အောက်တိုဘာ ၁ ရက်တွင် တစ်နိုင်ငံလုံး မြန်မာယူနီကုဒ်စနစ် ကူးပြောင်းမည် - အောက်တိုဘာ ၁ ရက်တွင် တစ်နိုင်ငံလုံး မြန်မာယူနီကုဒ်စနစ် ကူးပြောင်းမည်

အောက်တိုဘာ ၁ ရက်တွင် တစ်နိုင်ငံလုံး မြန်မာယူနီကုဒ်စနစ် ကူးပြောင်းမည်

ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / July 08, 2019
image_latest


ရန်ကုန် ဇူလိုင် ၇

 

နိုင်ငံတော်အစိုးရ၏ မူဝါဒလမ်းညွှန်မှု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ပညာရှင်များပူးပေါင်း၍ တစ်နိုင်ငံလုံးရှိ ကွန်ပျူတာသုံး မြန်မာဘာသာစကား ဖတ်ရှုရေးသားသူများသည် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် နိုင်ငံတကာသုံး စံချိန်စံညွှန်းနှင့် ကိုက်ညီသော မြန်မာယူနီကုဒ်စံစနစ်သို့ တစ်ပြိုင်တည်း ကူးပြောင်းနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၅ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ MICT ၌ ကျင်းပသည့် ယူနီကုဒ်သုံး မြန်မာစာစနစ်ပြောင်းလဲ အသုံးပြုရေး စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။

 

မြန်မာစံချိန်စံညွှန်းအဖြစ်သတ်မှတ်

 

အမျိုးသားစံချိန်စံညွှန်းကောင်စီသည် စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၃၃၊ ပုဒ်မခွဲ(ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပုဒ်မ ၅၊ ပုဒ်မခွဲ(ခ)ပါ လုပ်ငန်းတာဝန်များအရ MMS ISO/IEC 10646:2017 သတင်းအချက် အလက် နည်းပညာ၊ နိုင်ငံတကာသုံး ယူနီကုဒ် စံစနစ်အား မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ကြောင်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၀၂၂/၂၀၁၉)ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

 

၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်တွင် အစိုးရဌာနများသည် ISO 10646 နိုင်ငံတကာသုံး ယူနီကုဒ် စံစနစ်နှင့် ကိုက်ညီသော မြန်မာယူနီကုဒ်သို့ အောင်မြင်စွာ ကူးပြောင်းခဲ့ပြီး ဖြစ်သည်။ ကျန်ရှိသော နည်းပညာ အခက်အခဲအချို့ကို မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်အောက်မှ(Natural Language Processing Lab (NLP Lab) နှင့် ပြင်ပပညာရှင်များ ပူးပေါင်းဖြေရှင်းပေးလျက်ရှိကြောင်း သိရသည်။

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက “ယူနီကုဒ်စံစနစ်သုံး မြန်မာစာစနစ်က သတင်းအချက်အလက်တွေကို စနစ်တကျ သိမ်းဆည်းနိုင်ခြင်း၊ လွယ်ကူတိကျစွာ ပြန်လည်ရှာဖွေနိုင်ခြင်း၊ မြန်မာစာစနစ်အတိုင်း အလွယ်တကူ အက္ခရာစဉ်နိုင်ခြင်း၊ ဘာသာပြန်ဆိုမှုမှာလည်း အခြားဘာသာတစ်ခုကို မြန်မာဘာသာသို့ အပြန် အလှန်ပြန်ဆိုမှုကို ပိုမိုအဆင်ပြေ ချောမွေ့စေခြင်း၊ မြန်မာဘာသာစကားကို ကွန်ပျူတာစနစ်မှာ အပြည့်အဝအသုံးချလာနိုင်ခြင်း၊ တိုင်းရင်းသား ဘာသာစကားတွေကိုလည်း ယူနီကုဒ်စနစ်မှာ အလွယ် တကူ အသုံးပြုနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကြောင့် ယူနီကုဒ်စနစ်သုံး မြန်မာစာစနစ်ကို စံချိန်စံညွှန်းအဖြစ် ပြောင်းလဲအသုံးပြုရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

 

လူသုံးအများဆုံး Operating System များ ဖြစ်သည့် Microsoft Windows, Apple Mac OS, Linux, Google Android, Apple iOS စသည့်စနစ်များတွင် မြန်မာ ယူနီကုဒ်ကို အလိုအလျောက် ထောက်ပံ့ပေးထားပြီးဖြစ်သည်။ Microsoft Office, Google, YouTube, Facebook, Massenger, Viber စသည့် မြန်မာနိုင်ငံတွင် အသုံးများသည့် Website များ၊ လူမှုကွန်ရက်များ၊ Mobile Application များနှင့် Office Productivity Software များသည်လည်း မြန်မာယူနီကုဒ်ကို လက်ခံ ကျင့်သုံးနေပြီဖြစ်ကြောင်း သိရသည်။

 

ယူနီကုဒ်စနစ်ပြောင်းလဲ

 

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က “ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဟာ မြန်မာစာစံစနစ်ရဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ၊ အကြံပြုမှုတွေကို ဆောင်ရွက်နေပါတယ်။ ယူနီကုဒ်စနစ် ပြောင်းလဲဖို့ အကောင် အထည်ဖော်မှု အစီအစဉ်တွေမှာလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေ၊ လုပ်ငန်းကြီးတွေ၊ နည်းပညာကုမ္ပဏီတွေ၊ ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

 

ယူနီကုဒ်စံစနစ်ကို Database များ၊ Spreadsheet များ၌ ထည့်သွင်းသုံးစွဲရာတွင် sorting,searching စသည့် ထောက်ပံ့မှုများ ရရှိမည်ဖြစ်သည့်အတွက် လုပ်ငန်းသုံးဆော့ဖ်ဝဲများ၊ ဌာနဆိုင်ရာ e-Government application များနှင့် အမျိုးမျိုးသော နောက်ဆုံးပေါ် နည်းပညာ အသုံးချစနစ်များ အတွက် ပိုမိုကောင်းမွန် ပြည့်စုံသောထောက်ပံ့မှုများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် သည် ယခုအခါတွင် သက်ဆိုင်ရာ အစိုးရဌာနများ၊ ဆက်သွယ်ရေး အော်ပရေတာများ၊ မီဒီယာလုပ်ငန်းများ၊ အသင်းအဖွဲ့များ၊ ကွန်ပျူတာလုပ်ငန်းများ၊ ဆော့ဖ်ဝဲရေးဆွဲသူများ၊ မိုဘိုင်းဖုန်းထုတ်လုပ်သူများ၊ အပြည်ပြည်ဆိုင်ရာ နည်းပညာကုမ္ပဏီကြီးများ၊ စီးပွားရေးလုပ်ငန်းများ၊ မြန်မာစာအဖွဲ့နှင့် ပညာရှင်တို့ဖြင့် ပူးပေါင်း၍ မြန်မာစာ သုံးစွဲသူများ မြန်မာယူနီကုဒ်သို့ တစ်ပြိုင်တည်း ကူးပြောင်းရာတွင် အဘက်ဘက်မှ အဆင်ပြေချောမွေ့စေရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကူညီဆောင်ရွက်ပေး

 

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးသောင်းစုငြိမ်းက “ ယူနီကုဒ် စံစနစ်နဲ့ ပတ်သက်ပြီး ၁၉၉၈ ခုနှစ်ကတည်းက ပညာရှင်တွေအားလုံး ကြိုးစားပမ်းစားလုပ်ခဲ့ကြတာ ဆယ်စုနှစ် နှစ်ခုကျော် ကြာခဲ့ပါပြီ။ ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်မှာ အစိုးရဌာနတွေ အတွင်းမှာ ယူနီကုဒ်ကို ပြောင်းပြီးသုံးခဲ့ပါတယ်။ အဲဒီမှာ ပြည်ထောင်စုဖောင့် - ၃ ဆိုပြီး သတ်မှတ်သုံးခဲ့ပါတယ်။ အဲဒါကို ကွန်ပျူတာ အသင်းချုပ်ကနေ လိုအပ်တဲ့အချက်တွေကို တောက်လျှောက်ဆက်ပြီး ပေးနေပါတယ်။ ဝန်ကြီးဌာနထဲမှာ ဧပြီ ၁ ရက်ကစပြီး သုံးခဲ့တာမှာ ဘာအခက်အခဲရှိလဲ၊ အဆင် မပြေတာရှိလား၊ စက်တွေအချင်းချင်း ပေးပို့လို့ရလား၊ အဲဒါရဲ့အတွေ့အကြုံအရ လိုအပ်ချက် လေးတွေကို တွေ့မြင်ထားတာရှိပါတယ်။ အဲဒါတွေကို ကွန်ပျူတာ အသင်းချုပ်ကနေ ပညာရှင်တွေနဲ့ ဖွဲ့ထားတဲ့အဖွဲ့က ဆောင်ရွက်နေပါတယ်။ အသင်းအဖွဲ့ထဲမှာရှိတဲ့ ပညာရှင်တွေရော ပြင်ပပညာရှင် တွေ အတူတကွပူးပေါင်းပြီး ဒီယူနီကုဒ်စံစနစ်ကို အားလုံးအဆင်ပြေချောမွေ့အောင် ဝိုင်းပြီးကူညီ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

 

မြန်မာယူနီကုဒ်သို့ ကူးပြောင်းရေးလုပ်ငန်းစဉ်များကို မြန်မာစာသုံးစွဲသူများ သိရှိနားလည်စေရန်နှင့် ကျယ်ပြန့်စွာ သိရှိကြရန် ဆိုရှယ်မီဒီယာတွင် ထင်ပေါ်ကျော်ကြားသည့် Key Opinion Leader (KOL) များ၏ အကူအညီများ ကိုလည်း ရယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကူညီကြမည့် KOL အမည်စာရင်းကို ဆက်လက်ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

နည်းပညာအခက်အခဲများကိုဖြေရှင်း

 

၂၀၁၉ ခုနှစ် ဩဂုတ် ၁ ရက်တွင် ယူနီကုဒ်ကူးပြောင်းရေးဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စမ်းသပ်ဆောင်ရွက် သွားမည်ဖြစ်ပြီး ကြုံတွေ့ရမည့် နည်းပညာအခက်အခဲများကို ဖြေရှင်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

“ အခက်အခဲတွေကို ကြိုသိရအောင် ကြိုတင်စမ်းသပ်ဖို့လည်း လိုပါတယ်။ ကြိုသိလာရင် ပိုပြီး ဖြေရှင်းပေးလို့ရပါတယ်။ ရည်ရွယ်ချက် ကောင်းတစ်ခုနဲ့ အားလုံးကောင်းဖို့ ပြောင်းလဲတာကို အောင်မြင်အောင် ဝိုင်းဝန်းကြပါလို့ ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါတ်တာထွန်းသူရသက်က ပြောသည်။

 

စမ်းသပ်မှုအောင်မြင်ပါက ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် မြန်မာစာ အသုံးပြုသူများ အားလုံး တစ်ပြိုင်တည်း မြန်မာယူနီကုဒ်သို့ ကူးပြောင်းသွားနိုင်မည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်က မျှော်မှန်းထားကြောင်းလည်း သိရသည်။ အသေးစိတ်သိလိုပါက မြန်မာယူနီကုဒ်ဆိုင်ရာ အချက် အလက်များ www. mcf.org.mm ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဖုန်း-၀၁-၆၅၂၃၀၇၊ off ice@mcf.org.mm ၊ မြန်မာယူနီကုဒ် စံစနစ်ဆိုင်ရာအချက်အလက်များ etoday.org တို့တွင် ကြည့်ရှုဆက်သွယ်နိုင်ကြောင်း သိရသည်။

 

ရီရီမြင့်