COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် ပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေး

COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် ပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေး


Ministry of Information/ ​နေပြည်တော် / March 26, 2020
image_latest


နေပြည်တော် မတ် ၂၆

 

COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ ဝန်ထမ်းများက ပြည်သူများနှင့် ပူးပေါင်းပြီး ရပ်ကွက်၊ ကျေးရွာများအရောက် ပညာပေးခြင်း လုပ်ငန်းများတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ပေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၅) ခုရှိ ဦးစီးမှူးများအား အင်တာနက်ကွန်ယက် Video Conferencing ဖြင့် ယနေ့နံနက်ပိုင်းက ညှိနှိုင်း ဆွေးနွေးသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ထမ်းများအနေဖြင့် COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အရေးအကြီးဆုံးဖြစ်သည့် ပြည်သူများအား ထိရောက်စွာ အသိပညာပေးခြင်း လုပ်ငန်းကို မူလတာဝန်များနှင့် ပူးတွဲဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားထားသော COVID -19 ရောဂါဆိုင်ရာ လိုက်နာဆောင်ရွက်ရန်များကို ပြည်သူများ ပိုမိုသိရှိ သဘောပေါက်နားလည်ကြရန် ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ ဤရောဂါသည် ကမ္ဘာ့နိုင်ငံအများ အပြားတွင် ဖြစ်ပွားပြန့်နှံ့နေပြီ ဖြစ်သောကြောင့် ရောဂါပိုးကူးစက် ပြန့်ပွားမှုများသော နိုင်ငံများမှ ပြန်လာကြသူများကို ရောဂါပိုးကူးစက်ခံရနိုင်သည်ဟု ယူဆသတ်မှတ်ရမည်ဖြစ်ကြောင်း၊ ထိုသူများကိုလည်း နားလည်အောင် မိမိတို့က ရှင်းပြပေးနိုင်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ယူဆပြီးဆောင်ရွက်ခြင်းသည် ၎င်းတို့ကိုယ်တိုင်အတွက် သာမက ၎င်းတို့၏ မိခင်၊ ဖခင် မိသားစုဝင် အဘိုး၊ အဘွားများအတွက်လည်း ဖြစ်ကြောင်းကို သိရှိသဘောပေါက်အောင် ရှင်းပြနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားမှ ပြန်လည်ဝင်ရောက် လာကြသူများသည် (၁၄) ရက်ကြာ သီးခြားခွဲ၍ နေထိုင်ကြရန် အရေးကြီးပြီး ယခုလိုဆောင်ရွက် စေခြင်းသည် ခွဲခြားဆက်ဆံခြင်း လုံးဝမဟုတ်ဘူး ဆိုသည်ကို သိရှိအောင် ရှင်းပြနိုင်ရမည်ဖြစ်ကြောင်း၊ ထိုသူများအတွက် နေထိုင်စား သောက်ရေး အစီအမံများ၊ နေရပ်ပြန်လည် ရောက်ရှိချိန်တွင် ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်း ကူညီစောင့်ရှောက်ပေးမှုဖြင့် သတ်မှတ်နေရာ အဆောက်အဦများတွင် ထားရှိပြီး အသွားအလာ ကန့်သတ်ခြင်းအစီအစဉ် (Community Based Facility Quarantine) တစ်ခုသတ်မှတ်ပြီး စီစဉ်ဆောင်ရွက်နိုင်ပါက အကောင်းဆုံးဖြစ်ကြောင်း၊ သို့မဟုတ် ၎င်းတို့နေအိမ်၌ နေထိုင်လိုပါကလည်း မိသားစုဝင်များနှင့် သီးခြားနေထိုင်စေလိုပြီး ထိတွေ့ဆက်ဆံမှုများ မပြုလုပ်ကြရန် အလွန်အရေးကြီး ကြောင်းကို ရှင်းလင်းပြကြရန်ဖြစ်ကြောင်း။

အသိပညာပေးမှုများကို ရပ်ကွက်၊ ကျေးရွာများတွင် ပိုမိုထိရောက်အောင် အသံချဲ့စက်များဖြင့်လှည့်လည်၍ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံခြားမှ ပြန်လာကြသူများအနေဖြင့်လည်း သက်ဆိုင်ရာ ဌာနများသို့ သတင်းပို့ကြရန် အရေးကြီးပါကြောင်း၊ သတင်းပို့မှသာ မိမိမှာ ရောဂါပိုးကူးစက်ခံရပါက အချိန်မီ ထိန်းချုပ် ကုသမှုခံယူနိုင်ပြီး မိမိ မိသားစု၊ ရပ်ကွက်၊ ကျေးရွာကို ကာကွယ်နိုင်မှာ ဖြစ်သည့် အတွက် နိုင်ငံခြားမှ ပြန်လာကြသူများ သတင်းပို့နိုင်ရေးကိုလည်း ပါဝင်ကူညီကြရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့နည်းလမ်းများကို ပြည်သူ တစ်ယောက်ချင်းက ကိုယ့်တာဝန်ကိုယ်ယူ ကြရမှာဖြစ်ကြောင်း၊ ယခုဖြစ်ပွားလျက်ရှိသော ကူးစက် ရောဂါနှင့် ပတ်သက်၍ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနှင့် အကျုံးဝင်ဆောင်ရွက်ရန် လိုကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ အခန်း (၁) ပုဒ်မ (၂) (ခ)အရသဘာဝဘေး အန္တရာယ်ဟု ဆိုရာတွင် လူ(သို့မဟုတ်) တိရစ္ဆာန်များတွင် ကူးစက်ရောဂါ ဖြစ်ပွားခြင်းပါဝင်ပါကြောင်း၊ ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ညွှန်ကြားချက်များကို ပြည်သူများ သိရှိလိုက်နာရန်လိုပါကြောင်း၊ မလိုက်နာပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ပြည်သူများသည် ဥပဒေကိုသိရှိပြီး လိုက်နာ ဆောင်ရွက်ရန် ပညာပေးရမည်ဖြစ်ကြောင်း၊ ပြည်သူများ ဥပဒေကိုသိရန် ဝန်ထမ်းများက ရှင်းလင်း ပြောကြားရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးဦးစိုးအောင်က ဝန်ထမ်းများအနေဖြင့် ညွှန်ကြားချက်များကို သိရှိလိုက်နာပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူ ချိတ်ဆက် ပူးပေါင်းပြီး အစိုးရ၏ ထုတ်ပြန်ချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)

HOT NEWS
January 4,