နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် (၃၅) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ တက်ရောက်စဉ် ကာလအတွင်း Thai Red Cross AIDS Research Centre သို့ သွားရောက်လေ့လာခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ်၊ ရုရှားဝန်ကြီးချုပ်၊ အမေရိကန်ပြည်ထောင်စုသမ္မတ၏ အထူးကိုယ်စားလှယ်နှင့် အမျိုးသားလုံခြုံရေး အကြံပေး ပုဂ္ဂိုလ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ အကြီးအကဲနှင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌတို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 06, 2019


သတင်းထုတ်ပြန်ချက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် (၃၅) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများ တက်ရောက်စဉ် ကာလအတွင်းThai Red Cross AIDS Research Centre သို့ သွားရောက်လေ့လာခဲ့ခြင်းနှင့် အိန္ဒိယဝန်ကြီးချုပ်၊ ရုရှားဝန်ကြီးချုပ်၊ အမေရိကန်ပြည်ထောင်စု သမ္မတ၏ အထူးကိုယ်စားလှယ်နှင့် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်၊ အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ အကြီးအကဲနှင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌတို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ခြင်း

၁။ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ကျင်းပခဲ့သည့် (၃၅)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေး များသို့ တက်ရောက်ခဲ့သည့်ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် King Chulalongkorn Memoral Hospital ရှိ Thai Red Cross AIDS Research Centre သို့ သွားရောက် လေ့လာခဲ့ပြီး နာယကများဖြစ်ကြသော HRH Princess Soamsawali Korm Muen Sudd-hanarinatha နှင့် HRH Princess Bajarakitiyabha Narendiradebyavati တို့နှင့် သီးသန့်တွေ့ဆုံခဲ့သည်။ ထို့ပြင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Narendra Modi ၊ ရုရှားဝန်ကြီးချုပ် H.E. Mr. Dmitry Medvedev နှင့် အမေရိကန် ပြည်ထောင်စု သမ္မတ၏ အထူးကိုယ်စားလှယ်၊ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Mr. Robert O’Brien တို့အား သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့အကြီးအကဲ Ms. Kristalina Georgieva နှင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ Mr. Gianni Infantino တို့အား သီးခြားစီ လက်ခံတွေ့ဆုံခဲ့သည်။

၂။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Thai Red Cross AIDS Research Centre သို့ ၂-၁၁-၂၀၁၉ ရက်နေ့တွင် သွားရောက်လေ့လာခဲ့ ရာတွင် HRH Princess Bajarakitiyabha Narendiradebyavati နှင့် ယင်းဌာန၏ တာဝန်ရှိသူများက HIV/AIDS ရောဂါအသိပညာ ပေးရေး၊ HIV ဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နေမှုအခြေအနေ၊ HIV ရှိ မိခင်များမှ တစ်ဆင့် ကလေးသူငယ်များ ထံသို့ ကူးစက်မှုလျှော့ချရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ကြသည်။ ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် HRH Princess Soamsawali Korm Muen Suddhanarinatha နှင့် HRH Princess Bajarakitiyabha Narendiradebyavati တို့နှင့် HIV ရောဂါကာကွယ် တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ဆေးဝါး၊ နည်းပညာနှင့် အတွေ့အကြုံများ ဖလှယ်သွားနိုင်ရန်အတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် သွားရေးအပြင် အခြားစိတ်ပါဝင်စားသော နိုင်ငံများနှင့် သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက် သွားနိုင်မည့် အလားအလာများအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။ ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဆိုပါ Centre မှ ဖွင့်လှစ်ထားသည့် HIV/ AIDS တားဆီးကာကွယ် တိုက်ဖျက်ရေးဆိုင်ရာ ပြခန်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။

၃။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Narendra Modi တို့ ၃-၁၁-၂၀၁၉ ရက်နေ့တွင် တွေ့ဆုံရာ၌ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာလာစေရေး၊ ကုန်သွယ်ရေး၊ ပို့ဆောင်ရေး၊ ကုလားတန်ဘက်စုံသုံးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စစ်တွေ ဆိပ်ကမ်းအား ဆောလျင်စွာ အသုံးပြုလည်ပတ်သွားနိုင်ရေး၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကျန်ရှိနေသည့် နယ်နိမိတ်သတ်မှတ်နိုင်ရေး၊ နှစ်နိုင်ငံအကြား မော်တော်ယာဉ်များ သွားလာမှုဆိုင်ရာ သဘောတူ စာချုပ် ဆောလျင်စွာ လက်မှတ် ရေးထိုးနိုင်ရေး၊ ရမည်းသင်းအမျိုးသမီး ရဲသင်တန်းကျောင်း အဆင့်မြှင့်တင်ရေး၊ ပြည်သူ့ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ အပါအဝင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့ ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ အကြား အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန်စီစဉ်သွားနိုင်ရေး၊ ရခိုင်ပြည်နယ် အရေးကိစ္စတွင် အိန္ဒိယနိုင်ငံအနေဖြင့် အပြုသဘော ဆက်လက်ကူညီပံ့ပိုး သွားရေးနှင့် အာဆီယံ-အိန္ဒိယ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်စွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

၄။ ရုရှားဝန်ကြီးချုပ် H.E. Mr. Dmitry Medvedev နှင့် ၄-၁၁-၂၀၁၉ ရက်နေ့တွင် တွေ့ဆုံစဉ် မြန်မာ-ရုရှား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မာစေရေး၊ စွမ်းအင်၊ စက်မှု၊ မြို့ပြလေကြောင်း၊ ပညာရေးကဏ္ဍများ အပါအဝင်ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးချဲ့ ဆောင်ရွက်သွားရေး၊ မြန်မာ-ရုရှား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မရှင် အစည်းအဝေးကို နေပြည်တော်၌ ကျင်းပသွားရေး၊ အဆင့်မြင့် ကိုယ်စားလှယ်များ အပြန်အလှန် လည်ပတ်ရေးနှင့် နိုင်ငံတကာမျက်နှာစာ တွင် ဆက်လက်၍ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာကျောင်းသား များ ပညာသင်ဆုပိုမိုတိုးမြှင့် ရရှိရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု ဆက်လက်မြှင့်တင် သွားရေးနှင့် နှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ် များကို ထည့်သွင်းဆွေးနွေးခဲ့သည်။

၅။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမေရိကန်ပြည်ထောင်စု သမ္မတ၏ အထူးကိုယ်စားလှယ်၊ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် H.E. Mr. Robert O’Brien တို့ ၄-၁၁-၂၀၁၉ ရက်နေ့တွင် တွေ့ဆုံရာ၌ မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာလာရေး၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်မှု တားဆီးကာကွယ်တိုက်ဖျက်ရေး၊ ကောင်စစ်ရေးရာ ကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားရေး၊ မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား နှစ်နိုင်ငံသဘောတူစာချုပ်နှင့် အညီ ပြန်လည်စိစစ်လက်ခံရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂ အဖွဲ့အစည်းများဖြစ်သည့် UNHCR၊ UNDP တို့နှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများအပြင် ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာ အကျိုးတူ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

၆။ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)၏ အကြီးအကဲဖြစ်သူ Ms. Kristalina Gerogieva အား ၃-၁၁-၂၀၁၉ ရက်နေ့တွင် လက်ခံတွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံရာတွင် IMF မှ မြန်မာနိုင်ငံ အတွက် ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ နည်းပညာအကူအညီများ ဆက်လက်ပေးအပ်သွားရေး၊ ဈေးကွက်စီးပွားရေးနှင့် ဘဏ်လုပ်ငန်းများ ထွန်းကားဖွံ့ဖြိုး တိုးတက်ရေး၊ ဘဏ်လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်လာရေး၊ ဈေးကွက်စီးပွား ရေးစနစ် ပြောင်းလဲကျင့်သုံးစ နိုင်ငံများ၏ ငွေကြေးနှင့် ဘဏ္ဍာရေးကဏ္ဍ အတွေ့အကြုံများ၊ အကောင်းဆုံး လုပ်ထုံးလုပ်နည်းများ ဖလှယ်သွားရေးနှင့် မြန်မာနိုင်ငံ အသွင်ကူးပြောင်းဆဲ ကာလအတွင်း ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

၇။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Mr. Gianni Infantino အား ၃-၁၁-၂၀၁၉ ရက်နေ့တွင် လက်ခံ တွေ့ဆုံခဲ့ရာတွင် မြန်မာနိုင်ငံ၏ ဘောလုံးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာအမျိုးသား၊ အမျိုးသမီးဘောလုံးအားကစား သမားများ၏ အားကစား စွမ်းရည်မြင့်မားလာရေး၊ လူငယ်များအကြား ဘောလုံးအားကစားနည်းနှင့် ပိုမိုအကျွမ်းတဝင်ရှိလာရေး၊ ဘောလုံးနည်းစနစ်များ၊ ဘောလုံး အကယ်ဒမီများ၏ အရည်အသွေးမြှင့်တင်ရေး၊ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်နှင့် အားကစားနှင့်ကျန်းမာရေး ဝန်ကြီးဌာနတို့အကြား ပူးပေါင်း ဆောင်ရွက်သွားရေးနှင့် ကမ္ဘာ့ဘောလုံးသမားအကျော် အမော်များ မြန်မာ နိုင်ငံသို့ လာရောက်၍ မြန်မာလူငယ်များနှင့် တွေ့ဆုံမှုများပြုလုပ် သွားရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌအား မြန်မာလူငယ်များအကြား အားကစားအပေါ် ပိုမိုစိတ်ဝင်စားလာစေရေး၊ ကျန်းမာရေးနှင့်ကိုက်ညီသည့် လူနေမှုပုံစံဖြစ်ပေါ်လာရေး၊ အသင်းအဖွဲ့စိတ်ဓာတ် ပိုမိုရှင်သန် ထွန်းကားလာရေးနှင့် မြန်မာ့ဘောလုံးအဆင့်အတန်းအား ယခင်ကဲ့သို့ အာရှထိပ်တန်းအဆင့်သို့ ပြန်လည် ရောက်ရှိရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ ကူညီပံ့ပိုးပေးရန် အလေးထားဆွေးနွေးခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်