မြန်မာနိုင်ငံမှ တင်ပို့ခဲ့သည့် ဆန်တန်ချိန် ၁၈၀၀၀ ကို အိုင်ဗရီကို့စ် အာဏာပိုင်များက စားသုံးရန် မသင့်ဟု ကြေညာ၍ ဖျက်ဆီးခဲ့သည့်ကိစ္စနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ ပါဝင်သော စုံစမ်းရေး အဖွဲ့ ဖွဲ့စည်း၍ အသေးစိတ် စုံစမ်း စစ်ဆေးသွားမည်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 25, 2019


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်

၁၃၈၁ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်

( ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၄ ရက် )

မြန်မာနိုင်ငံမှ တင်ပို့ခဲ့သည့် ဆန်တန်ချိန် (၁၈၀၀၀) ကို အိုင်ဗရီကို့စ် အာဏာပိုင်များက စားသုံးရန်မသင့်ဟု ကြေညာ၍ ဖျက်ဆီးခဲ့သည့်ကိစ္စ

၁။ မြန်မာနိုင်ငံမှ တင်ပို့ခဲ့သော ဆန်တန်ချိန် (၁၈၀၀၀) ကို အိုင်ဗရီကို့စ် အာဏာပိုင်များက စားသုံးရန်မသင့်ဟု ကြေညာ၍ ဖျက်ဆီးခဲ့သည်ဟု ပြည်ပသတင်းဌာနများတွင် မကြာသေးမီက ဖော်ပြခဲ့ပါသည်။

၂။ ယင်းကိစ္စနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စုံစမ်း စစ်ဆေးခဲ့ရာ ယင်းဆန်များမှာ Olam International Co.,Ltd က အာဖရိကတိုက်ရှိ ဂီနီ (Guinea) သို့ ဆန်တင်ပို့ရန် မြန်မာကုမ္ပဏီ (၃) ခု ဖြစ်သော ရွှေဝါရောင်ကုမ္ပဏီမှ တန် (၁၃၅၀၀)၊ Myanmar Economic Corporation Co.,Ltd မှ တန် (၈၀၀၀) နှင့် ဧရာဟင်္သာ ကုမ္ပဏီမှ တန် (၅၀၀) စသည်ဖြင့် သင်္ဘောပေါ် အရောက်ဈေးနှုန်း (FOB) ဖြင့် ဝယ်ယူခဲ့သည့် ဆန်များဖြစ်ကြောင်း စိစစ် တွေ့ရှိရပါသည်။

၃။ ၎င်းဆန်များအား တင်ဆောင်မည့် MV Ocean Princess သင်္ဘောသည် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ဆန်တန်ချိန် (၂၂၀၀၀) ခန့်ကို အရည်အသွေး စစ်ဆေးသည့် Bureau Veritas ကုမ္ပဏီ၏ စစ်ဆေး အတည်ပြုချက်ဖြင့် တင်ဆောင်၍ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထွက်ခွာသွားခဲ့ပါသည်။ ထို့အပြင် အိန္ဒိယနိုင်ငံ ဆိပ်ကမ်း၌ ဆန်တန်ချိန် (၁၄၀၀၀) အား ထပ်မံတင်ဆောင်ခဲ့ပြီး ဂီနီနိုင်ငံရှိ Conakry ဆိပ်ကမ်းသို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်၌ ဆိုက်ရောက်ခဲ့ပါသည်။

၄။ ဂီနီနိုင်ငံရှိ Conakry ဆိပ်ကမ်းတွင် ၎င်းသင်္ဘောမှ ဆန်တန်ချိန် (၄၀၀၀) ခန့်ချအပြီး ဆန်အိတ်အချို့တွင် အလေးချိန် မပြည့်သည့် အကြောင်းပြချက်ဖြင့် ဆက်လက် လက်မခံခဲ့ သဖြင့် တိုဂိုနိုင်ငံ (Togo) တွင် ရောင်းချရန် သွားရောက်ခဲ့ရာ ယင်းနိုင်ငံမှလည်း ထပ်မံ၍ ငြင်းပယ်ခံခဲ့ရပါသည်။ ၎င်းမှ ဆက်လက် ထွက်ခွာခဲ့ရာ အိုင်ဗရီကို့စ်နိုင်ငံ၊ အဘီဂျန် (Abidjan) ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။

၅။ အဆိုပါ ဆန်များအား မြန်မာနိုင်ငံသို့ ပြန်လည်တင်ဆောင်နိုင်ရန် Olam International Co.,Ltd ကိုယ်စားလှယ် များက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် လာရောက်တွေ့ဆုံ တင်ပြခဲ့မှုအရ စုစုပေါင်း ဆန်တန်ချိန် (၁၈၁၀၄.၅၅) တန်အား ပြန်လည် သယ်ယူနိုင်ရန် Repair & Return စနစ်ဖြင့် သွင်းကုန်ပါမစ် (၃) စောင် ထုတ်ပေးခဲ့ပါသည်။

၆။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ၎င်းဆန်များ ပြန်လည်ရောက်ရှိ လာပါက မည်သည့်အတွက်ကြောင့် ပြန်လည်တင်ပို့ခံခဲ့ရခြင်း ဖြစ်သည်ကို စစ်ဆေးရေး အဖွဲ့ဖွဲ့ ၍ စိစစ်ရန် စီစဉ်ခဲ့ပါသည်။

၇။ သို့သော် ၎င်းသင်္ဘောမှာ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ခြင်းမရှိဘဲ မြန်မာ့ဆန်များ စားသုံးရန် မသင့်၍ အိုင်ဗရီကိုစ့်၌ ဖျက်ဆီးခဲ့ကြောင်း ပြည်ပ သတင်းဌာနများက ဖော်ပြခဲ့ရာ မြန်မာ့ဆန် များ၏ နာမည်ကောင်းကို ထိခိုက်စေခဲ့ပါသည်။

၈။ ယင်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ ဆန်များ ရောင်းချခဲ့သည့် ပြည်တွင်း ကုမ္ပဏီများနှင့် သင်္ဘောတင်မှုတွင် အရည်အသွေးစစ်ဆေးသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ် များ တွေ့ဆုံ ဆွေးနွေးခဲ့ရာ ယင်းဆန် များကို စာချုပ်ပါ အရည်အသွေး အလေးချိန်များအတိုင်း ဆန်တင်ပို့မှုတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသည့် ကုမ္ပဏီများမှ ရောင်းချခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ အရည်အသွေး စစ်ဆေးသည့် ကုမ္ပဏီများကလည်း ယင်းဖြစ်ရပ်မျိုး ယခင်က ဖြစ်ပွားခဲ့ ခြင်းမျိုး မရှိခဲ့ကြောင်းနှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျစွာ လိုက်နာ၍ သင်္ဘောတင်ပေးခဲ့ခြင်း ဖြစ်ကြောင်း တင်ပြခဲ့ကြပါသည်။

၉။ မြန်မာ့ဆန်များ၏ အရည်အသွေးကို တာဝန်ခံနိုင်ကြောင်းနှင့် FOB စနစ်ဖြင့် ဝယ်ယူခဲ့သည့် ကုမ္ပဏီအနေဖြင့် သင်္ဘောတင်စဉ်မှ ကုန်ပစ္စည်းချသည့် အချိန်အထိ (၇) လကျော် ကြာမြင့် ခဲ့ခြင်းနှင့် သင်္ဘောတင်ချိန်နှင့် သင်္ဘောပေါ်တွင် ရေငွေ့ဝင်ခြင်းများကြောင့်သာ ဆန် အရည်အသွေး ထိခိုက်မှု ဖြစ်နိုင်ကြောင်း ဆန်များရောင်းချခဲ့သည့် ကုမ္ပဏီများ၏ တင်ပြချက် အရ သိရှိရပါသည်။

၁၀။ အထက်ပါ ဆန်ရောင်းချခဲ့သည့် မြန်မာကုမ္ပဏီ (၃) ခုသည် FOB (ရန်ကုန်) စနစ်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ရာ FOB စနစ်အရ “ကုန်ရောင်းသူသည် ရောင်းချမည့်ကုန်ပစ္စည်းကို တင်ပို့ရ မည့် သင်္ဘောပေါ်သို့ ရောက်ရှိသည်အထိ တင်ပို့ပေးရန် တာဝန်ရှိပြီး ဝယ်သူသည် ကုန်ပစ္စည်း သင်္ဘောပေါ်သို့ ရောက်ရှိပြီးသည်နှင့် တစ်ပြိုင်နက် ကုန်ပစ္စည်းနှင့် ပတ်သက်၍ ပေါ်ပေါက်လာ သည့် ဆုံးရှုံးမှုနှင့် ကုန်ကျစရိတ်အားလုံးကို တာဝန်ယူရမည်” ဖြစ်သဖြင့် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ ဆန်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် ငွေကြေးအရ နစ်နာမှု မရှိကြောင်းနှင့် ဆန်များ ဖျက်ဆီးခံရခြင်းအပေါ် တာဝန်မရှိကြောင်း တွေ့ရှိရပါသည်။

၁၁။ ယင်းဖြစ်စဉ် ဖြစ်ပေါ်ခဲ့သော်လည်း မြန်မာ့ဆန်များ တင်ပို့သည့်ဈေးကွက်ကို ထိခိုက်မှုမရှိဘဲ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ ပို့ကုန်လိုင်စင်ခွင့်ပြုထားသည့် အာဖရိက နိုင်ငံများသို့ ဆန်တန်ချိန် (၂၇၉၉၅) တန်၊ အာရှ နိုင်ငံများသို့ ဆန်တန်ချိန် (၁၁၉၀) တန်၊ ဆန်ကွဲ (၁၁၅၀) တန်၊ ဥရောပနိုင်ငံများသို့ ဆန်တန်ချိန် (၁၅၂၇၁) တန်၊ ဆန်ကွဲ (၁၉၀၁၀) တန်တို့ကို ပုံမှန်အတိုင်း ဆက်လက် တင်ပို့လျက်ရှိပါသည်။

၁၂။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူများ ပါဝင်သော စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း၍ ဆန်တင်ပို့သည့် ကုမ္ပဏီများ၊ အရည်အသွေး စစ်ဆေးသည့် Bureau Veritas ကုမ္ပဏီနှင့် ဆန်ဝယ်ယူသည့် Olam International Co., Ltd တို့ကို အသေးစိတ် စုံစမ်းစစ်ဆေး သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။