တည်ငြိမ်အေးချမ်းသာယာဝပြောရေး နိုင်ငံတော်နှင့်အတူလက်တွဲဆောင်ရွက်
တည်ငြိမ်အေးချမ်းသာယာဝပြောရေး နိုင်ငံတော်နှင့်အတူလက်တွဲဆောင်ရွက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 20, 2025
နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွား ဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာရေးတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ မကြာသေးမီက အကြမ်းဖက်သောင်းကျန်းသူများ ယာယီသိမ်းပိုက်ခဲ့သော လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ်နောင်ချိုဒေသကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ တပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့၏စိတ်ဓာတ်ကို ပြင်းထန်စွာရိုက်ချိုးနိုင်ခဲ့ပြီး ဒေသခံပြည်သူများ၏ အားပေးထောက်ခံမှုကို အပြည့်အဝရရှိလာသည့်အတွက် တပ်မတော်စစ်ကြောင်းများမှ တိုက်ပွဲဝင်စစ်သည်၊ အရာရှိများ၏ စိတ်ဓာတ်ခွန်အားတက်ကြွမှု၊ တိုက်ခိုက်လိုစိတ်ပြင်းပြမှုတို့ဖြင့် အောင်မြေချဲ့ထွင်မှုကို မြေပြင်၊ ဝေဟင်စစ်နည်းဗျူဟာမြောက်အဆင့်ဆင့်ပေါင်းစပ်၍ အကြမ်းဖက်သောင်းကျန်းသူများ ယာယီခံစစ်စခန်းတည်ဆောက်ထားသည့်နေရာများကို အဆင့်ဆင့်လိုက်လံချေမှုန်းခဲ့ပြီး မိုးဗြဲဒေသနှင့် နောင်ချိုဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
နောင်ချိုမြို့နယ်တစ်ဝိုက်အား အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားစဉ် အရပ်သားပြည်သူအချို့မှာ နေအိမ်၊ ဥစ္စာပစ္စည်းများကို စွန့်ခွာတိမ်းရှောင်နေရသည်။ ၎င်းတို့လက်အောက်တွင် အခြေခံလူ့အခွင့်အရေးဆုံးရှုံးမှုများ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်အဘက်ဘက်မှ နိမ့်ကျသွားနိုင်သည်ကို လက်တွေ့သဘောပေါက်နားလည်လာသည့်အတွက် တပ်မတော်အား စိတ်အားထက်သန်စွာ အားပေးထောက်ခံလာကြပြီး မြေပြင်သတင်းရရှိမှုများကို နီးစပ်ရာတပ်မတော်စစ်ကြောင်းထံ သတင်းပေးပို့ခြင်း၊ တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းများကို ပြုလုပ်လာခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် အဆိုပါဒေသများအား ယာယီသိမ်းပိုက်ထိန်းချုပ်ထားစဉ် မြို့/ရွာများအတွင်းရှိ ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံများနှင့်လူနေအိမ်များတွင် ဘန်ကာများဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာအကွယ်ယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သည့်အပြင် ဒေသခံပြည်သူများ၏နေအိမ်နှင့် ဈေးဆိုင်ခန်းများအား ဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများ၊ အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများကို အဓမ္မယူဆောင်ခြင်း၊ အများပြည်သူသွားလာလျက်ရှိသော လမ်း/တံတားများအား ဖျက်ဆီးခြင်း စသည့်အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဒေသများအတွင်း ယာယီနေရပ်စွန့်ခွာကြရသည့် ဒေသခံပြည်သူများ အန္တရာယ်ကင်းစွာ ပြန်လည်ဝင်ရောက်နေထိုင် နိုင်ရေး၊ အစိုးရအုပ်ချုပ်မှုယန္တရားများ အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေး၊ မြေမြှုပ်မိုင်းအန္တရာယ်ကင်းရှင်းရေးကို အမြန်ဆုံးပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ ယင်းသို့ အဆိုပါဒေသများ၏ လုံခြုံရေး၊ ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝခိုင်မာရေးကို ရွပ်ရွပ်ချွံချွံဆောင်ရွက်ပေးခဲ့သည့် တိုက်ပွဲဝင်တပ်မတော်သားများအား လေးစားဂုဏ်ပြုပါကြောင်းနှင့် အလားတူ ရှေ့တန်းတွင် တိုက်ပွဲဝင်လျက်ရှိသော တပ်မတော်သားစစ်သည်အပေါင်း၏ အောင်နိုင်စိတ်၊ တိုက်ပွဲဝင်လိုသောစိတ် စသည့်စိတ်ဓာတ်ခွန်အားအပါအဝင် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို မဆုတ်မနစ်သောယုံကြည်ချက်ဖြင့် ဖြည့်ဆည်းပေးခဲ့သော တပ်မတော်သားမိသားစုများ၊ ပါရမီဖြည့်ဖက်များနှင့် တပ်မတော်ကို အားပေး ထောက်ခံသူများအားလုံးကိုလည်း လေးစားအသိအမှတ်ပြုကျေးဇူးတင်ရှိလျက်ရှိသည်။
သို့ဖြစ်ရာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးအတွက် အသက်ကိုပဓာနမထားဘဲ ရဲဝံ့စွန့်စားသည့်စိတ်ဓာတ်များဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်းပေးလျက်ရှိကြသော မျိုးချစ်တပ်မတော်သားအပေါင်းတို့ ဆက်လက်အောင်ပွဲဆင်နိုင်ရေး၊ ပြည်ထောင်စုကြီးမပြိုကွဲအောင် ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် တိုင်းရင်းသားပြည်သူလူထုအပေါင်းတို့က နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူလက်တွဲ၍ ဆက်လက်ပူးပေါင်း ကူညီလက်တွဲ ဆောင်ရွက်ကြရန်တိုက်တွန်းအပ်ပါကြောင်း။ ။
ဝဇီရာရုပ်ရှင်ရုံနှင့်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ လှူဒါန်းပေးပို့ပေးပါရန် မေတ္တာရပ်ခံခြင်း
Posted on Jul 20, 2025ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း အမှတ် ၃၂၇ တွင် တည်ရှိသည့် ဝဇီရာရုပ်ရှင်ရုံသည် ၁၉၂၃ ခုနှစ်ခန့်က တည်ဆောက်ခဲ့သည့် ရှေးဟောင်းရုပ်ရှင်ရုံဖြစ်ပြီး ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ဗိသုကာအသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံများ၊ ရုပ်လုံးကြွများဖြင့် တန်ဆာဆင်တည်ဆောက်ထားသဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းအတွက် ဂုဏ်ယူထိန်းသိမ်းထားရမည့် အဆောက်အအုံကြီးတစ်ခုဖြစ်ပါသည်။ ဝဇီရာရုပ်ရှင်ရုံကြီးသည် ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များက ရုပ်ရှင်ဇာတ်ကားများ၊ ပြဇာတ်များအား ပြည်သူများ အပန်းဖြေပျော်ရွှင်စေရန် တင်ဆက်ပြသခဲ့သည့် ရုပ်ရှင်ရုံကြီးဖြစ်သည့်အတွက် အနုပညာစိတ်ဝိညာဉ်များ ဆုံစည်းရာနေရာတစ်ခုလည်း ဖြစ်ပါသည်။
ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
Posted on Jul 19, 2025၁။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရတနာဒီပရပ်ကွက်၊ ကြာအင်းတောင်ပေါ်လမ်း၊ အိမ်အမှတ် [၉/၃၄(A)] တွင် ပါတီရုံးချုပ်တည်ရှိသော ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၁၅-၇-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်
Posted on Jul 18, 2025ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်