ဒေါက်တာမြတ်မိုး‌ရေးသားခဲ့သော "ချစ်ခြင်း၊ မုန်းခြင်း၊ အဂတိကင်းသည့် အမှန်တရားကိုသာ မြတ်နိုးရာ၏" ဆောင်းပါး

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် | Oct 24, 2019

ချစ်ခြင်း၊ မုန်းခြင်း၊ အဂတိကင်းသည့် အမှန်တရားကိုသာ မြတ်နိုးရာ၏

၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၄

 

စာရိတ္တမဏ္ဍိုင်ယိမ်းယိုင်နေခြင်း၏ အကျိုးဆက်တစ်ခု၊ ဆင်းရဲမွဲတေမှု၏ အခြေခံအကြောင်း တရားတစ်ခု၊ ဖွံ့ဖြိုးတိုးတက်မှုအားနည်းရခြင်း၏ အကြောင်းတရားတစ်ခုအဖြစ်လည်း အဂတိတရား သည် လူ့အဖွဲ့အစည်းများတွင် ဆယ်စုနှစ်ပေါင်းများစွာ ထုနှင့်ထည်နှင့် အမြစ်တွယ်လှိုက်စားနေခဲ့ သည်မှာ အတော်ကြာခဲ့ပြီဖြစ်ပါသည်။ ဓလေ့ထုံးတမ်းအစဉ်အလာတစ်ခုလို ယဉ်ကျေးမှုတစ်ရပ်သဖွယ် လည်း ဖြစ်နေပါသည်။ အဂတိလိုက်စားမှုကို လူတိုင်းက မလိုလားဘူးဟူ၍ ရွံ့ရှာဖွယ်ရာပြောဆို နေကြသော်လည်း ယခုလိုမလိုချင်လှသည့် အဂတိကင်းသည့် လူ့ဘောင်ကိုပင် ထူထောင်ရန် ခက်ခဲနေကြပြန် ပါသည်။ အကြောင်းမှာ အဂတိကင်းနိုင်သည့် လူဟူ၍ ရှားပါးလွန်း၍ ဖြစ်ပါသည်။

 

အဂတိတရားနှင့် ကိုယ်ကျင့်သိက္ခာ

လူ့တန်းစားအလွှာများအကြား ဆင်းရဲချမ်းသာကွာဟမှုကြီးမားလွန်းခြင်း၏ ပြယုဂ်အဖြစ်လည်း အဂတိတရားကို ညွှန်းဆိုကြသည်။ ရှောင်ရှားအပ်သောတရား၊ မမြတ်သောအကျင့်ဟုဆိုသော်ငြား လူတိုင်းနှင့်လည်း မကင်းနိုင်၊ အဂတိတရားဟုဆိုရာတွင် လာဘ်လာဘယူခြင်း၊ အကျင့်ပျက်ခြစားခြင်း သာမက ရှောင်ကြဉ်အပ်သော ဘက်လိုက်မှု၊ မမျှတမှု သဘောတရားများလည်း အပါအဝင်ဖြစ်ပါသည်။ ကိုယ်စီကျင့်ဝတ်အားနည်းမှုနှင့် အဂတိဒွန်တွဲနေသလို တန်ဖိုးထားအပ်သော ကိုယ်ကျင့်သိက္ခာ၊ ကျင့်ဝတ်စံနှုန်းများနှင့် လူ့အဖွဲ့အစည်းအတွင်း တရားမျှတမှုကိုလည်း ခြိမ်းခြောက်ခံနေရသည်။ အဂတိတရားများဖြင့် ခြယ်မှုန်းထားသော မည်သည့်လူ့အဖွဲ့အစည်းမဆို မတရားမှုများကသာ ကြီးစိုးနေတတ်သည်။ မှန်ကန်သော အတွေးအမြင်ဖြင့် မျှမျှတတ တရားသဖြင့် နေထိုင်သူသည် လူနည်းစုသာဖြစ်နေပြီး လာဘ်လာဘလွယ်လွယ်ကူကူရသော နေရာမဟုတ်လျှင် လူညံ့၊ လူအ၊ ကံဆိုးသူတစ်ယောက်အဖြစ်လည်း မှတ်ယူခံရလောက်အောင် တရားမဝင်ပြုမူခြင်းက တရားဝင်ဖြစ်နေ တတ်ပါသည်။ အမှန်တွင် တစ်ဦးတစ်ယောက်ချင်း၏ အကျင့်စာရိတ္တပျက်ယွင်းခြင်းမှသည် နိုင်ငံအတွင်း အတိုင်းအတာတစ်ခုအထိ ပျက်စီးယိုယွင်းမှုသို့ ဦးတည်နေခြင်းအား မမြင်နိုင်ကြခြင်းသာ ဖြစ်သည်။ အကျင့်ပျက်ခြစားသူတစ်ဦးအတွက် သူ့ကိုယ်သူရော ပတ်ဝန်းကျင်ကပါ ကံဇာတာတက် နေသည်ဟု ထင်မှတ်ခံရသော်လည်း နိုင်ငံအတွက်မူ ဖွံ့ဖြိုးတိုးတက်မှုစံနှုန်းများ ကျဆင်းရပြီး ကံဆိုးမိုးမှောင် ကျနေခြင်းသာ ဖြစ်ပါသည်။ အဂတိပြုမူသူကို မြှောက်ပင့်၍ အမှားကို အမှန် ပြုနေမည့်အစား ကိုယ်ကျင့်သိက္ခာပြည့်ဝစွာဖြင့် အဂတိကင်းစွာ နေထိုင်သူများ၊ ရိုးသားတည် ကြည်ဖြောင့်မတ်သူများကို ကလေးလူငယ်ဘဝကစ၍ ယနေ့နိုင်ငံ့ဝန်ထမ်းများတွင်ပါ အထူးတလည် အသိအမှတ်ပြု၍ ချီးမွမ်း ထောပနာ ဂုဏ်ပြုသင့်ပါသည်။

 

အဂတိအကြောင်းတရားလေးပါး

အဂတိလိုက်စားမှုသည် အဓိပ္ပါယ်ဖွင့်ဆိုချက်အရ လုပ်ပိုင်ခွင့်အာဏာရှိသူက မိမိအား အပ်နှင်း ထားသော ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာခြင်းပင် ဖြစ်သည်။ အဂတိဟူသည့် စကားရပ်ကို အဓိပ္ပါယ်ကို ဖွင့်ဆိုလျှင် မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်း (Bias) ဟူသည့် အဓိပ္ပါယ်ပါ ဒွန်တွဲပါဝင်သွားသည့်အတွက် လူဟူသည့် ပုထုဇဉ်သတ္တဝါအဖို့ အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ် ယူမှုတို့ဖြစ်ပေါ်ရန် အခြေခံကျသည့် လေးပါးသော အဂတိတရားမှ ကင်းကွာရှောင်ရှားရန် အလွန်ခက်ခဲ သွားတော့သည်။ လူတိုင်း တစ်ချိန်မဟုတ်တစ်ချိန် အဂတိတရားနှင့် ငြိစွန်းနိုင်ခြေများသွားသော ကြောင့် ဖြစ်ပါသည်။ မိမိက ခင်မင်နှစ်သက်ချစ်မြတ်နိုးသူ၊ ဆွေမျိုးတော်စပ်သူဆိုလျှင်တော့ အကျိုး လိုလိုလားလားနှင့် လုပ်ပေးလိုက်မိသည် (ဆန္ဒာဂတိ)။ မိမိက မချစ်မနှစ်သက်မုန်းသည့် သူဆိုလျှင် တော့ အငြိုးအတေး ထား၍သော်လည်းကောင်း၊ အာဃာတအငြိုးထား၍သော်လည်ကောင်း တစ်ဖက် သက် ဒေါသစိတ်ဖြင့် ပြုမူမိတတ်ပါသည် (ဒေါသာဂတိ)။ ကိုယ်ကမနှစ်သက်သော်လည်း အများနည်းတူ ဆောင်ရွက်လိုသော်လည်း ခြိမ်းခြောက်အကြပ်ကိုင်မှုကြောင့် ကြောက်၍လုပ်ပေးလိုက်မိသည် (ဘယာဂတိ)။ အမှားအမှန် အကြောင်းအကျိုး အကောင်းအဆိုးမသိ၍ တွေဝေနေ၍ မသိနားမလည်ဘဲ လုပ်ပေးလိုက်မိသည် (မောဟာဂတိ)။ ဘယ်အဂတိနှင့်မှ မလွတ်ကင်းနိုင်ဘဲ ရုန်းထွက်ရန် ခက်ခဲလှ ပါသည်။

 

လောဘ၊ ဒေါသ၊ မောဟတရားများ ကင်းဝေးရန်လိုအပ်

ထို့ကြောင့် အဂတိဟုဆိုရာတွင် လူ့အလွှာတစ်ခုတည်းပေါ်တွင် အထူးအာရုံပြု၍ ညွှန်းဆို အရေးယူဆောက်ရွက်ရန်ထက် အဂတိတွင် အကျုံးပါဝင်သည့် မျက်နှာသာပေးခြင်းနှင့် ဘက်လိုက်ခြင်း များ ကင်းရှင်းစေရန်နှင့် အခြေခံအကြောင်းတရားမူလစိတ်များဖြစ်သည့် လောဘ၊ ဒေါသ၊ မောဟများ ကင်းဝေးစေရန် လူတိုင်းတွင် ကောင်းမွန်သော အလေ့အထများ၊ ကျင့်စဉ်များ လေ့ကျင့်အားထုတ် သင်ကြားသင့်ပါသည်။ သို့မှသာ မကောင်းသော အကျင့်စရိုက်များနေရာတွင် ကောင်းသော အကျင့် စရိုက်များက အစားထိုးနေရာယူလာနိုင်ပါမည်။ မြတ်ဗုဒ္ဓအဆုံးအမတရားများအပေါ်တွင် အခြေခံ၍ ကောင်းသောအကျင့်နှင့် မကောင်းသော အကျင့်များကို ခွဲခြားတတ်နေစေရန် ကလးသူငယ် မူလတန်း ကျောင်းသားဘဝကတည်းက လေ့ကျင့်ပျိုးထောင်ပေးရန် အထူးအာရုံစိုက်အလေးအနက်ထား ဆောင်ရွက်မှသာ အဂတိတိုက်ဖျက်မှုအောင်မြင်ရန် အဝေးကြီးလိုသေးသည်ဆိုသော မှတ်ချက်မှ ရှောင်ခွာနိုင်မည်။ အကျင့်ပျက်ခြစားမှုကြောင့် မိမိကိုယ်တိုင်လည်း ဘဝပျက်၊ ထူပြောပြန့်နှံ့ လာသော ခြစားမှုများကြောင့် နိုင်ငံလည်း ပျက်သုဉ်းခြင်းအန္တရာယ်မှ ကင်းဝေးနိုင်မည် ဖြစ်ပါသည်။

 

ဣဿာမစ္ဆရိယနှင့် ချစ်ခြင်း မုန်းခြင်း

မြတ်ဗုဒ္ဓ၏ ဘာသာတရားအဆုံးအမအတိုင်း ခံယူလိုက်နာခြင်း၊ ကိုယ်တိုင်လည်း ကျင့်ကြံ အားထုတ်ခြင်းသည် လာဘ်လာဘကို မျှော်ကိုးလိုစိတ် လျော့နည်းစေပါသည်။ မေတ္တာ၊ ဂရုဏာ၊ မုဒိတာကို အခြေမခံဘဲ ချစ်ခင်စိတ်၊ လိုလားစိတ်၊ တဏှာစိတ်ဖြင့် ပေးကမ်းမိသည်၊ ယူမိသည်။ ဤအချက်တွေက ဆန္ဒာဂတိကို ဖြစ်စေပါသည်။ မကောင်းမှုဒုစရိုက်များ ပြုလုပ်ရမည်ကို ရှက်ခြင်းသဘော “အဟိရိက” နှင့် ထိုသို့ပြုရခြင်းကို မကြောက်ခြင်းသဘော “အနုတ္တပ္ပ” တရားများက လောဘ၊ ဒေါသ၊ မောဟဖြစ်စေရန် စေ့ဆော်ပေးပါသည်။ ဘာသာတရားအဆုံးအမများက ကပ်ငြိ တွယ်တာလိုသည့် လောဘသဘောတွေကိုလည်း ပပျောက်စေပါသည်။ “ဣဿာမစ္ဆရိယ” မနာလို ဝန်တိုမှုက ချစ်ခြင်း၊ မုန်းခြင်းကို ဖြစ်စေသည်။ ဒီချစ်ခြင်း၊ မုန်းခြင်းကပင် အဂတိတရားတွေကို ဖြစ်စေသည်။ “ဣဿာ” က ငြူစူသည့် သဘော၊ ကိုယ့်ထက်သာ မနာလိုမှုသဘော၊ တရားသဘောအရ ဆိုလျှင် တပါးသူပစ္စည်းစည်းစိမ်ကို မြင်လျှင် ကြားလျှင်ကို သည်းမခံနိုင်ခြင်း၊ တခြားသူ၏ အာရုံကို ယူချင်၊ ရချင်သည့်သဘောဖြစ်ပြီး “မစ္ဆရိယ” က ဝန်တို တွန့်တိုသည့် ခံပြင်းသည့် သဘောများဖြစ်သည်။ “ဣဿာ” က တပါးသူပစ္စည်း၊ စည်းစိမ်ပေါ်မှာ ခံစားလျက် သည်းမခံနိုင်ဖြစ်ခြင်း၊ “မစ္ဆရိယ” က ကိုယ့်ပစ္စည်း တစ်ပါးသူထံ ပါသွားမှာစိုး၍ နှမြောခြင်း နှစ်ခုစလုံးသည် အဂတိကိုဆောင်ပြီး အနုတ်လက္ခဏာဖြစ်သည့် သံယောဇဉ်တရားများသာ ဖြစ်သည်။

 

အမှားကအမှန် အမှန်ကအမှား

ငွေကြေး၊ လာဘ်လာဘက ချစ်ခြင်း၊ မုန်းခြင်းနှင့် မောဟကို ဖြစ်စေပါသည်။ ချစ်ခြင်း၊ မုန်းခြင်း ကြောင့်ပင် မိမိချစ်သောသူက အမှန်ဖြစ်ရပြီး မိမိမုန်းသောသူက အမှားဖြစ်ရသည်။ လာဘ်လာဘ ပေးနိုင်သူကို အမှန်ဖြစ်စေပြီး မပေးနိုင်သူက အမှားဖြစ်ရသည်။ အမှန်က အမှားဖြစ်ရသည်။ ချစ်ခြင်း၊ မုန်းခြင်းကပင် နေရာတစ်ခု၊ အခွင့်အရေးတစ်ခုအတွက် လမ်းဖွင့်ပေးသလို ဖြစ်သွားရပါသည်။ မထိုက်တန်လည်း ထိုက်တန်သည့် နေရာ အပေးခံရတတ်ပါသည်။ ထိုက်တန်သူက အခွင့်အရေး လက်လွှတ်လိုက်ရတာမျိုးတွေ ရှိတတ်သည်။ အကြောက်တရားကြောင့် အမှားက အမှန်၊ အမှန်က အမှားဖြစ်ရကာ ဆင်ခြင်တုံတရားနှင့် ဝေးကွာသွားရသည်။ လူ့အဖွဲ့အစည်းတစ်ခုတွင် အဂတိ လိုက်စားမှုများ ကိန်းအောင်းနေသူ များပြားလာလျှင် ထိုအဖွဲ့အစည်း၏ ဂုဏ်သတင်းပါ မှေးမှိန်ထိခိုက် ရပါသည်။ ကိုယ်ကျင့်တရားတို့ တိမ်းစောင်းချွတ်ချော်ပြီး မပြုသင့် မပြုထိုက်သည့်အမှားများကြောင့် တာဝန်ဝတ္တရားပါ ထိခိုက်လာကြရပါသည်။

 

ဘာဝနာဖြင့်သာ ငြိမ်းချမ်းရာ

၎င်းလေးပါးသည် အဂတိဖြစ်ခြင်း၊ မျက်နှာလိုက်ခြင်းတို့၏ အခြေခံအကြောင်းတရားများ ဖြစ်သလို လောဘ၊ ဒေါသ၊ မောဟစသည့် တရားဆိုးများနှင့် ယှဉ်တွဲမှီခိုနေသော အကုသိုလ်စိတ် များလည်း ဖြစ်ကြပါသည်။ မိမိစိတ်က သန့်ရှင်းစင်ကြယ်နေလျှင် ထိုသံယောဇဉ်များပေါ်တွင် တွယ်တာမှု လျော့သွားမည် ဖြစ်သည်။ မစင်ကြယ် မငြိမ်းချမ်းသည့် မိမိမနောစိတ်ကို ဘာဝနာတရား ဖြင့် ဖြတ်တောက်ခြင်းဖြင့် သန့်ရှင်းစင်ကြယ်သည့် စိတ်ဖြစ်ပေါ်ကာ ငြိမ်းချမ်းမှုကို ရရှိနိုင်သည်။ ချစ်ခြင်း၊ မုန်းခြင်းစသည့် ဝေဒနာတရားများအပေါ် မမြဲမှု၊ အစိုးမရမှု၊ အစဉ်ဆင်းရဲမှုများကို ဆင်ခြင် နိုင်ခြင်းအားဖြင့် လောဘလည်းကင်း၊ ဒေါသလည်းကင်း၊ မောဟလည်း ကင်းလာကြရသည်။

အဂတိလိုက်စားမှုသည် လူအများစုတွင် အမြစ်တွယ်လှိုက်စားနေသည့် စရိုက်ဆိုးတစ်ခုဖြစ်၍ နိုင်ငံအတွက် ပြဿနာတစ်ရပ်ဖြစ်သလို တိုင်းပြည်အတော်များများတွင် ရင်ဆိုင်နေရသည့် အခြေအနေ ဖြစ်၍ အပြည်ပြည်ဆိုင်ရာ ပြဿနာတစ်ရပ်လည်း ဖြစ်ပါသည်။ ကောင်းမွန်သော လူ့ဘောင် အဖွဲ့အစည်းတစ်ခုအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အောင်မြင်ရန်ဟူသည့် ငယ်စဉ်ကလေးဘဝ၊ မူလတန်းကျောင်းနေအရွယ် ကလေးလူငယ် ဘဝကတည်း ကပင် အမှန်တရားကို မြတ်နိုးစိတ်၊ အမှန်အမှားကို ခွဲခြားသိမြင်နိုင်စွမ်းရည်၊ လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားလိုစိတ်များအား ဂရုတစိုက် မွေးမြူလေ့ကျင့်ပေးထားမှသာ တော်ကာကျပေမည်။ လာဘ်လာဘကို မျှော်ကိုးလိုသောစိတ်၊ အခွင့်ထူးခံလိုစိတ်၊ ကိုယ်နှင့်မထိုက်သည်ကို ရယူချင်စိတ်၊ အလွဲသုံးစားပြုလိုစိတ်၊ ခြစားမှုအား မစင်ကဲ့သို့ စက်ဆုပ်ရွံ့ရှာသောစိတ်များကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးပညာရပ်တစ်ခုအနေဖြင့် သင်ကြားပို့ချပြီး နှလုံးသားနှင့် ဦးနှောက်ထဲတွင် သံမှိုနှက် သကဲ့သို့ ရိုက်သွင်းထားမှသာ ယနေ့ ဆောင်ရွက်အကောင်အထည်ဖော်နေသော အဂတိတိုက်ဖျက်ရေး ဆောင်ရွက်ချက်များနှင့် ဟန်ချက်ညီမည် ဖြစ်ပါသည်။ သို့မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုသည့် အောင်မြင်မှု ရလာဒ်ကောင်းများကို တွေ့မြင်ခံစားနိုင်မည်ဖြစ်ပါကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။

“အကုသိုလ်တရားများကင်းဝေး၍ တရားမျှတမှုအားကောင်းကာ ကောင်းမှု၊ မကောင်းမှု၊ တရားမှု၊ မတရားမှုများကို ခွဲခြားသိမြင်နိုင်ကြပါစေ”