စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ဝန်ကြီးဌာနများ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

 

နောက်ခံသမိုင်း

၁။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီး အချိန်တွင် စက်မှုလက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ဝန်ကြီးဌာနတစ်ခုအနေဖြင့် သီးခြား ဖွဲ့စည်းထားခြင်းမရှိဘဲ စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန၊ စက်မှုလက်မှုနှင့် သတ္တုတွင်းဝန်ကြီးဌာနဟူ၍ အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် စက်မှုလက်မှုဝန်ကြီးဌာနအဖြစ်လည်းကောင်း၊ ၁၉၇၂ ခုနှစ် မတိုင်မီက အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာနအဖြစ် လည်းကောင်း ဝန်ကြီးဌာန(၃)ဌာနအဖြစ် တည်ရှိခဲ့ပါသည်။

၂။ ၁၉၇၂ ခုနှစ်မတိုင်မီကာလတွင် အမျိုးသားစီမံကိန်းဝန်ကြီးဌာနကို ဦးစီးဌာန/ အဖွဲ့အစည်း (၅) ခု ဖြင့် ဖွဲ့စည်းထားရှိပြီး အမျိုးသားစီမံကိန်းဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေး စာချုပ်များကိုစိစစ်ခြင်း၊ စီမံကိန်းများညှိနှိုင်းခြင်း၊ နိုင်ငံခြားမှ စီးပွားရေးပူးပေါင်းမှု အကူအညီများ နှင့် ကုလသမဂ္ဂကျွမ်းကျင်မှု အကူအညီများ ရယူရန် ဆက်သွယ်ဆောင်ရွက် ပေးခဲ့ပါသည်။

၃။ ၁၉၇၂ ခုနှစ်မတိုင်မီကာလတွင် ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာနကို ဝန်ကြီးရုံး၊ ငွေစာရင်းစစ်ရုံးများအပါအဝင် ဌာနအဖွဲ့အစည်း လုပ်ငန်း (၁၇) ခုဖြင့် မြန်မာနိုင်ငံ၏ ငွေကြေး စနစ်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရန် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

၄။ ၁၉၇၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီမှ စတင်အကောင်အထည်ဖော်ခဲ့သော အုပ်ချုပ်ရေး စနစ်သစ်အရ အမျိုးသားစီမံကိန်းဝန်ကြီးဌာန နှင့် ဘဏ္ဍာရေးနှင့်အခွန်တော်ဝန်ကြီးဌာန တို့ကို ပေါင်းစပ်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဟု ခေါ်တွင်ခဲ့ပြီး၊ ၁၉၇၂ ခုနှစ် မတ်လ(၁၆) ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁) ဖြင့် စက်မှုလက်မှုဝန်ကြီးဌာန၏ အမည်ကို စက်မှု ဝန်ကြီးဌာနဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။

၅။ ၁၉၇၅ ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့သည် ၁၉၇၅ ခုနှစ် မတ်လ (၂၉) ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၃)ဖြင့် ၁၉၇၅ ခုနှစ် ဧပြီလ(၁) ရက်နေ့မှစတင်၍ မူလစက်မှုဝန်ကြီးဌာနကို အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ် (၂) စက်မှု ဝန်ကြီးဌာနဟူ၍ ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

၁၉၉၃ ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအား အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန နှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနများအဖြစ် ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန လက်အောက် တွင် ဦးစီးဌာန/ အဖွဲ့အစည်း (၇) ခုဖြင့်ဖွဲ့စည်းထားရှိခဲ့ပြီး ဘဏ္ဍာရေးနှင့် အခွန်၀န်ကြီးဌာန လက်အောက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အပါအဝင် လုပ်ငန်းဌာနကြီး (၆) ခုနှင့် ဦးစီးဌာန (၆) ခု စုစုပေါင်းဌာနကြီး (၁၂) ခုတို့ဖြင့် ဖွဲ့စည်း၍ လုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါသည်။

။ ၂၀၁၂ ခုနှစ်၊ မတ်လ(၂၉) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၁၂) ၏ သဘောတူ ခွင့်ပြုချက်အရ ၂၀၁၂ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့မှစ၍ စက်မှုဝန်ကြီးဌာနအဖြစ် ဦးစီးဌာန (၃)ခု လုပ်ငန်း(၆)ခု၊ ဗဟိုဌာန(၂)ခု စုစုပေါင်း ဌာနကြီး (၁၁)ခုတို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။

၂၀၁၃ ခုနှစ်တွင် ဘဏ္ဍာရေးနှင့်အခွန်၀န်ကြီးဌာနကို ဘဏ္ဍာရေးဝန်ကြီးဌာနအဖြစ် အမည် ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာနအောက်မှ ခွဲထွက်၍ သီးခြားဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။ ပြင်ဆင်ပြောင်းလဲသည့် ဖွဲ့စည်းပုံအရ ဘဏ္ဍာရေး၀န်ကြီးဌာန လက်အောက်တွင် လုပ်ငန်း (၁) ခုနှင့် ဦးစီးဌာန (၂) ခုတိုးချဲ့၍ လုပ်ငန်းဌာနကြီး (၅) ခုနှင့် ဦးစီး ဌာန (၈) ခု စုစုပေါင်းဌာနကြီး (၁၃) ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။

၂၀၁၆ ခုနှစ်တွင် လုပ်ငန်းများ ကျစ်လစ်သိပ်သည်းစွာ ဆောင်ရွက်နိုင်ရန် လုပ်ငန်းသဘော သဘာဝချင်း ဆက်စပ်တူညီသည့် ဝန်ကြီးဌာနများကို ပေါင်းစည်းမှုအရ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၀န်ကြီးဌာနနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန (၂) ခုတို့အား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (၁) ခုတည်းအဖြစ် ပြန်လည်ပူးပေါင်း၍ ဦးစီးဌာန၊ လုပ်ငန်း၊ အဖွဲ့အစည်း စုစုပေါင်း (၂၀) ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ထို့အပြင် စက်မှုဝန်ကြီးဌာနအား ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက် နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၁၆)၏ သဘောတူ ခွင့်ပြုချက်ဖြင့် ဦးစီးဌာန (၂) ခု လုပ်ငန်း (၄) ခုတို့ဖြင့် ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။

၁၀။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ(၂၈) ရက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အောက်တွင် ဖွဲ့စည်းထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနတို့ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အောက်တွင် ဖွဲ့စည်းခဲ့သဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာန အောက်တွင် ဦးစီးဌာန/ လုပ်ငန်း/ အဖွဲ့အစည်း (၁၈) ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။

၁၁။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် စက်မှု ဝန်ကြီးဌာနတို့ကို ပူးပေါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြည်ထောင်စု ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန/ လုပ်ငန်း/ အဖွဲ့အစည်း စုစုပေါင်း (၂၅) ခုဖြင့် ပြင်ဆင်ဖွဲ့စည်း ခဲ့ပါသည်။

၁၂။  ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၉) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၂၀) ၏ သဘောတူ ခွင့်ပြုချက်အရ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့မှစ၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနကို ပြည်ထောင်စုဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန/ လုပ်ငန်း/ အဖွဲ့အစည်း စုစုပေါင်း (၂၄) ခုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

 

မူဝါဒ

ဝန်ကြီးဌာန၏ မူဝါဒများကို နိုင်ငံတော်မှချမှတ်ထားသော မူဝါဒများနှင့် တည်ဆဲလုပ်ထုံး လုပ်နည်းများအရလည်းကောင်း၊ နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်နေသည့် မူဝါဒများနှင့် ပေါင်းစပ်၍လည်းကောင်း၊ လုပ်ငန်းဆက်စပ်ဆောင်ရွက်နေသောဝန်ကြီးဌာနများ၏ မူဝါဒများနှင့် ချိန်ညှိ၍ အောက်ပါအတိုင်း ရေးဆွဲဖော်ပြအပ်ပါသည်-

(၁) ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော စဉ်ဆက်မပြတ် တိုးတက်သည့် နိုင်ငံတော် တည်ဆောက်ရာတွင် ထိရောက်စွာ အထောက်အကူပြုရေး၊

(၂) နိုင်ငံတော်မှ ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများ၊ မော်ကွန်းများကို ရယူစုဆောင်းရေး၊ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး အားထားရသည့် မော်ကွန်းတိုက် အဖြစ် ရပ်တည်ဆောင်ရွက်နိုင်ရေး၊

(၃) စာရင်းအင်းစနစ် ပြည့်စုံတိကျ မှန်ကန်စေရေးအတွက် လူမှု-စီးပွားရေးဆိုင်ရာ အချက်အလက်များ၊ မြန်မာနိုင်ငံအမျိုးသားစာရင်းအင်းစနစ် ပေါ်ပေါက်လာစေရေး၊ စာရင်းအင်းဆိုင်ရာလုပ်ငန်းများ လွယ်ကူချောမွေ့စေရေး၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရေး၊ ယုံကြည်မှု တိုးမြှင့်စေရေး၊ စာရင်းအင်း အရည်အသွေး ပြည့်ဝ စေရေးနှင့် စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာကို ဖော်ဆောင်၍ လုပ်ငန်းများ တိုးမြှင့်အောင် ဆောင်ရွက်နိုင်ရေး၊

(၄) နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ဝန်ကြီးဌာန/အဖွဲ့အစည်းများရှိ ယာဉ်နှင့် စက်ပစ္စည်းများ စွမ်းအားပြည့် အသုံးပြုနိုင်ရေး၊ နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် လိုအပ်သည့် အခြေခံအဆောက်အအုံများ စနစ်တကျ တည်ဆောက်မှုကို အထောက်အကူဖြစ်စေရေးနှင့် ဘဏ္ဍာရေးမူဝါဒများ ချမှတ် ဖော်ဆောင်ရေး၊

(၅) နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများ၊ ဦးစီးဌာနများ၏ စာရင်းထိန်းသိမ်းပေးခြင်း၊ အငြိမ်းစားလစာ ထုတ်ပေးခြင်း၊ ခေတ်မီဘဏ်လုပ်ငန်းစနစ်များဖြင့် နိုင်ငံတော်၏ ငွေကြေး ဝန်ဆောင်မှုကဏ္ဍ တိုးတက်မြင့်မားစေရေး၊

(၆) ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို နိုင်ငံတကာဘဏ်များနည်းတူ လျင်မြန် သွက်လက်အောင် ဆောင်ရွက်ရေး၊ နိုင်ငံတကာဘဏ်များနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊ အဆင့်မြှင့်တင် ဆောင်ရွက်ရေး၊ ငွေကြေးအရင်းအနှီးများ ပံ့ပိုးပေးရေး၊

(၇) ကျေးလက်ဒေသ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်သော ချေးငွေများကို တောင်သူလယ်သမားများ လက်ဝယ်အရောက် ထုတ်ချေးရေး၊ တောင်သူလယ်သမား၏ အခွင့်အရေးကို ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး၊

(၈) အာမခံလုပ်ငန်းနှင့် တစ်ဆင့်အာမခံလုပ်ငန်း အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများ၏ အကျိုးကျေးဇူးကို ပြည်သူများ သိရှိနားလည် စေရေး၊

(၉) နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုနှင့် ကိုက်ညီသော ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု စနစ်ဖော်ဆောင်ရေး၊ ငွေကြေးနှင့် ကြွေးမြီစီမံခန့်ခွဲမှုများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရေး၊

(၁၀) အခွန်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် လုပ်ထုံးလုပ်နည်းဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ရေး၊ ငွေကြေး ဖောင်းပွမှုနှုန်း လျှော့ချရေး၊ ငွေချေးစာချုပ်ရောင်းဝယ်သည့် စျေးကွက် Secondary or Trading Market) ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အသေးစား ငွေရေးကြေးရေး လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊

(၁၁) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍများဘက်ညီဖွံ့ဖြိုးရေးအတွက် လယ်ယာအခြေခံ စက်မှုလုပ်ငန်းများ၊ လယ်ယာထုတ်ကုန်များတန်ဘိုးမြှင့် ထုတ်လုပ်သည့် လုပ်ငန်းများနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်တိုးတက်လာစေရေး၊ အသေးစား နှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို တွန်းအားပေး ဆောင်ရွက်ပြီး အကြီးစားစက်မှု လုပ်ငန်းများအား ဆက်လက်ထူထောင်ခြင်းဖြင့် သွင်းကုန်အစားထိုးထုတ်ကုန်နှင့် ပြည်ပပို့ ထုတ်ကုန်များ တိုးမြင့်လာစေရေး၊

(၁၂) စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံပိုင်စက်ရုံအလုပ်ရုံများ အောင်မြင်မှု ရရှိစေရေးနှင့် ပုဂ္ဂလိကအခန်းကဏ္ဍ၊ အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများ ပိုမိုမြှင့်တင်ရေးအတွက် နည်းပညာ၊ အတတ်ပညာနှင့် ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်၍ ပူးပေါင်း ဆောင်ရွက်ရေး၊

(၁၃) စက်မှုထုတ်ကုန်များ အရည်အသွေး တိုးတက်မြင့်မားလာစေရန်နှင့် ဆန်းသစ်တီထွင် နိုင်ရန်အတွက် သုတေသနနှင့် နည်းပညာလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး နှင့် စက်မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊

(၁၄) ပြည်တွင်းရှိ သယံဇာတ ကုန်ကြမ်းပစ္စည်းများကို ထိရောက်အကျိုးရှိစွာ အသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းအားတိုးမြှင့်ဆောင်ရွက်ရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိသည့် စက်မှုလုပ်ငန်းများဖြစ်စေရေးနှင့် စွမ်းအင်ကို အကျိုးရှိထိရောက်စွာ အသုံးချ နိုင်ရေး။

 

ရည်မှန်းချက်

၁။ နိုင်ငံတော်၏ လူမှုစီးပွားစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ ကဏ္ဍနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ အလိုက် အချိုးကျမျှတ ဖွံ့ဖြိုးစေမည့် အမျိုးသားစီမံကိန်းများရေးဆွဲတင်ပြရန်၊

၂။ မြန်မာနိုင်ငံ၏ သမိုင်းအစဉ်အလာ၊ ယဉ်ကျေးမှုအမွေအနှစ်၊ နိုင်ငံအုပ်ချုပ်ရေး စသည် တို့နှင့် စပ်လျဉ်းသည့် မှတ်တမ်းမော်ကွန်းများ မပျက်စီးစေရန်နှင့် လုံခြုံစွာ ထိန်းသိမ်းထားရန်၊

၃။ စာရင်းအင်း အရည်အသွေး ပြည့်ဝစေရေးနှင့် စာရင်းအင်းစနစ် ပြည့်စုံတိကျ မှန်ကန် စေရေးအတွက် မြန်မာနိုင်ငံ အမျိုးသားစာရင်းအင်းစနစ် ပေါ်ပေါက်လာစေရန်၊

၄။ ဝန်ကြီးဌာန/ အဖွဲ့အစည်းများရှိ ယာဉ်များ၊ စက်ပစ္စည်းများနှင့် ရုံးသုံးပစ္စည်းများအား စနစ်တကျ စာရင်းကောက်ယူ မှတ်တမ်းပြုစုထားရှိရန်၊ စွမ်းအားပြည့် အသုံးချနိုင်စေရန် နှင့် ပြင်ဆင်ထိန်းသိမ်း စရိတ်များ စိစစ်ခွင့်ပြုရန်၊

၅။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ စွမ်းဆောင်မှုကို စိစစ်သုံးသပ်တင်ပြရန်၊ ဝန်ထမ်း ဖွဲ့စည်းမှုပုံစံများ စိစစ်တင်ပြရန်နှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်စေရန်၊

၆။ Core Banking စနစ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ပြီး လျင်မြန်သွက်လက် သော ဘဏ်လုပ်ငန်းစနစ်ဖြင့် ပြည်သူဗဟိုပြု ဝန်ဆောင်မှု ပေးနိုင်ရေးနှင့် ဘဏ်ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရန်၊

၇။ ဘဏ်လုပ်ငန်းသုံး ခေတ်မီစက်ကိရိယာများ၊ ခေတ်မီနည်းစနစ်များကို အသုံးပြု ဆောင်ရွက်ရန်၊ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ရန်နှင့် ပို့ကုန်သွင်းကုန် လုပ်ငန်းများအား အထောက်အပံ့ပေးသည့် (Trade Financing) ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်၊

၈။ နိုင်ငံတော်၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသ လူမှုစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဘဏ်လုပ်ငန်းဖြင့် ထိရောက်စွာ အထောက်အကူပြုရန်၊

၉။ ဘေးအန္တရာယ်များကြောင့် ပြည်သူများ ကြုံတွေ့နိုင်သည့် နစ်နာဆုံးရှုံးမှုများကို အာမခံ ထားခြင်းဖြင့် ငွေကြေးပြေလည်မှုရရှိစေရန်၊ ငွေစုဆောင်းသည့်အလေ့အထ တိုးပွားစေရန်၊ နိုင်ငံတော်၏ အရင်းအနှီးစုဆောင်းမှုကို အထောက်အကူပြုစေရန်နှင့် အာမခံစနစ်အပေါ် ပြည်သူများ ယုံကြည်ကိုးစားမှုရှိလာစေရန်၊

၁၀။ ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီ အချိုးအား ၅ % ထက် မကျော်လွန်စေရန် ရည်မှန်းပြီး နှစ်လတ် ဘဏ္ဍာရေးမူဘောင်ရေးဆွဲ၍ အသုံးစရိတ်ဘောင်များ ခွဲဝေသတ်မှတ်ရန်နှင့် ဘဏ္ဍာရေး ပွင့်လင်းမြင်သာမှု (Fiscal Transparency) ပိုမိုအားကောင်းစေရန်၊

၁၁။ ပင်စင်ရန်ပုံငွေထူထောင်ခြင်းဖြင့် ပင်စင်အသုံးစရိတ်ခိုင်မာ၍ ရေရှည်တည်တံ့စေရန်နှင့် စားဝတ်နေရေးဖူလုံစေရန်၊

၁၂။ အစုရှယ်ယာဈေးကွက်နှင့် ပြည်တွင်းငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်မှု ပိုမို ကျယ်ပြန့်စေရန်၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီများမှ အစုရှယ်ယာ ရောင်းချခြင်းဖြင့် ငွေအရင်းအနှီးများရရှိ၍ လုပ်ငန်းများတိုးချဲ့ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွား လာစေရန်၊

၁၃။ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ကို ပီပြင်စွာ ကျင့်သုံးဆောင်ရွက်နိုင်စေရန်၊ ပွင့်လင်း မြင်သာမှုရှိသည့် ခေတ်မီသော အခွန်ဌာနတစ်ရပ် ဖြစ်လာစေရန်၊ အကောက်ခွန် လုပ်ထုံး လုပ်နည်းများ ခေတ်မီစေရေးဆောင်ရွက်ရန်၊

၁၄။ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအား ဥပဒေအရ တရားဝင်အဖွဲ့အစည်းများ ဖြစ်စေရေးနှင့် အသေးစားငွေရေးကြေးရေး လုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်နိုင်ရေးအတွက် ကြီးကြပ်စစ်ဆေးရန်၊

၁၅။ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဆက်လက်ဆောင်ရွက်သင့်သည့် နိုင်ငံပိုင်စက်ရုံအလုပ်ရုံများ အောင်မြင်မှုရရှိစေရန်၊ ပုဂ္ဂလိက စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံပိုင်စက်ရုံအလုပ်ရုံများကို ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့် ဆောင်ရွက်ရန်နှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူလူထု၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန်၊

၁၆။ လုပ်သားအခြေပြုစက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေးအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းကို အားပေးဆောင်ရွက်ပြီး ပြည်တွင်းဈေးကွက် ချဲ့ထွင်နိုင်ခြင်းမှတဆင့် ပို့ကုန်ဦးစားပေး စက်မှုလုပ်ငန်းများ ဖြစ်ပေါ်လာစေရန်။

 

ဖွဲ့စည်းပုံ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကို ပြည်ထောင်စုဝန်ကြီးရုံးအပါအဝင် အောက်ပါ ဦးစီးဌာန/ လုပ်ငန်း/ အဖွဲ့အစည်း (၂၄) ခုဖြင့် ဖွဲ့စည်းထားပါသည်-

(၁) ပြည်ထောင်စုဝန်ကြီးရုံး

(၂) ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန
(၃) စီမံကိန်းရေးဆွဲရေးဦးစီးဌာန
(၄) ဗဟိုစာရင်းအင်းအဖွဲ့
(၅) စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန

(၆) အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန
(၇) မြန်မာ့စီးပွားရေးဘဏ်
(၈) မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်
(၉) မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်
(၁၀) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
(၁၁) မြန်မာ့အာမခံလုပ်ငန်း
(၁၂) ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန
(၁၃) ငွေတိုက်ဦးစီးဌာန
(၁၄) ပြည်တွင်းအခွန်များဦးစီးဌာန
(၁၅) အကောက်ခွန်ဦးစီးဌာန
(၁၆) ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန
(၁၇) ပင်စင်ဦးစီးဌာန
(၁၈) ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး
(၁၉) စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

(၂၀) စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန

(၂၁) အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း

(၂၂) အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း

(၂၃) အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း

(၂၄) မြန်မာ့ဆေးဝါးလုပ်ငန်း

 

Website လိပ်စာ

www.mopfi.gov.mm

 

ရရှိနိုင်သော ဝန်ဆောင်မှုများ

            ၁။ ဘွဲ့လွန်စာရင်းအင်းပညာဒီပလိုမာ (Post Graduate Diploma in Statistics) သင်တန်း ဖွင့်လှစ်ခြင်း

၂။ E-Pension လျှောက်ထားခြင်း

၃။ ဘဏ်ချေးငွေထုတ်ချေးခြင်း

၄။ နိုင်ငံခြားငွေဖြင့် ဘဏ်လုပ်ငန်းဆောင်ရွက်ခြင်း

၅။ Online Phone Billing System

၆။ စက်မှုသင်တန်းကျောင်းများတက်ရောက်ရန် လျှောက်ထားခြင်း

၇။ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း

၈။ ဓာတုပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများအတွက် မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်း

၉။ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပသို့ တင်ပို့ခြင်းအတွက် ထောက်ခံချက် လျှောက်ထားခြင်း

၁၀။ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ထောက်ခံချက် လျှောက်ထားခြင်း

၁၁။ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ နိုင်ငံတွင်းမှတစ်ဆင့်ဖြတ်သန်းကုန်သွယ်ခွင့်အတွက် ထောက်ခံချက်လျှောက်ထားခြင်း

၁၂။ ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်ခြင်း

၁၃။ ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူလက်မှတ်ထုတ်ပေးခြင်း

၁၄။ ဘွိုင်လာမှတ်ပုံတင်စစ်ဆေးခြင်း

၁၅။ အသုံးပြုနေသော ဘွိုင်လာများအား နှစ်စဉ်စစ်ဆေးခြင်း

၁၆။ ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူများသင်တန်းဖွင့်လှစ်ခြင်း

၁၇။ ဘွိုင်လာပြုပြင်သူလက်မှတ်များ ထုတ်ပေးခြင်း

၁၈။ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးစစ်ဆေးခြင်း

၁၉။ ဓာတ်ခွဲခန်းတွင်လျှပ်စစ်ပစ္စည်းများစစ်ဆေးခြင်း

၂၀။ လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်ထုတ်ပေးခြင်း

၂၁။ လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းများဖွင့်လှစ်ပို့ချခြင်း

၂၂။ လျှပ်စစ်ဓာတ်လိုက်မှုများစစ်ဆေးခြင်း

၂၃။ PUM Netherlands အဖွဲ့အစည်းထံမှနည်းပညာ လွှဲပြောင်းရယူနိုင်ရန် လျှောက်ထားပေးခြင်း

၂၄။ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (DRI) ထံမှ နည်းပညာ လွှဲပြောင်းရယူနိုင်ရန် လျှောက်ထားပေးခြင်

၂၅။ အသေးစားနှင့်အလတ်စားလုပ်ငန်းများအား SME လုပ်ငန်းများအဖြစ် အသိအမှတ်ပြု ကဒ်များ ထုတ်ပေးခြင်း

၂၆။ Credit Guarantee Insurance (CGI) စနစ်ဖြင့် ချေးငွေလျှောက်ထားနိုင်ရန်အတွက် အသေးစားနှင့် အလတ်စားလုပ်ငန်းများအား SME Recommendation Letter များ ထုတ်ပေးခြင်း။

အထူးသတင်း