၊ အမှုထမ်း ၁၇ ဦး၊ ပြည်သူ့ဝန်ထမ်း ခြောက်ဦး စုစုပေါင်း ၄၆ ဦးကို စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၈ ခုနှစ်အတွင်း အဂတိ လိုက်စားမှုကြောင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမှုများ ရှိခဲ့ပြီး သိမ်းဆည်းရရှိမှုမှာ မြန်မာငွေကျပ် ၃၀ ဒသမ ၈၉၀ သန်းနှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ဝ၀၃ သန်း ရှိကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပြဋ္ဌာန်း

အဂတိလိုက်စားမှုကို တိုက်ဖျက်နိုင်ရန်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်ကို ရေးဆွဲဆောင်ရွက်ခဲ့သည်။ ထို့ပြင် အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် ထိရောက်မှုရှိစေရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်ခဲ့ပြီး ၂၀၁၈ ဇွန် ၂၁ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။

အစိုးရဌာနများနှင့် အဖွဲ့အစည်းများ ဆောင်ရွက်လျက်ရှိသော တင်ဒါလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် စရိတ် ကျဉ်းကျဉ်းဖြင့် ရလဒ်ကောင်းရရှိနိုင်မည့် မှန်ကန်သော ယှဉ်ပြိုင်မှုပုံစံများ၊ တင်ဒါလုပ်ငန်းများအပေါ် သေချာစွာ ဆန်းစစ် လေ့လာ၍ အကဲဖြတ်နိုင်မည့် စွမ်းရည်၊ အဂတိလိုက်စားမှုနှင့် ငြိစွန်းနိုင် မည့်ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည့်စုံစွာ ပညာပေး လေ့ကျင့်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် သွားသင့်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ အစီရင်ခံစာက သုံးသပ်တင်ပြထားသည်။

လေလွင့်ဆုံးရှုံးနိုင်

ထို့ကြောင့် တင်ဒါလုပ်ထုံးလုပ်နည်းများအပေါ် အဂတိလိုက်စား မှုကြောင့် လေလွင့်ဆုံးရှုံးနိုင်သည့် ဘဏ္ဍာနှင့် ရန်ပုံငွေ အတိုင်းအဆ ဖြစ်စဉ်များကို ပြည်တွင်း ပြည်ပ ပညာရှင်များနှင့် ပူးပေါင်း၍ သုတေသနဆန်းစစ်ခြင်း၊ ပညာပေး သင်တန်းများနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် စတင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အစိုးရဌာနများသို့ ပြည်သူများ ငွေကြေးလက်ဆောင်ပေးရခြင်း အကြောင်းရင်းနှင့် ပတ်သက်၍ စစ်တမ်းကောက်ယူရာတွင် အလုပ်ပြီးမြောက်စေရန် အခြားနည်းလမ်း မရှိတော့သဖြင့် ပေးရခြင်းဖြစ်ကြောင်း ဖြေဆိုသည့် ပြည်သူရာခိုင်နှုန်းက များပြားခဲ့သည်။

အလိုက်သင့် တိုးတက်လာမည်

အဂတိလိုက်စားမှုသည် ဆယ်စုနှစ်ပေါင်းများစွာ နယ်ပယ်အသီးသီး တွင် အမြစ်တွယ်နေသေးသည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်း အဂတိ လိုက်စားမှုကို လုံးဝသည်းခံခွင့်လွှတ်ခြင်း မပြုသော ယဉ်ကျေးမှု တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်ရန် လိုအပ်လျက်ရှိသည်။ အဂတိ လိုက်စားမှု ပြုလုပ်သူများကို ဖော်ထုတ်အရေးယူနိုင်ရန်မှာလည်း အရေးကြီးပါသည်။ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် အဂတိလိုက်စားမှုကို တွန်းလှန်မှသာ အစိုးရ၏ ပြည်သူလူထုလူနေမှုအဆင့်အတန်း မြင့်မားရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ နိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုများသည် တိုးတက်မှုဆီသို့ ဦးတည်နိုင်မည် ဖြစ်သည်။ အဂတိလိုက်စားမှု လျော့နည်းကင်းစင် လာသည်နှင့်အမျှ ဖွံ့ဖြိုးမှုလည်း အလိုက်သင့် တိုးတက်လာ မည်ဖြစ်ပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။

ရှင်မင်း

HOT NEWS
January 4,