မုန်တိုင်းတစ်ခု အခြေပြုဖို့

ပြန်ကြားရေးဝန်ကြီးဌာန | Dec 19, 2019

မုန်တိုင်းဖြစ်ရန် အခြေခံအချက်များ

 

ခရစ်နှစ် ၁၉၀၀ ပြည့်နှစ်က လူဦးရေသန်းပေါင်း ၁၆၀၀ သာရှိခဲ့သော ကမ္ဘာကြီးသည် မျက်မှောက် ကာလတွင် လူဦးရေသန်းပေါင်း ၇၀၀၀ ကျော်တို့၏ ဝန်ထုပ်ဝန်ပိုးကြီး ကို ထမ်းရွက်ထားရပြီး သဘာဝဘေးအန္တရာယ်အသွယ် သွယ်တို့ကိုပါ ခါးစည်းခံနေရသည့် ဂြိုဟ်ကြီးတစ်လုံး အဖြစ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ကမ္ဘာ့လူဦးရေ တိုးပွားလာခြင်းကြောင့် စက်မှု ကုန် ထုတ်လုပ်ငန်းများလည်း လျင်မြန်စွာ ဖွံ့ဖြိုး ကြီးထွားလာ ခဲ့သည်။ သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းရေး အတွက် စက်တပ်ယာဉ်များ မှာလည်း နှစ်စဉ် သန်းနှင့်ချီ၍ တိုးပွားလာနေသည်။ တစ်ဖက်တွင်လည်း စားနပ်ရိက္ခာ တိုးမြှင့်ထုတ်လုပ်ရေးအတွက် သဘာဝလွန်နည်းလမ်း များကို သုံးစွဲမှုများက ကြောက်ခမန်းလိလိ တိုးပွားလာ လျက်ရှိနေသည်။

ကမ္ဘာပေါ်ရှိ သန်းနှင့်ချီသော စက်မှုလုပ်ငန်းများ၊ ဘီလီယံနှင့်ချီသော အင်ဂျင်စက်များနှင့် မော်တော် ကား များက ကာဗွန်ဓာတ်ငွေ့တန်ချိန်ပေါင်းများစွာကို အချိန် နှင့်အမျှ စွန့်ထုတ်လျက်ရှိနေကြသလို ကောက်ပဲသီးနှံ စိုက်ခင်းများတွင် အသုံးပြုနေကြသော ဓာတ်မြေဩဇာ များကြောင့် မီသိန်းဓာတ် ငွေ့တန်ချိန်ပေါင်းများစွာတို့ကလည်း နေ့စဉ်လေထုထဲသို့ ရောက်ရှိနေကြသည်။

ကာဗွန်ဒိုင်အောက်ဆိုက်နှင့် မီသိန်းဓာတ်ငွေ့များ အပါအဝင် လူ့ပယောဂကြောင့် ထွက်ပေါ်လာသော ဖန်လုံ အိမ်အာနိသင် ဓာတ်ငွေ့များကြောင့် ကမ္ဘာ့အပူချိန်က မြင့်တက်လာနေသလို ပင်လယ်နှင့် သမုဒ္ဒရာရေများက လည်း ပို၍ ပူနွေးလာလျက်ရှိသည်။ ရေခဲတောင်နှင့် ရေခဲ မြစ်များလည်း အရည်ပျော်နှုန်း မြင့်မားကာ ပင်လယ် ရေမျက်နှာပြင်ကလည်း တဖြည်းဖြည်း မြင့်တက်လာ လျက်ရှိနေသည်။

အခြားတစ်ဖက်၌လည်း လူတို့၏ ဖန်တီးမှုများ ကြောင့် ထွက်ပေါ်လာသော ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ စုစုပေါင်း၏ လေးပုံတစ်ပုံကို ပင်လယ်နှင့် သမုဒ္ဒရာ ရေများက စဉ်ဆက်မပြတ် စုပ်ယူ နေရသည့် အတွက် ကာဗွန်နစ်အက်စစ် ပျော်ဝင်မှုပမာဏ မြင့်မား ကာ ပင်လယ်ရေ၏ အချဉ်ပေါက် နှုန်း မြင့်တက်လျက် ရှိနေပြန်သည်။

ဤကဲ့သို့သော အခြေအနေအရပ်ရပ်သည် သဘာဝ ဘေးအန္တရာယ်တစ်မျိုးဖြစ်သော မုန်တိုင်းများကို ဖိတ်ခေါ် လျက်ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ဖော်ပြပါအခြေ အနေများသည် မုန်တိုင်းတစ်ခု အစပြုရန်အတွက် အခြေခံ အချက်များအားလုံးနှင့် ပြည့်စုံနေသောကြောင့်ပင် ဖြစ် သည်။

မုန်တိုင်းဖြစ်ရန် အချက်သုံးချက်

ကမ္ဘာအရပ်ရပ်၌ ပင်လယ်ပြင်များကို ဗဟိုပြု၍ မုန်တိုင်းတစ်ခု ဖြစ်တည်တိုက်ခတ်နိုင်ရန် အဓိက အားဖြင့် အချက်သုံးချက်နှင့် ကိုက်ညီနေရမည်ဖြစ်သည်။ ပထမ အချက်မှာ အများပြည်သူတို့ ကြားဖူးနားဝရှိကြသော လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်တည်နေရမည်ဖြစ် သည်။ ဒုတိယ အချက်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်တည် ရာ ပင်လယ်ရေပြင်၏ အပူချိန်သည် ၂၆ ဒီဂရီ ဆဲလ်စီးရပ် နှင့် အထက်တွင် ရှိနေရမည်ဖြစ်သည်။ တတိယအချက်မှာကား လေဖိအားနည်းရပ်ဝန်း ဖြစ်တည်ရာ ပင်လယ်ရေပြင်သည် အက်စစ်ပါဝင်နှုန်း မြင့်မားနေရမည်ဖြစ်သည်။

တစ်နေ့တခြား အပူချိန်တိုးလာနေသော ပင်လယ်ရေ သည် ၂၆ ဒီဂရီဆဲလ်စီးရပ်နှင့်အထက်သို့ လွယ်လင့်တကူ ရောက်ရှိလာနေသလို ကာဗွန်ဓာတ်ငွေ့များကို စဉ်ဆက် မပြတ် စုပ်ယူနေရသော ပင်လယ်ရေများကလည်း အက်စစ်ပါဝင်နှုန်း သိသိသာသာမြင့်မားလာလျက် ရှိနေသည်။

ထို့ကြောင့်ပင်လျှင် ယနေ့မျက်မှောက် ကမ္ဘာကြီး၌ ပင်လယ်ပြင်များကို ဗဟိုပြု၍ လေဖိအားနည်း ရပ်ဝန်း တစ်ခု ဖြစ်တည်လာပြီဆိုသည်နှင့် မုန်တိုင်းအဖြစ်သို့ ကူးပြောင်းရောက်ရှိသွားရန် အခွင့် အလမ်းက ပို၍ အလေး သာလျက်ရှိနေသည်။ ဤသို့သောအကြောင်းများကြောင့် ပင် ၂၁ ရာစု၌ ၂၀ ရာစုကာလများကထက် မုန်တိုင်းဖြစ်ပေါ် မှု အကြိမ်ရေ ပိုမိုများပြားလာခြင်းဖြစ်သည်။

ထို့ပြင် ကမ္ဘာ့အပူချိန်မြင့်တက်လာမှုကြောင့် ၁၂ ရာသီပတ်လုံး အေးခဲနေသည့် ဝင်ရိုးစွန်းဒေသမှ ရေခဲလွှာများ အရည်ပျော်ကျဆင်းကာ ပင်လယ်နှင့် သမုဒ္ဒရာ များအတွင်းသို့ စီးဆင်းဝင်ရောက်မှု မှာလည်း တစ်နေ့ တခြား များပြားလာလျက်ရှိနေသည်။ ဝင်ရိုးစွန်းရေခဲလွှာ များမှ အရည်ပျော်ကျ ဆင်းလာသော ရေများသည် ရေချို များဖြစ်ကြသည့်အတွက် နေအပူချိန်ကြောင့် ယင်း ရေချို များ အငွေ့ပျံကြသည့်အခါ ကောင်းကင်ယံ၌ ထူထဲသော တိမ်တိုက်ကြီးများကို ဖြစ်ပေါ်လာစေသည်။ အဆိုပါ ထူထဲ သော တိမ်တိုက်ကြီးများကြောင့် ကမ္ဘာ့မြေပေါ်၌ အင်အား ပြင်းထန်သော ဟာရီကိန်း မုန်တိုင်းကြီးများ ဖြစ်ပေါ်လာ လေ့ရှိသည်။

 

မုန်တိုင်းအင်အား အဆင့်များ

ကမ္ဘာအရပ်ရပ်တွင် တိုက်ခတ်သည့် အပူပိုင်းမုန်တိုင်း များကို အင်အားပြင်းထန်မှုအလိုက် အဆင့်ငါးဆင့် ခွဲခြား သတ်မှတ်ထားသည်။

လေတိုက်နှုန်း တစ်နာရီလျှင် ၁၁၈ ကီလိုမီတာမှ ၁၅၂ ကီလိုမီတာအကြားရှိသော မုန်တိုင်းကို အဆင့်(၁)အဖြစ် သတ်မှတ်ပြီး အဆိုပါ မုန်တိုင်းအဆင့်သည် ပင်လယ်ပြင်တွင် လှိုင်းအမြင့် လေးပေမှ ငါးပေအထိ မြင့်တက်စေနိုင်ပြီး ပျက်စီးဆုံးရှုံးမှု အနည်းငယ်မျှ ဖြစ် ပွားလာစေနိုင်သည်။
လေတိုက်နှုန်း တစ်နာရီလျှင် ၁၅၃ ကီလိုမီတာမှ ၁၇၆ ကီလိုမီတာအတွင်းရှိသော မုန်တိုင်းကို အဆင့်(၂)အဖြစ် သတ်မှတ်ပြီး အဆိုပါအဆင့် မုန်တိုင်းသည် ဒီရေ လှိုင်းများကို အမြင့် ခြောက်ပေမှ ရှစ်ပေအထိ ဖြစ်ပေါ်စေ နိုင်သလို ပျက်စီးဆုံးရှုံးမှု ပမာဏမှာလည်း အတန်အသင့် ရှိလာစေနိုင်သည်။

လေတိုက်နှုန်း တစ်နာရီလျှင် ၁၇၇ ကီလိုမီတာမှ ၂၀၈ ကီလိုမီတာအထိ အင်အားပြင်းထန်သော မုန်တိုင်းကို အဆင့် (၃) အဖြစ် သတ်မှတ်သည်။ မုန်တိုင်းအဆင့် (၃)၏ အရှိန်ကြောင့် ပင်လယ် ဒီရေလှိုင်းများ၏ အမြင့်သည် ၉ ပေမှ ၁၂ ပေအထိ ဖြစ်ပေါ်လာနိုင်ပြီး ပျက်စီးဆုံးရှုံးမှုများမှာ လည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာနိုင်သည်။

လေတိုက်နှုန်း တစ်နာရီလျှင် ၂၀၉ ကီလိုမီတာမှ ၂၄၈ ကီလိုမီတာအထိ ပြင်းထန်သော မုန်တိုင်း သည် အဆင့် (၄) မုန်တိုင်းဖြစ်ပြီး အဆိုပါမုန်တိုင်း၏အရှိန်ကြောင့် ပင်လယ်ဒီရေလှိုင်းများမှာ အမြင့် ၁၃ ပေမှ ၁၈ ပေအထိ ဖြစ်ပေါ်လာနိုင်သည်။ မုန်တိုင်းအင်အား ပြင်းထန်လွန်း သဖြင့် ဆိုးဆိုးရွားရွား ပျက်စီးဆုံးရှုံးမှုများကို ကြုံတွေ့ရ လိမ့်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုက်ခတ်သွားခဲ့ဖူး သော နာဂစ်မုန်တိုင်းသည် မုန်တိုင်းသတ်မှတ်ချက် အဆင့် (၄) ရှိသော အင်အားပြင်းထန်လွန်းသည့် ဆိုင်ကလုန်း မုန်တိုင်းကြီး ဖြစ်သည်။

လေတိုက်ခတ်နှုန်း တစ်နာရီလျှင် ၂၄၈ ကီလိုမီတာနှင့် အထက်ရှိသော မုန်တိုင်းများကိုမူ အဆင့် (၅)အဖြစ် သတ် မှတ်ပြီး အဆိုပါ မုန်တိုင်းကြီးများကြောင့် ပင်လယ်ဒီရေ လှိုင်းများသည် အနည်းဆုံး ၁၈ ပေနှင့်အထက် မြင့်တက် လာမည်ဖြစ်သလို ထိခိုက်ပျက်စီးမှုများလည်း အလွန် ကြီးမားလိမ့်မည်ဖြစ်သည်။

 

တိုက်ခတ်ခဲ့သော အင်အားပြင်းမုန်တိုင်းများ

ကမ္ဘာအရပ်ရပ်တွင် တိုက်ခတ်ခဲ့သော မုန်တိုင်း များစွာအနက် လူ့အသက်အိုးအိမ်စည်းစိမ်ကို ကြီးမားစွာ ဖျက်ဆီးခဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် အင်အား ပြင်းမုန်တိုင်းအချို့ကို လေ့လာ သင့်ကြသည်။ ၁၈၇၅ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်က ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ် ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် တဖြည်းဖြည်း နှင့် အင်အားအလွန်ကောင်းလာပြီး မုန်တိုင်းအဖြစ်သို့ အသွင်ပြောင်းကာ ဩဂုတ်လဆန်းတွင် လေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၂၄၀ နှုန်းဖြင့် တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့သည်။

ထိုမှတစ်ဆင့် လေတိုက်နှုန်း တစ်နာရီလျှင် ကီလို မီတာ ၂၅၀ ခန့်အထိ မြင့်တက်လာပြီး တရုတ် (တိုင်ပေ) ကျွန်း ကုန်းတွင်းပိုင်းသို့ပါ အဖျားခတ် ဝင်ရောက်သွားခဲ့ သည်။ နီနာဟု အမည်ပေး ထားသော အဆိုပါ တိုင်ဖွန်း မုန်တိုင်းကြီးကြောင့် လူပေါင်းတစ်သိန်းကျော် သေဆုံး ခဲ့ရပြီး ရေကာတာ ၆၂ လုံးမှာ ပြိုကျပျက်စီးခဲ့ရသည်။ ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၂၀၀ ကျော် ရှိခဲ့သည်။

၁၉၂၂ ခုနှစ်က ပစိဖိတ်သမုဒ္ဒရာအတွင်း ကာရိုလိုင်း ကျွန်းစုအနီးတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် သန္ဓေ တည်ခဲ့သော ဆွာတိုးမုန်တိုင်းသည် တောင်တရုတ် ပင်လယ်အတွင်းသို့ ဦးတည်ရွေ့လျား ခဲ့သည်။ အဆိုပါ တိုင်ဖွန်းမုန်တိုင်းကြီးသည် လူဇုန်ကျွန်းကို ဖြတ်ကျော်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ နှုန်းဖြင့် တရုတ်နိုင်ငံ အတွင်းသို့ ဝင်ရောက်ခဲ့သည်။

မုန်တိုင်း၏အရှိန်ကြောင့် ပင်လယ်ရေမျက်နှာပြင် သည် ၁၀ ပေကျော် မြင့်တက်ခဲ့ပြီး ကုန်းတွင်းပိုင်း ဒေသများ ကို ရက်ပေါင်းများစွာ ရေဖုံးလွှမ်းသွားစေခဲ့သည်။ မုန်တိုင်း သတိပေးချက်ကို ကြိုတင်ထုတ်ပြန်နိုင်ခြင်း မရှိသေးသော ကြောင့် ပြင်ဆင်မှုမလုပ်နိုင်ခဲ့သဖြင့် လူပေါင်း ခြောက် သောင်း နီးပါးကို သေဆုံးစေခဲ့သော အဆိုပါ တိုင်ဖွန်း မုန်တိုင်းကြီးသည် သင်္ဘောစင်းရေ အများအပြားကိုပါ မီတာ ၃၅၀၀ ကျော်အထိ လွင့်မျောသွားစေခဲ့သည်။

၁၉၇၀ ပြည့်နှစ်ကလည်း တောင်တရုတ်ပင်လယ် အတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် သန္ဓေ တည်ခဲ့သော အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဘိုးလသည် တစ်နာရီလျှင် ၁၈၅ ကီလိုမီတာနှုန်းဖြင့် အရှေ့ပါကစ္စတန်သို့ ဝင်ရောက် တိုက်ခတ်ခဲ့သည်။ အဆိုပါမုန်တိုင်းကြီးကြောင့် လူပေါင်း ငါးသိန်းနီးပါး အသက်ဆုံးရှုံးခဲ့ရပြီး ကောက်ပဲသီးနှံစိုက်ခင်း အားလုံးနီးပါးနှင့် လယ်ယာသုံး ကျွဲ၊ နွားတိရစ္ဆာန် စုစု ပေါင်း၏ ၈၅ ရာခိုင်နှုန်းခန့်ကို ပျက်စီးဆုံးရှုံးစေခဲ့သည်။ မုန်တိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းကာ ကုန်တင်သင်္ဘောကြီးများကို နစ်မြုပ်သွားစေခဲ့သည်။ ဘိုးလ ဆိုင်ကလုန်းမုန်တိုင်းကြီးကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၇ သန်းခန့် ရှိခဲ့သည်။

အလားတူပင် ၁၉၉၁ ခုနှစ်က ဖြစ်ပေါ်ခဲ့သော အင်အားကြီးမားသည့် ဘင်္ဂလားဒေ့ရှ် ဆိုင်က လုန်းမုန်တိုင်း ကြီးသည်လည်း ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြီးသည် ၁၉၉၁ ခုနှစ် ဧပြီလ နောက်ဆုံးပတ်က ဘင်္ဂလားပင်လယ် အော်တွင် စတင် သန္ဓေတည်ခဲ့ပြီး ကုန်းတွင်းပိုင်းသို့ ဖြတ် ကျော်ချိန်၌ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၂၅၀ ကျော်အထိ အင်အားကြီးမား ပြင်းထန်ခဲ့သည်။

စစ်တကောင်းမြို့ကို မွှေနှောက်တိုက်ခတ်သွားခဲ့သော ဘင်္ဂလားဒေ့ရှ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း တစ်သိန်းလေးသောင်း နီးပါး သေဆုံးခဲ့ရပြီး သေဆုံးသူ အများစုတို့မှာ သက်ကြီးရွယ်အို များနှင့် ကလေးငယ်များ ဖြစ်ကြသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြီးကြောင့် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၅၀၀ ကျော်ခန့် ဆုံးရှုံး ခဲ့ရသည်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆယ်စုနှစ်တစ်စုနီးပါးမျှ ကြာအောင် လုပ်ဆောင်ခဲ့ကြရ သည်။

 

နာဂစ် ဆိုင်ကလုန်းမုန်တိုင်း

ကမ္ဘာ့ အင်အားပြင်း မုန်တိုင်းမှတ်တမ်းများထဲတွင် မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းကို ဖြတ်သန်း တိုက်ခတ်သွားခဲ့ သော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြီးသည်လည်း တစ်ခု အပါအဝင် ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဧပြီလ ၂၈ ရက်က ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် စတင် သန္ဓေတည်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းသည် အိန္ဒိယကမ်းရိုးတန်းမှ မိုင် ၅၀၀ အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေခဲ့သည်။ တဖြည်းဖြည်းနှင့် အားကောင်းလာ သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းသည် မူလက မြောက် ဘက်သို့ ဦးတည်နေရာမှ အရှေ့ဘက်သို့ ပြောင်းလဲဦးတည် ရွေ့လျားလာပြီး လေတိုက်အား တစ်နာရီလျှင် ကီလိုမီတာ ၂၁၀ နှုန်းဖြင့် မြန်မာနိုင်ငံ ကုန်းတွင်းပိုင်း သို့ အင်အားပြင်း ထန်စွာ မွှေနှောက်တိုက်ခတ်သွားခဲ့သည်။

အဆိုပါ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြီးကြောင့် လူ ပေါင်း တစ်သိန်းလေးသောင်းနီးပါး သေဆုံးခဲ့ ရသည်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၁ ဒသမ ၇ ထရီလီယံ အထိ ရှိခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးသည် အိပ်မက်ဆိုးကြီး တစ်ခုပမာ မြန်မာနိုင်ငံသားတို့အား ယနေ့တိုင် ခြောက်လှန့် နေဆဲဖြစ်သည်။

 

မုန်တိုင်းအန္တရာယ် လျော့ပါးစေရေး

လူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်နေ သော သဘာဝဘေးအန္တရာယ်များအနက် မုန်တိုင်းသည် အဓိကကျသော သဘာဝဘေးတစ်ခု ဖြစ်သည်နှင့်အညီ မုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုနှင့် အသက် ဆုံးရှုံးရမှု နည်းနိုင်သမျှ နည်းပါးအောင် ကြိုတင်ကာကွယ် မှုများကို စနစ်တကျ စီစဉ်ပြုလုပ်ထားကြရမည်ဖြစ်သည်။

သတိပေးနှိုးဆော်မှု၊ ကြိုတင်ပြင်ဆင်မှု၊ ပညာပေး လေ့ကျင့်မှု၊ အရေးပေါ်စီမံချက်၊ လျင်မြန် ထိရောက်သော ကယ်ဆယ်ရေးအစီအစဉ်၊ အချိန်နှင့်တစ်ပြေးညီဖြစ်သော ပြုစုစောင့်ရှောက်မှု၊ အလျင်အမြန် လုပ်ဆောင်နိုင်သော ပြန်လည်ထူထောင်ရေးလုပ်ငန်း စသည်တို့မှာ သဘာဝ ဘေး အန္တရာယ်ကို အန်တုရင်ဆိုင်နိုင်သော အရည်အချင်း များပင်ဖြစ်သည်။

အလားတူပင် ခေတ်မီသော နည်းပညာ၊ တိကျသော တိုင်းတာတွက်ချက်မှု၊ ကျယ်ပြန့်သော ကွန်ရက်စနစ်တို့ကို အသုံးချကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းများ ကို ပြည့်ပြည့်စုံစုံ၊ မှန်မှန်ကန်ကန်ဖြင့် အချိန်မီ ကြိုတင်ထုတ်ပြန်ပေးကြရမည်ဖြစ်သည်။

ယနေ့အချိန်တွင် ကမ္ဘာကြီးက ပိုမိုပူနွေးလာနေ သည်နှင့်အမျှ ရာသီဥတုများကလည်း ဖောက်လွဲဖောက် ပြန် ဖြစ်ပေါ်လျက်ရှိသည်။ အယ်လ်နီညိုနှင့် လာနီညာ ကဲ့သို့သော အစွန်းရောက် ရာသီဥတုများနှင့်လည်း ပိုမို ကြုံတွေ့နေကြရလျက်ရှိသည်။ ကမ္ဘာ့ပင်လယ်နှင့် သမုဒ္ဒရာ တို့၏ အပူချိန်ကလည်း တိုးလာလျက်ရှိသလို အက်စစ် ပါဝင်နှုန်းကလည်း မြင့်တက်လာလျက်ရှိသည်။ မုန်တိုင်း တို့၏ အခြေပြု သန္ဓေတည်ရာဖြစ်သော ပင်လယ်နှင့် ပင်လယ်အော်တို့၏ ရေအပူချိန်များ ကလည်း ဖြစ်မြဲထက်ပို၍ ပူလာနေသည်။ ပင်လယ်ရေအပူချိန် တိုးလာပြီး အချဉ်ပေါက်နှုန်း မြင့်မားနေသည့်အတွက် ကမ္ဘာ့အင်အားပြင်းမုန်တိုင်းများကလည်း ဝင်ရောက်တိုက်ခတ်ရန် အခွင့် ကောင်းကို စောင့်မျှော်လျက်ရှိနေကြသည်။

သို့ဖြစ်၍ လူတို့၏ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက် လျက်ရှိနေပြီး ကြောက်မက်ဖွယ် ကောင်းလှ သည့် သဘာဝဘေးဆိုးကြီးဖြစ်သော မုန်တိုင်း၏အန္တရာယ် လျော့ပါးကင်းဝေးစေရေး အတွက် ကာဗွန်ဒိုင်အောက် ဆိုက် ထုတ်လွှတ်မှုကို လျှော့ချခြင်းအပါအဝင် ကမ္ဘာ ကြီးပူနွေးလာနေမှု ကို တတ်နိုင်သည့်ဘက်က အစွမ်းကုန် တိုက်ဖျက်သွားကြရမည်သာ ဖြစ်ပေသည်။ ။

 

သိပ္ပံစာရေးဆရာကိုကိုအောင်

ဓာတ်ပုံ- ဝီကီပီးဒီးယား