စည်းကမ်းလိုက်နာခြင်းမှအစ

ပြန်ကြားရေးဝန်ကြီးဌာန | Dec 27, 2019

 

ကြေးမုံ

ကမ္ဘာပေါ်ရှိနိုင်ငံများတွင် နိုင်ငံသားတိုင်း ကိုယ်စီတာဝန်ကျေပွန်သောကြောင့် စည်းကမ်းပြည့်ဝပြီး ဖွံ့ဖြိုးတိုးတက်နေသော တိုင်းပြည်များရှိသည်။ နိုင်ငံသားများ စည်းကမ်းလိုက်နာမှု အားနည်းသောကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေသော တိုင်းပြည်များလည်းရှိသည်။ စည်းကမ်းသည် နိုင်ငံတစ်နိုင်ငံအတွက် အလွန်အရေးကြီးသဖြင့် နိုင်ငံသားတိုင်း စည်းကမ်းကို လေးစားလိုက်နာသင့်သည်။

မြန်မာနိုင်ငံကို စည်းကမ်းမရှိသောနိုင်ငံဟု ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသည့် သဘောမဟုတ်သော်လည်း စည်းကမ်းလိုက်နာမှုဘက်တွင် အားနည်းချက်ရှိနေသည်မှာ မှန်သည်ဖြစ်၍ သတိပေး၊ အသိပေးပြောဆိုနေရခြင်း ဖြစ်ပါသည်။ စိတ်ရင်းအမှန်တွင် မြန်မာနိုင်ငံအနေဖြင့် အလားအလာကောင်းများရှိသော နိုင်ငံဖြစ်၍ အားမလိုအားမရလည်း ဖြစ်နိုင်ပါသည်။ နိုင်ငံသားတိုင်း စည်းကမ်းလိုက်နာခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ ဖြစ်စေလိုသော ကရုဏာဆန္ဒ ဖြစ်ပါသည်။

ဒီဇင်ဘာလ၂၄ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ (ပင်လယ်လေး) တံတားဖွင့်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများအနေဖြင့် ဒီမိုကရေစီနှင့်ထိုက်တန်သည့် စည်းကမ်းရှိရေး၊ စည်းကမ်းလိုက်နာရေးတို့ကို အကျယ်တဝင့် ပြောကြားခဲ့သည်။ "ဒီမိုကရေစီလိုချင်တယ်ဆိုတာ ဘာဖြစ်လို့ လိုချင်သလဲလို့မေးရင် အများကတော့ အခွင့်အရေးတွေကို ပြောကြတာပဲ။ ကျွန်မအမြဲသတိပေးပါတယ်။ အခွင့်အရေးနဲ့ အတူတူပါလာတာက တာဝန်ပဲ။ တာဝန်သိတဲ့စိတ်ဓာတ်မရှိရင် ဒီအခွင့်အရေးတွေကို အလွဲသုံးစားလုပ်တဲ့ အခြေအနေရောက်သွားလိမ့်မယ်။ အခွင့်အရေးတွေကို အလွဲသုံးစားလုပ်ပြီဆိုရင် ကိုယ့်အတွက်တင် မဟုတ်ဘူး။ ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ အန္တရာယ်ဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့်မို့လို့ ကျွန်မစည်းကမ်းရှိဖို့ဆိုတာကို သတိပေးတာပါ" ဟု ပြောကြားခဲ့သည်။

ဒီမိုကရေစီနိုင်ငံတည်ဆောက်ရာ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှာကြားသော စည်းကမ်းရှိရေး သတိပေးချက်သည် များစွာအဓိပ္ပာယ်နက်နဲ ကျယ်ဝန်းလှပေသည်။ ပြည်သူတို့အခြေခံ ကျင့်သုံးအပ်သည့် အမှိုက်ပစ်သည့်ကိစ္စများမှအစ အရာရာတွင် အားလုံးစည်းကမ်းလိုက်နာကြရေး ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် ပြည်သူများအတွက် အခွင့်အရေးနှင့် ရပိုင်ခွင့်များ ပိုမိုပါရှိလာသည်။ အခွင့်အရေးနှင့်ရပိုင်ခွင့်နှင့်အတူ တာဝန်ယူမှု၊ တာဝန်သိမှုတို့လည်း ဒွန်တွဲပါလာသည်ကို သတိမူရမည်ဖြစ်သည်။ တာဝန်ယူမှု၊ တာဝန်သိမှုကို သတိမမူဘဲ ရရှိလာမည့်အခွင့်အရေးများကို အလွဲသုံးစားပြုလုပ် လိုက်မည်ဆိုလျှင် မိမိနှင့်ပတ်ဝန်းကျင်တွင် ကြီးစွာထိခိုက်မှုရှိလာသည်ကို ဆင်ခြင်တွေးတောကြည့်ရမည် ဖြစ်သည်။

မိမိမှီတင်းနေထိုင်ရာနိုင်ငံသည် မိမိတို့ မှီခိုအားထားရာနေအိမ် ဖြစ်သည်။ ပိုမိုတင့်တယ် ကောင်းမြတ်သော မိသားစုနေအိမ်ဖြစ်စေရန်အတွက် မိမိတို့နေအိမ်တွင် သတ်မှတ်ထားသောစည်းကမ်းများကို လိုက်နာမည်၊ မိမိတို့နေအိမ်ကို တန်ဖိုးထားကြရမည်ဆိုသည့် သဘောထားများထားရှိကြရမည် ဖြစ်သည်။ မိမိနေအိမ်၏ မိသားစုကိုတန်ဖိုးထားခြင်း၊ မိမိပတ်ဝန်းကျင်ကို လေးစားခြင်းမှသည် မိမိနိုင်ငံကို တန်ဖိုးထားသည့်စိတ်ထားများ မွေးမြူကြရန်ဖြစ်သည်။

မြန်မာပြည်သူပြည်သားများသည် ပင်ကိုအားဖြင့် စိတ်ရင်းစေတနာ ကောင်းမွန်ကြသူများဖြစ်သည်။ နွေးနွေးထွေးထွေးနှင့် ပျူပျူငှာငှာရှိကြသူများ ဖြစ်သည်။ အရေးကြုံလျှင် စည်းလုံးညီညွတ်မည်ဟူသည့် ကောင်းမွန်သည့် စိတ်ထားများရှိကြသူများ ဖြစ်သည်။ ထိုအချက်များသည် မြန်မာနိုင်ငံအတွက် ကောင်းမွန်သော အလားအလာကောင်းများပင် ဖြစ်သည်။ အလားအလာကောင်းများမှာ ရှိနေရုံသာရှိနေသေးပြီး လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်နေသေးသည်။ ဇွဲ၊ လုံ့လ၊ ဝီရိယများရှိကြရမည် ဖြစ်သည်။

အဓိကကျသည့်အခြေခံလိုအပ်ချက်မှာ ပြည်သူပြည်သားများအနေဖြင့် အမှိုက်ပစ်သည်မှအစ အရာရာတွင် စည်းကမ်းလိုက်နာတတ်သည့် အလေ့အထကောင်းများ မွေးမြူကြရန်ဖြစ်သည်။ မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့မိသားစုဘဝများအားလုံး ပိုပြီးသာယာလုံခြုံသော ဘဝတစ်ခုဖြစ်စေရေးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် လက်တွဲပူးပေါင်း လုပ်ကိုင်ကြမည်ဆိုသည့် စိတ်ထားများ ပွားများမွေးမြူ ကျင့်ကြံအားထုတ် ကြရမည် ဖြစ်ပါကြောင်း။ ။


AN

Aung Nyein

4 Years Ago

ရန်ကုန်မြို့ကြီးလည်း သန့်ရှင်းစေချင်လှပါပြီဗျာ..

0 0
Reply
AA

April April

3 Years ago in reply to Aung Nyein .

good day

0 0
Reply