Naypyitaw State Academy တွင် အားကစားပညာမဟာဌာနနှင့် လူမှုရေးပညာမဟာဌာန ဖွင့်ပွဲအခမ်းအနားကျင်းပ
Naypyitaw State Academy တွင် အားကစားပညာမဟာဌာနနှင့် လူမှုရေးပညာမဟာဌာန ဖွင့်ပွဲအခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / November 23, 2024
နေပြည်တော် နိုဝင်ဘာ ၂၂
Naypyitaw State Academy တွင် အားကစားပညာမဟာဌာနနှင့် လူမှုရေးပညာမဟာဌာန ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ စာသင်ဆောင်ရှေ့တွင် ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် စာသင်ခန်းအတွင်း အေးချမ်းစွာပညာ သင်ကြားနေကြသည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားသည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို Naypyitaw State Academy ဘက်စုံခန်းမ၌ ဆက်လက်၍ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက Naypyitaw State Academy ကို Faculty system ဖြင့် မဟာဌာနကြီးခုနစ်ခုဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ရာ စတင်ဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်တွင် ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ စီးပွားရေးပညာမဟာဌာန၊ ဥပဒေပညာမဟာဌာနဟူ၍ မဟာဌာနကြီးလေးခုကိုဖွင့်လှစ်ခဲ့ပြီး ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် ဆေးပညာမဟာဌာနကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ယခုနှစ် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်တွင် မဟာဌာနကြီးနှစ်ခုဖြစ်သည့် အားကစားပညာမဟာဌာနနှင့် လူမှုရေးပညာ မဟာဌာနတို့ကို ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ပြီ ဖြစ်ပါကြောင်း။
ပညာရေး ဝန်ကြီးဌာနနှင့်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အားကစားပညာဘာသာရပ်ကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်ကစပြီး ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တို့တွင် ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ပါကြောင်း၊ ယခုပညာသင်နှစ်တွင် Naypyi-taw State Academy အားကစား ပညာမဟာဌာနကို ဖွဲ့စည်းတည်ထောင်ဖွင့်လှစ်နိုင်ပြီဖြစ်ပါကြောင်း။
ပညာရေး ဝန်ကြီးဌာနနှင့်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတို့ပူးပေါင်း၍ လူမှုရေးပညာမဟာဌာနကို ဖွဲ့စည်းတည်ထောင်ပြီး မြန်မာနိုင်ငံတွင် လူမှုရေးအရ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် ပတ်သက်သည့် လူမှုရေးရာကိစ္စရပ်များကို လူမှုဝန်ထမ်းနည်းစနစ်များနှင့် စနစ်တကျစီမံဆောင်ရွက်နိုင်သည့် လူမှုရေးပညာဘွဲ့ရ ပညာတတ်များကို ပြုစုပျိုးထောင်ပေးရန်ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ထို့အတူ ပညာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းနှင့်အခြားဝန်ဆောင်မှုလုပ်ငန်းများ၊ ယင်းနှင့်ဆက်စပ်လျက်ရှိသော အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတွင် အဓိကကျသော လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှုပညာ ဘွဲ့ကြိုသင်တန်းကိုလည်း ယခုပညာသင်နှစ်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ယခုပညာသင်နှစ်တွင် Naypyitaw State Academy ၌ ဘွဲ့လွန်မဟာတန်းများကိုလည်း စတင်ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်၍ Naypyi-taw State Academy တွင် ကျောင်းသား ကျောင်းသူဦးရေစုစုပေါင်း ၁၅၀၀ ဝန်းကျင်ခန့်ကို လက်ခံသင်ကြားပေးလျက်ရှိပြီ ဖြစ်ပါကြောင်း။
အားကစားပညာ၊ လူမှုရေးပညာနှင့် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှုပညာ ဘာသာရပ်များသည် ယခုပညာသင်နှစ်မှ အသစ်စတင်ဖွင့်လှစ်သည့် ဘာသာရပ်များ ဖြစ်သော်လည်း ကျောင်းသား ကျောင်းသူများက လက်ခံနိုင်မည့်ဦးရေ အင်အားအပြည့် လျှောက်ထားလာခြင်းအတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ Naypyi-taw State Academy မှ ကျောင်းသား ကျောင်းသူများအားလုံးကို သက်ဆိုင်ရာဝန်ကြီးဌာနများကိုယ်စား လှိုက်လှိုက်လှဲလှဲကြိုဆိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်တို့က မဟာဌာနဖွင့်ပွဲအထိမ်းအမှတ် ကြိုဆိုဝမ်းမြောက်စကားပြောကြားကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများကို လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက Naypyitaw State Academy အတွက် အားကစားပစ္စည်းများ ကိုလည်းကောင်း ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်